Saturday, July 11, 2009

ကျွန်တော်ကြိုက်သောပုံပြင်များ (၂)


တစ်ခါတုန်းက မြို့ကြီးတစ်မြို့မှာ အများက လေးစားတဲ့ ပညာရှိကြီးတစ်ယောက်ရှိတယ်။ အဲဒီပညာရှိကြီးကို တစ်နေ့မှာ လူတစ်ယောက်က မေးခွန်းတစ်ခုမေးတယ်။ မေးတဲ့မေးခွန်းက "ပညာရှိကြီး ခင်ဗျာ၊ ဘ၀မှာ ဘယ်လိုနေရမယ်၊ထိုင်ရမယ်ဆိုတာ ပညာရှိကြီးကို သင်ကြားပေးတဲ့ ဆရာများတစ်ယောက်တစ်လေ ရှိဖူးပါသလား" လို့မေးတယ်။ အဲဒီအခါမှာ ပညာရှိကြီးက "ငါ့ရဲ့ဘ၀မှာ နေနည်းထိုင်နည်းနဲ့ပက်သက်လို့ သင်ပြတဲ့ ဆရာသုံးဦး ရှိဖူးတယ်"လို့ ပြန်ပြီးဖြေတယ်။
အဲဒီတော့ မေးတဲ့လူက "အဲဒီ သုံးဦးအကြောင်းပြောပြပါ"လို့ ပညာရှိကြီးကို တောင်းပန်တယ်။ အဲဒီအခါမှာ ပညာရှိကြီးက "ညတစ်ညမှာ ငါဟာ လမ်းလျှောက်သွားရင်း သူခိုးတစ်ယောက်ဟာ အိမ်တစ်အိမ်ကို ဖောက်နေတာ တွေ့တဲ့အတွက် ငါဟာ ရပ်ပြီး ကြည့်နေမိတယ်။ မကြာခင်မှာပဲ အိမ်ရှင်တွေနိုးလာလို့ သူခိုးဟာ ထွက်ပြေးရတယ်။ အိမ်ရှင်တွေက သူခိုးနောက်ကို လိုက်ကြတယ်။ သူခိုးက ရှေ့ကပြေးတယ်။ သူခိုးနောက်က ငါကလိုက်ပြီး ပြေးတယ်။
အိမ်ရှင်တွေ လှည့်ပြီးပြန်သွားတော့ သူခိုးက ငါ့ကိုလှည့်ပြီးကြည့်တယ်။ ပြီးတော့ သူခိုးက ငါ့ကို ခင်ဗျား ဘာလိုက်လုပ်တာလဲ လို့မေးတယ်။ ဘာမှမဟုတ်ပါဘူး။ ကိုယ့်လူ ဖောက်ထွင်းတာကိုသိချင်လို့ ကြည့်တာပါ။ ဒီနေ့ညတော့ ဘာမှ မရလိုက်တော့ဘူးနော်..လို့ ငါက ပြောလိုက်တော့ သူခိုးက မနက်ဖြန်တော့ သေချာပေါက်ပဲ...လို့ ပြောတယ်။ အဲဒီမှာတင် သူခိုးနဲ့ငါနဲ့ ခင်သွားပြီး ငါက သူခိုးအိမ်မှာ လိုက်နေတယ်။ ညတိုင်းထွက်ပြီး ခိုးရှာတယ်။
ဒါပေမယ့် ဘာမှမရဘဲ မိုးလင်းခါနီးမှာပြန်လာတယ်။ ငါနဲ့တွေ့တဲ့အခါမှာ ဒီနေ့တော့ မရခဲ့ဘူး။ မနက်ဖြန်တော့ သေချာတယ် လို့ချည်း ပြောတော့တာပဲ။ တစ်ခါမှ စိတ်ပျက်အားငယ်တယ်လို့ မတွေ့ရဘူး။ မနက်ဖြန်တော့ သေချာတယ်နဲ့ သူ့ကိုယ်သူ အားပေး ရပ်တည်ခဲ့တာပဲ..။
ဘ၀မှာ ကိုယ်လုပ်တိုင်းမဖြစ်တဲ့အခါမှာ အားငယ်မှုမဖြစ်အောင်၊ စိတ်မပျက်အောင် နေတတ်ဖို့ကိုတော့ အဲဒီသူခိုးဆီက ငါဟာ သင်ယူထားလိုက်တယ်။ တကယ်ပြောရရင်တော့ သူဟာ ငါ့ရဲ့ဆရာတစ်ယောက်ပဲလို့ အဲဒီပညာရှိကပြောတယ်။ ပြီးတော့ သူကပဲ ဆက်ပြီး ဒုတိယဆရာ အကြောင်းထပ်ပြီး ပြောတယ်။ ဘယ်လိုပြောလဲဆိုတော့.......
အလွန်ပူလောင်တဲ့ နွေရာသီတစ်ရက်မှာ ရေငတ်နေတဲ့ခွေးတစ်ကောင်ဟာ ရေအိုင်လေးတစ်အိုင်ဆီကို ပြေးလာပြီး ရေသောက်ဖို့ ရေအိုင်ထဲကို ကြည့်လိုက်တယ်။ အဲဒီမှာ ရေထဲမှာရှိတဲ့ သူ့အရိပ်ကို တခြားခွေးတစ်ကောင်ထင်ပြီး နောက်ကိုပြန်ပြေးသွား တယ်။ ပြီးတော့တစ်ခါ ရေအိုင်ဆီကို ပြန်ပြေးလာပြန်ရော..။ ငုံ့ကြည့်မိပြန်ရော...၊ အဲဒီလို သုံးလေးခါလုပ်ပြီး နောက်ဆုံးမှာ ခွေးဟာ ရေငတ်ခြင်းမက ငတ်လာတဲ့အတွက် ဘာကိုမှ မကြည့်တော့ဘဲ ရေအိုင်ထဲကို ခုန်ဆင်းလိုက်တယ်။ အဲဒီလို ခုန်ဆင်းလိုက်ပြီး ရေသောက်တယ်။ ရေကူးတယ်။ ရေထဲမှာ အေးနေအောင်လုပ်ပြီး အပေါ်ကိုပြန်တက်လာတာတွေ့ရတယ်။
လူဟာတစ်ခါတလေမှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ စွပ်ရွတ်ပြီးလုပ်မှ အဆင်ပြေသွားမယ်ဆိုတဲ့နည်းကိုလည်း အဲဒီခွေးဆီက သင်ယူလိုက်ရတယ် ..လို့ပြောပြီး သူကရယ်ပြန်တယ်။ ပြီးတော့ သူ့ရဲ့ တတိယဆရာတစ်ယောက်အကြောင်းကို ပြောပြပြန်တယ်။
တစ်ညမှာ ငါဟာ လမ်းလျှောက်လာတယ်။ ကလေးငယ်တစ်ယောက်ဟာ ဖယောင်းတိုင်ကို မီးထွန်းပြီး ငါနဲ့မျက်နှာချင်းဆိုင်က လာတယ်။ ကလေးက ကောင်းကောင်းမလာဘူး။ ထွန်းထားတဲ့ ဖယောင်းတိုင်ကို ပါးစပ်က "ဖူး"ကနဲ မှုတ်လိုက်၊ ငြိမ်းသွားရင် ပြန်ထွန်းလိုက်နဲ့ လုပ်နေတယ်။ ငါ့အနားရောက်တော့ ငါက ကလေးကို ဘာဖြစ်လို့ မီးကို မှုတ်လိုက်၊ ထွန်းလိုက် လုပ်နေရတာလဲလို့ မေးတယ်။
အဲဒီတော့ ကလေးက မီးကိုထွန်းပြီး ငါ့ကို "အဘ ဒီမှာ ကြည့်စမ်းပါဦး၊ ဟောဒီမှာ မီးတောက်ကလေးနော်"လို့ပြောပြီး ပါးစပ်နဲ့ "ဖူး"ကနဲ မှုတ်လိုက်တယ်။ အဲဒီလို မှုတ်လိုက်ပြီးတော့ "မီးတောက်ကလေး မရှိတော့တာတော့ အမှန်ပဲနော်၊ အဲဒီမီးတောက်ကလေး ဘယ်ရောက်သွားသလဲဆိုတာတော့ ကျွန်တော်မသိတာလည်း အမှန်ပဲ၊ အဲဒါကြောင့် အဲဒီ မီးတောက်ကလေး ဘာရောက်သွားလဲဆိုတာကို ကျွန်တော်က စဉ်းစားနေတာ.."လို့ ပြန်ပြီးပြောတယ်။ အဲဒီအချိန်ကစပြီး အသေးအဖွဲကအစ လေးလေးနက်နက် စဉ်းစားတတ်တဲ့ အကျင့်ကို အဲဒီကတည်းက ရခဲ့တာပဲ၊ ဒါကြောင့် အဲဒီကလေးဟာ ငါ့ရဲ့ ဆရာတစ်ယောက် ဖြစ်တယ်လို့ ပြောရှာတယ်.."

No comments:

Post a Comment

 
Web Statistics