Sunday, July 05, 2009

Yadanarbon FC 6 : 3 Yangon United FC


ကျုံးရေသောက်ပြီး မန်းတောင်ရိပ်မှာ နားခိုသွားတဲ့ ပထမဆုံးသော မြန်မာနေရှင်နယ်လိဂ်ဖလား ဂရန်းရွိုင်ရယ်လ် ၂၀၀၉

မြန်မာနေရှင်နယ်လိဂ်ဖလား ဂရင်းရွိုင်ရယ်လ် ၂၀၀၉ ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ အားကစားဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ၀င်းမြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများ၏ ပိုင်ရှင်နှင့် ဥက္ကဌများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် မြန်မာနေရှင်နယ်လိဂ်ကို အားပေးကြသော ဘောလုံးဝါသနာရှင် ပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးကြည့်ရှုခဲ့ကြသည်။

ဗိုလ်လုပွဲ
ရတနာပုံ ၂း ၂ ရန်ကုန်ယူနိုက်တက်
(အချိန်ပိုတွင် သရေကျနေ၍ ပင်နယ်တီကန်သွင်းရာ ရတနာပုံက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် စုစုပေါင်း ၆ ဂိုး ၃ ဂိုးဖြင့် ရတနာပုံအသင်း ဗိုလ်စွဲ)
အများမျှော်လင့်ထားခဲ့သည့်အတိုင်းပင် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ဗိုလ်လုပွဲသည် အကြိတ်အနယ်ရှိခဲ့ပြီး ပရိသတ်များအား ဖျော်ဖြေမှုအပြည့် ပေးနိုင်ခဲ့သည်။ လာရောက်အားပေးကြည့်ရှုခဲ့ကြသည့် ပွဲကြည့်ပရိသတ်များမှာ သုဝဏ္ဏကွင်း လေးဖက်လေးတန်ပြည့်သွားခဲ့သည်။ နှစ်သင်းစလုံးတွင် နိုင်ငံခြားကစားသမားများကို ထည့်သွင်းအသုံးပြုသွားခဲ့သည်ကို တွေ့ရသည်။
ပထမပိုင်းတွင် ရတနာပုံအသင်းက ဘောလုံးအသာစီးရယူကာ ကစားသွားနိုင်သည်ကို တွေ့ရသည်။ ရန်ကုန်အသင်းမှာ ရတနာပုံအသင်း၏ တိုက်စစ်ဆင်မှုကို လိုက်လံဖျက်ထုတ်ရင်း အချိန်ကုန်နေရသည်။ ပြိုင်ပွဲတစ်လျှောက်လုံးတွင် ရတနာပုံအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ရပ်နားထားချိန်တွင် ထိုင်းကလပ်တစ်ခုသို့ အငှားသွားရောက်ကစားမည့် တိုက်စစ်မှူး ရန်ပိုင်က တောင်ပံကစားသမား ဗယ်လာရီနှင့် အချိတ်အဆက်မိမိ အကွက်ဆင်ကာ ပထမပိုင်း ၁၅ မိနစ်ခန့်တွင် အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့သည်။ အဆိုပါဂိုးမှာ တောင်ပံကစားသမား ဗယ်လာရီ၏ အကွက်ဆင်ကျွမ်းကျင်မှုနှင့် ရန်ပိုင်၏ အဆုံးသတ်သေချာမှုတို့ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက် ရတနာပုံအသင်းမှာ ခံစစ်အသွင်ဖြစ်သွားခဲ့သဖြင့် ရန်ကုန်အသင်း၏ ဖိအားပေးမှုကို ခံခဲ့ရသည်။ ပထမပိုင်း ၄၁ မိနစ်ခန့်တွင် ရန်ကုန် ယူနိုက်တက်အသင်းအတွက် ချေပဂိုးကို မျိုးမင်းထွန်းက သွင်းယူသွားခဲ့သဖြင့် တစ်ဖက်တစ်ဂိုးစီဖြင့် သရေဖြစ်သွားခဲ့သည်။ အဆိုပါဂိုးမှာ ရတနာပုံဂိုးသမားနှင့် နောက်ခံလူ နှစ်ဦးကြားမှ အံ့သြဖွယ်ရာလွတ်ထွက်သွားပြီး ဂိုးသမား၏ ဘယ်ဖက်ဂိုးတိုင်ကိုထိကာ ၀င်သွားခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် ရတနာပုံအသင်း အလွတ်တည်ကန်ဘောမှ တစ်ဆင့် တစ်ဂိုးရရှိခဲ့သေးသော်လည်း စည်းကြပ်ဒိုင်၏ အငြင်းပွားဖွယ်ရာ လူကျွံဘောအလံထောင်မှုကြောင့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်မပေးခဲ့ပေ။ ကျွန်တော်တို့အမြင်မှာ ဖရီးကစ်ကန်လိုက်သော ဘောလုံးသည် မည်သည့်ကစားသမားနှင့်မျှမထိဘဲ ဂိုးထဲသို့ တည့်မတ်စွာဝင်သွားသည့်အတွက် လူကျွံဘောပေး၍ မရဟု ထင်မိသည်။ စည်းကြပ်ဒိုင်က ရတနာပုံကစားသမားတစ်ဦးနှင့် ထိကာလမ်းကြောင်းပြောင်း ၀င်သွားသည်ဟု ယူဆခဲ့ဟန်တူပါသည်။ သို့သော် ထိုဂိုးရှေ့တွင် ရှိနေသည့် ကွင်းလယ်ဒိုင်လူကြီး ဦးဝင်းချို အနေဖြင့်မူ အခြားကစားသမားများနှင့် ထိမိခြင်းရှိမရှိ သေချာပေါက်မြင်မည်ဟုထင်ပါသည်။ ထိုသို့ဆိုပါလျက် အဘယ်ကြောင့် စည်းကြပ်ဒိုင်၏ အလံထောင်မှုကို အသိအမှတ်ပြုရသည်ကို စဉ်းစား၍ မရပါ။
ဒုတိယပိုင်းအစတွင်မူ ရတနာပုံအသင်း ကစားကွက်ပျက်သွားသကဲ့သို့ ဖြစ်သွားသည်ကို တွေ့ရပါသည်။ ရန်ကုန်အသင်း၏ တောက်လျှောက်ဖိအားပေးမှုကို ခံခဲ့ရပြီး နောက်တန်းနှင့် ဂိုးသမားတို့ အသေအလဲ ဖျက်ထုတ်ကာကွယ်နေခဲ့ရသည်။ ရတနာပုံအသင်းမှ တောင်ပံကစားသမား ဗယ်လာရီမှာ အလိမ်အခေါက်၊ ဘောလုံးအထိန်းအသိမ်း ကောင်းမွန်သော်လည်း ရန်ကုန်အသင်းမှ ကစားသမားများ၏ ကြမ်းတမ်းသော ဖျက်ထုတ်မှုများကြောင့် ဘောလုံးကို ရဲဝံ့စွာမကိုင်ရဲဘဲ မကြာခဏ လဲကျနေသည်ကို တွေ့ရသည်။ တစ်ဖက်ရန်ကုန်အသင်းမှ ကစားသမားများအနေဖြင့်လည်း မလိုအပ်ဘဲ ပွဲဆူစေသည့် ရန်လိုသည့်အပြုအမူများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ အားပေးသည့်ပရိသတ်များပြားသော ထိုကဲ့သို့ပွဲမျိုးတွင် မလိုအပ်ဘဲ ပွဲဆူအောင်ပြုလုပ်ခြင်းသည် မကောင်းဟု မြင်မိပါသည်။ ရန်ကုန်အသင်းမှ တောက်လျှောက် ဖိကစားနေရင်း ဒုတိယပိုင်း ၅၉ မိနစ်တွင် ရန်ကုန်အသင်းမှ ကြည်လင်းက ကိုက် ၂၀ ခန့် အကွာအဝေးမှ အပြင်းကန်သွင်းယူကာ ဒုတိယဂိုးကို သွင်းယူသွားခဲ့သည်။ အဆိုပါဂိုးမှာ အဆင့်အတန်းမြင့်လှပါသည်။ ထိချက်မှန်မှန် ကန်ချက်ပြင်းပြင်းဖြင့် ချိန်သားကိုက် သွင်းယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုး ရသွားပြီးသည့်နောက်တွင် ရန်ကုန်အသင်းမှာ ယခင်ပွဲစဉ်များကဲ့သို့ပင် ခံစစ်အသားပေးကာ ကစားသည့်ပုံစံသို့ အလိုလိုပြောင်းသွားခဲ့သည်။ ထိုအချိန်တွင် ရတနာပုံအသင်းက ချေပဂိုးပြန်လည်ရရှိရန်အတွက် ကစားကွက်ပြောင်းကာ ပြန်လည်တိုက်စစ်ဆင်လာခဲ့သည်ကို တွေ့ရပါသည်။ တိုက်စစ်မှူး ပိုင်စိုးကို ထုတ်ကာ တိုရေးနှင့် လူစားလဲခဲ့သည်။ တစ်ဖက်နောက်တန်း၏ အသေကပ်ကစားခြင်းကို ခံနေရပြီး ပရိသတ်၏ ပြင်းထန်သော ဖိအားပေးမှုကို ခံနေရသည့် တိုက်စစ်မှူး ရန်ပိုင်ကို ဘယ်တောင်ပံသို့ ပို့ကာ ဗယ်လာရီနှင့် တိုရေးတို့ တိုက်စစ်ဦးတွင် ကစားစေခဲ့သည့် ရတနာပုံအသင်းနည်းပြ၏ ဗျူဟာကို ချီးကျူးမိပါသည်။ အထူးသဖြင့် ရန်ကုန်အသင်းပရိသတ်များ၏ ရိုင်းပြစွာ အော်ဟစ်ဆဲဆိုဖိအာေးပးခြင်းကို ခံနေရသည့် တိုက်စစ်မှူး ရန်ပိုင်သည် ပထမပိုင်းထက်ပင် ခြေကုန်ထုတ်ကာ ကစားသွားခဲ့ပြီး ခြေပေါ်လွင်အောင် ကစားသွားနိုင်မှုမှာ ချီးကျူးဖွယ်ဖြစ်ပါသည်။ ရန်ပိုင်သည် နောက်တန်းအစွန်ထိဆင်းကာ ဘောလုံးယူခြင်း၊ တစ်ဖက်အသင်းတိုက်စစ်ဆင်လာပါက နောက်တန်းအထိဆင်းကာ ဘောလုံးဖျက်ထုတ်ခြင်း၊ တစ်နေရာတည်းတွင် ပုံသေကစားခြင်းမပြုဘဲ ဘယ်တောင်ပံနှင့် ညာတောင်ပံ နှစ်ဖက်စလုံးကို ပြောင်းလဲကစားကာ ရန်ကုန်အသင်းကို ခြိမ်းခြောက် ကစားသွားနိုင်ခဲ့ပါသည်။ သို့သော် ရန်ပိုင်၏ ခေါင်းတိုက်ဂိုးတစ်ဂိုးကိုမူ လူကျွံဘောအဖြစ်သတ်မှတ်သဖြင့် ဂိုးမရရှိခဲ့ပေ။ ရတနာပုံ၏ တစ်ဖက်သတ်တိုက်စစ်ဆင်မှုကို အလူးအလဲခံနေရသည့် ရန်ကုန်တို့ ၈၂ မိနစ်တွင်မူ ချေပဂိုးပေးခဲ့ရသည်။ အဆိုပါဂိုးကို တောင်ပံတိုက်စစ်တွင် ခြေစွမ်းပြနေသည့် ထွန်းထွန်းဝင်းက မြေလိမ့်ဘောဖြင့် အပြင်းကန်သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်လည်း ရတနာပုံအသင်းကသာ တောက်လျှောက်ဖိကစားသွားခဲ့ပြီး ရန်ပိုင်၏ ကန်သွင်းချက် ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့သောကြောင့်သာ ရန်ကုန်အသင်း မိနစ် ၉၀ အတွင်း အရှုံးမပေးခဲ့ရခြင်းဖြစ်သည်။
အချိန်ပိုနှစ်ပိုင်းကစားရာတွင်လည်း မိနစ်၃၀လုံးလုံး ရတနာပုံအသင်းကသာ အချိတ်အဆက်မိမိ၊ ကစားကွက်အသာစီးရယူကာ တိုက်စစ်ဆင် ကစားသွားခဲ့သည်ကို တွေ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ ကစားကွက်ကောင်းမွန်သည့် ရတနာပုံအသင်း၏ ကစားဟန်မှာ ပိုမိုကောင်းမွန်လာသည်ကို တွေ့ရသည်။ ယနေ့ပွဲတွင် ကစားသွားခဲ့သော ရတနာပုံအသင်း၏ ကစားဟန်မှာ ဒေသတွင်း ပရော်ဖက်ရှင်နယ်အသင်းများနှင့် ကောင်းစွာယှဉ်နိုင်သည်ဟု မြင်မိပါသည်။ အနာဂတ်ပြိုင်ပွဲများအတွက် ကြိုတင်ကျေနပ်ဂုဏ်ယူမိပါသည်။ ကစားအားကျသွားသော နှစ်ဖက်စလုံးမှ ကစားသမားများအနေဖြင့် အားသွန်ခွန်စိုက် ကစားခြင်းမပြုတော့ဘဲ ဘောလုံးကိုကိုင်ကာ အကွက်ဆင်ကစားခြင်းသာ ပြုလုပ်သွားရင်း သရေရလဒ်ကို ဆုပ်ကိုင်သွားခဲ့သည်ကို တွေ့ရသည်။ ပိုင်စိုးနှင့် လူစားလဲခဲ့သော တိုရေးမှာ အရပ်ကြီး ကလန်ကလားနှင့် အသင်းနှင့် အံဝင်ခြင်းမရှိဘဲ ပျော့တော့တော့ဖြစ်နေသဖြင့် ရဲဝေယံစိုးဖြင့် လူစားထပ်မံလဲရသည်ကို တွေ့ရသည်။
အချိန်ပိုတွင်လည်း ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိသဖြင့် ပင်နယ်တီကန်သွင်းကာ အဆုံးအဖြတ် ခံယူခဲ့ရသည်။ ထိုသို့ကန်သွင်းရာတွင် ရန်ကုန်အသင်းမှ အသင်းခေါင်းဆောင် ဂိုးသမား အောင်အောင်ဦးသည် မလိုလားအပ်ဘဲ ဒိုင်ကို စောဒကတက်ခြင်း၊ ကန်သွင်းမည့် ကစားသမားကို စိတ်အနှောက်အယှက်ဖြစ်စေရန် ဖိအားပေးခြင်း၊ ဂိုးစောင့်ရာတွင် တည်ငြိမ်မှုမရှိဘဲ နိုင်ငံခြားမှ နာမည်ကြီးဂိုးသမားများဟန်အတိုင်း အလွန်အကျွံ စတိုင်လ်ထုတ်ခြင်းများကို တွေ့ရသည်မှာ စိတ်ညစ်ဖွယ်ဖြစ်ပါသည်။ မိမိလက်မောင်းတွင် ပတ်ထားသည့် အသင်းခေါင်းဆောင်လတ်ပတ်ကိုမှ အားမနာဘဲ လုပ်ချင်ရာလုပ်နေသော သူ့အား မည်သည့်အတွက်ကြောင့် အသင်းခေါင်းဆောင်ပေးထားရသည်ကို နားမလည်နိုင်ပါ။ သူ့အတွက် ပို၍ ရှက်စရာကောင်းသည်မှာ ယနေ့ပွဲအတွက် အကောင်းဆုံးကစားသမားဆုကို တစ်ဖက်ရတနာပုံအသင်းမှ အသင်းခေါင်းဆောင် ခင်မောင်ထွန်းက ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။ ခင်မောင်ထွန်းသည် ပွဲစဉ်တစ်လျှောက် အသင်းကို အကောင်းဆုံးထိန်းသိမ်းဦးဆောင် သွားနိုင်ခဲ့ပြီး မိမိနေရာတွင်လည်း အမှားအယွင်းမရှိ ကစားနိုင်ခဲ့သည်ကို တွေ့ရပါသည်။
ပင်နယ်တီကန်သွင်းရာတွင် သူရဲကောင်းဖြစ်သွားခဲ့သူက ရတနာပုံအသင်းမှ ဂိုးသမား ယဉ်မင်းအောင် ဖြစ်ပါသည်။ ပင်နယ်တီနှစ်လုံးကို ကာကွယ်ပေးသွားနိုင်ခဲ့ပါသည်။
ရတနာပုံအသင်းမှ ရန်ပိုင်၊ ကမ်ဘူး၊ ထွန်းထွန်းဝင်း၊ ခင်မောင်ထွန်း တို့က ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းမှ ကျော်ဒွန်းတစ်ဦးသာ ဂိုးဝင်ခဲ့သောကြောင့် ရတနာပုံက အနိုင်ရရှိသွားခဲ့ခြင်းဖြစ်ပါသည်။

ဆုပေးပွဲ
ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ -
ယနေ့ဗိုလ်လုပွဲအတွက် Man of the Match ကို ရတနာပုံအသင်းမှ ခင်မောင်ထွန်း ကလည်းကောင်း၊
အသန့်ရှင်းဆုံးအသင်းဆုကို ကမ္ဘောဇအသင်းကလည်းကောင်း၊
တတိယဆုကို မကွေးအသင်းကလည်းကောင်း၊
ဒုတိယဆုကို ရန်ကုန်ယူနိုက်တက်အသင်းကလည်းကောင်း၊
မြန်မာနေရှင်နယ်လိဂ်ဖလား ဂရင်းရွိုင်ရယ်လ် ၂၀၀၉ ဆုဖလားကို ရတနာပုံအသင်းကလည်းကောင်း အသီးသီးရရှိသွားခဲ့ကြပါသည်။

သုံးသပ်ချက်
အချို့ကစားသမားများ မလိုအပ်ဘဲ ကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုကြောင့် မလိုလားအပ်သော ပြဿနာများဖြစ်ပွားနေရသည်ကို တွေ့ရပါသည်။
နိုင်ငံခြားကစားသမားများအား နေရာပေးထားသည်ကို မကျေနပ်လျှင် မိမိတို့က သူတို့ထက်သာအောင် ကြိုးစားပြီး နေရာရအောင်လုပ်မည်ဟု မြန်မာဘောလုံးသမားများ ခံယူကြစေလိုပါသည်။ မြင်နေရသည်မှာ နိုင်ငံခြားကစားသမားများကိုဆိုလျှင် တမင်ပင်ကြမ်းတမ်းစွာ ဖျက်ထုတ်ကစားခြင်း၊ ရန်စခြင်းများ ပြုလုပ်နေသည်ကို တွေ့နေရသောကြောင့် ဖြစ်ပါသည်။ နောင်တွင် နိုင်ငံခြားကစားသမားများ လာရောက်ကစားခြင်းမရှိပါက မိမိတို့ပြိုင်ပွဲအပေါ်တွင်လည်း ပြည်တွင်းပြည်ပ ပရိသတ်၏ စိတ်ပါဝင်စားမှု လျော့ကျသွားမည်ကို သတိပြုကြစေလိုပါသည်။
ရန်ကုန်အသင်းမှ ကစားသမားများအနေဖြင့် မိမိပရိသတ်၏အားပေးမှုကို တလွဲအသုံးမချကြစေလိုပါ။ အဘယ်ကြောင့်ဆိုသော် ယခုပြိုင်ပွဲသည် အိမ်ကွင်းအဝေးကွင်း ယှဉ်ပြိုင်ရသော ပြိုင်ပွဲမဟုတ်သေးပါ။ ပွဲစဉ်အားလုံးကို ရန်ကုန်မြေတွင်သာ ကျင်းပပြုလုပ်ရခြင်းဖြစ်သည့်အတွက် အခြားအသင်းများ အားလုံးထက် မိမိတို့က ပရိသတ်အား သာလွန်ပြီးဖြစ်ပါသည်။ ထိုအချက်ကို အခွင့်ကောင်းယူကာ တစ်ခုခုဖြစ်သည်နှင့် အိမ်ကွင်းအားကိုး၊ ပရိသတ်အားကိုးနှင့် ဒိုင်လူကြီးကိုလည်းကောင်း၊ တစ်ဖက်အသင်းမှ ကစားသမားများကိုလည်းကောင်း၊ တစ်ဖက်အသင်း ပရိသတ်များကိုလည်းကောင်း ဖိအားပေးခြင်း၊ မထေမဲ့မြင်ပြုလုပ်ခြင်းများအား ရှောင်ကြဉ်ကြစေလိုပါသည်။ နောင်တွင် အိမ်ကွင်းအဝေးကွင်းစနစ် ဖြစ်လာပါက ယခုပြုလုပ်ခဲ့သော အပြုအမူများသည် ရန်ကြွေးတစ်ခုအနေဖြင့် ပါသွားပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာနိုင်ပါသည်။
အားပေးကြည့်ရှုကြသော ဘောလုံးပရိသတ်များအနေဖြင့်လည်း ယဉ်ကျေးစွာဖြင့် မိမိအသင်းကို အားပေးကြစေလိုပါသည်။ အထူးသဖြင့် ယနေ့ပွဲတွင် ရန်ကုန်အသင်းအားပေးသူ ပရိသတ်များ၏ အပြုအမူမှာ ရှက်စရာကောင်းလှပါသည်။ ယဉ်ကျေးသိမ်မွေ့လှပါသည်၊ စိတ်ထားကောင်းပါသည်၊ ဘာသာတရား ကိုင်းရှိုင်းကြပါသည်ဆိုသော မြန်မာလူမျိုးတို့သည် မောင်နှင့်နှမ သားနှင့်အမိမှ ကြားလို့မကောင်းသော စကားလုံးများဖြင့် ဆဲဆိုအားပေးကြသည်ကို မြင်ရကြားရသည်မှာ စိတ်မကောင်းဖြစ်ရပါသည်။
ရန်ပိုင်........... --ီးပဲ
ဒိုင်လူကြီး....... --ီးပဲ စသည်ဖြင့် မိမိမကျေနပ်သော သူများကို တိုင်းထွာ၍ ၀ိုင်းဖွဲ့ဆဲဆိုနေကြသည်မှာ မြန်မာပရိသတ်များမှ ဟုတ်ပါလေစဟု တွေးမိပါသည်။

မြန်မာဘောလုံး ဖြည်းဖြည်းမှန်မှန်နှင့် အောင်မြင်တိုးတက်နိုင်ပါစေဟု ဆန္ဒမွန်ဖြင့်....
ကိုဉာဏ် (ပန်းလောင်မြေ)
( ဒါနဲ့ စကားမစပ် မြန်မာနေရှင်နယ်လိဂ်ဒေါ့ကွန်းမှာ ရတနာပုံနဲ့ ရန်ကုန်အသင်းကစားပြီးတာကို ပွဲစဉ် ၈ ပွဲစီ ကစားပြီးသွားပြီဆိုပြီး League Table မှာ ထပ်ထည့်ထားတာ တွေ့ရတယ်။ ဘာကြောင်တယ်မသိပါဘူး။ ပြောပြန်ရင်လည်း ကိုဉာဏ် လွန်ရာကျနေဦးမှာမို့ မပြောတော့ပါဘူး။ အဲဒီလိုထည့်ထားတာကို ဒီမှာကြည့်ပါ။ ထပ်ပြီးတော့ စကားမစပ် ကျွန်တော်က ပန်းလောင်မြေက ဖြစ်တဲ့အတွက် ရတနာပုံအသင်းပရိသတ်ပါ။ အဲဒီအတွက် အသင်းစွဲကြီးနဲ့ တစ်ဖက်ရန်ကုန်အသင်းအပေါ် တစ်ဖက်စောင်းနင်းမြင်ပြီး အပြစ်တင်သလိုဖြစ်တဲ့ အရေးအသားတွေ ပါသွားခဲ့ရင် ရန်ကုန်အသင်းပရိသတ်တွေကို တောင်းပန်ကြောင်းပါခင်ဗျာ )

No comments:

Post a Comment

 
Web Statistics