Monday, August 17, 2009

ပြန်လည်အသက်ဝင်လာခဲ့သော စနေည - ကိုဉာဏ် (ပန်းလောင်မြေ)


ကာလအတန်ကြာ စနေ၊ တနင်္ဂနွေညများကို ပျင်းရိငြီးငွေ့စွာ ဖြတ်ကျော်ခဲ့ရတဲ့ ကျွန်တော်တို့တစ်တွေရဲ့ ခြောက်သွေ့တဲ့ ကန္တာရနေ့ရက်တွေဟာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ရာသီသစ်စတင်မှုနဲ့အတူ မိုးရွာသွန်းပေးလိုက်တဲ့အတွက် လန်းသွားခဲ့ရပါပြီ။ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲတွေကို တကယ့်ကို အရူးအမူး အသည်းအသန်အားပေးတဲ့ ဘောလုံးဝါသနာအိုးတွေအတွက် ဒီအပတ် စနေညချမ်းဟာ ရုပ်မြင်သံကြားဖန်သားပြင်ရှေ့မှာ လွတ်လပ်စွာအော်ဟစ်အားပေးရင်းနဲ့ ပျော်တဲ့သူတွေ ပျော်ခဲ့ရသလို ညစ်ခဲ့ရသူတွေလည်း ခံစားချက်အပြည့်နဲ့ အချိန်တွေကို ရင်ခုန်စွာ ဖြတ်ကျော်ခဲ့ကြလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဘောလုံးဝါသနာအိုးတွေအတွက်တော့ သောကြာနေ့ရောက်ပြီဆိုတာနဲ့ စနေ၊ တနင်္ဂနွေညချမ်းတွေကို မျှော်လင့်ရတဲ့ အရသာလေးတွေ ပြန်ရလာပြီး စနေ၊ တနင်္ဂနွေဘ၀တွေဟာလည်း ပြန်လည်စိုပြည် အသက်ဝင်လာခဲ့တယ်ဆိုတာ အမှန်ပါပဲ။

ဒီအပတ် စနေနေ့မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေထဲကမှ ကျွန်တော်ကြည့်ဖြစ်တဲ့ပွဲစဉ်တွေကတော့ ချဲလ်ဆီးနဲ့ ဟားလ်စီးတီးပွဲ၊ ဘလက်ဘန်းနဲ့ မန်ချက်စတာစီးတီးပွဲ၊ အဲဗာတန်နဲ့ အာစင်နယ်ပွဲ တို့ဖြစ်ပါတယ်။ ESPN ရဲ့ ကျေးဇူးကြောင့် အခြားသော ပွဲစဉ်တွေကိုလည်း highlight တွေ တစ်ဝကြီးကြည့်ခဲ့ရကြောင်းပါ။ ကျွန်တော်ကြည့်ဖြစ်ခဲ့တဲ့ ပွဲစဉ်တွေအပေါ် ကျွန်တော် မြင်တာလေးတွေ၊ သုံးသပ်မိတာလေးတွေကို ဘလော့ဂ်ဖတ်သူ ကျွန်တော့်မိတ်ဆွေတွေနဲ့ အတူမျှဝေပေးချင်ပါတယ်။ ရင်ခုန်သံတွေ တူညီတာရှိသလို၊ မတူညီတာတွေလည်း ရှိမယ်ဆိုတာ အသေအချာပဲပေါ့ဗျာ။ အဲဒါကိုက ဘောလုံးကပေးတဲ့ ရသလို့ မှတ်ထင်ကြောင်းပါခင်ဗျား။

အန်ဆယ်လော့တီနဲ့ အေဗရာမိုဗစ်ခ်ျကို ပျော်စေခဲ့တဲ့ ချဲလ်ဆီး
အရင်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ကို ပထမဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်ခဲ့တဲ့ အန်ဆယ်လော့တီကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ Welcome to England Premier League ပါ အန်ဆယ်လော့တီ။ ပြီးရင် ချီးကျူးချင်တာက ဟားလ်စီးတီးအသင်းကိုပါ။ ကစားသမားအင်အားချင်း အစစအရာရာသာလွန်တဲ့ အသင်းကြီးတစ်သင်းကို နောက်ဆုံးမိနစ်အထိ စိတ်ညစ်စေအောင် လုပ်သွားနိုင်ခဲ့တဲ့ နည်းပြ ဖီးလ်ဘရောင်းနဲ့ ဟားလ်စီးတီးအသင်းဟာ သူတို့မှာ မနှစ်ကလိုပဲ အစွယ်တွေရှိနေသေးကြောင်း စိတ်ဓာတ်ကောင်းကောင်းနဲ့ ပြသွားခဲ့ပါတယ်။ မချီးကျူးမဖြစ် ချီးကျူးရမယ့်သူကတော့ အားလုံးသိတဲ့အတိုင်းပဲ ချဲလ်ဆီးရဲ့ ဒရော့ဘာပါ။ အသင်းမှာ၊ ပြိုင်ပွဲတွေမှာ အငြင်းပွားဖွယ်ရာတွေ အင်မတန်လုပ်တတ်ပေမယ့် သူဟာ ထိပ်တန်း တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့အပြင် ချဲလ်ဆီးအတွက် မရှိမဖြစ်ကစားသမားဖြစ်ကြောင်း လိုအပ်တဲ့ ဂိုးတွေကို သွင်းယူပြီး သက်သေပြသွားခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ဟားလ်စီးတီးအသင်းကို စိတ်ကြိုက်မဟုတ်ရင်တောင် သူတို့ကစားကွက်ထဲကို ၀င်လာအောင်လုပ်ပြီး ကစားသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဟားလ်စီးတီးအသင်းကလည်း အသင်းငယ်လေးလို့ ပြောရမှာ သံသယဖြစ်လောက်အောင် သူတို့ရဲ့ အဓိကလက်နက်ဖြစ်တဲ့ စိတ်ဓာတ်အပြည့်နဲ့ ချဲလ်ဆီးကို ယှဉ်ပြီး ကစားသွားခဲ့တာ ရသမြောက်လှပါတယ်။ ချဲလ်ဆီးရဲ့ ဂိုးသမားဟာ ပီတာဆက်ခ်ျသာ မဟုတ်ရင် တကယ့်ကို မလွယ်တာပါ။ ဟားလ်စီးတီးရဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ခြိမ်းခြောက်မှုဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဟားလ်စီးတီးအသင်းရဲ့ ဂိုးသမားဟာ စနေညမှာ ချဲလ်ဆီးအတွက် အကြီးမားဆုံး အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမိနစ်အချိန်ပိုမှာ ဒရော့ဘာရဲ့ ဂိုးကိုသာ ခွင့်မပြုခဲ့ဘူးဆိုရင် စနေညအတွက် အပျော်ဆုံးလူဟာ ဟားလ်စီးတီးဂိုးသမားဖြစ်ပါလိမ့်မယ်။

နာကျင်အချိန်ပို (၆)မိနစ်တောင်ပေးခဲ့တဲ့ ဒိုင်လူကြီးကို စိတ်ပျက်မိတာတော့ အမှန်ပါပဲ။ အဲဒီ နောက်ဆုံးမိနစ်တွေကျမှ အနိုင်ဂိုးကို ခွင့်ပြုပေးလိုက်ရတဲ့ ဟားလ်စီးတီးအနေနဲ့ ခံရခက်နေမှာ အမှန်ပါပဲ။ ဒါပေမယ့် အများစု မျှော်လင့်ထားသလို ချဲလ်ဆီးအသင်း လွယ်လွယ်ကူကူ အနိုင်မရနိုင်ဘူးဆိုတာကိုတော့ ဟားလ်စီးတီးတို့ ကစားပြသွားခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ လိုအပ်တဲ့ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့တယ်၊ နည်းပြအန်ဆယ်လော့တီအနေနဲ့ ပထမဆုံးအမှတ်ပေးပွဲကို အနိုင်နဲ့စတင်နိုင်ခဲ့တယ်၊ တိုက်စစ်မှူး ဒရော့ဘာအနေနဲ့ လိုအပ်တဲ့ဂိုးတွေ သွင်းယူနိုင်ခဲ့တယ်။ အဲဒီအချက်တွေ မှန်ပေမယ့် ချဲလ်ဆီးလို အမှတ်ပေးချန်ပီယံဖြစ်ချင်တဲ့ အသင်းကြီးတစ်သင်းအနေနဲ့ အသင်းငယ်တစ်သင်းကို နောက်ကျအနိုင်ဂိုးနဲ့ပဲ ကပ်ပြီးအနိုင်ရတယ်ဆိုတာတော့ မဖြစ်သင့်တာ အမှန်ပါပဲ။ တကယ်ဆိုရင် ဖြစ်သင့်တာက ပွဲချိန်အတွင်းမှာကတည်းက နှစ်ဂိုး-ဂိုးမရှိ၊ သုံးဂိုး-တစ်ဂိုး စသည်ဖြင့် ဖြစ်သင့်တာပါ။ ကစားသမားစုဖွဲ့မှု၊ အိမ်ကွင်းအားသာချက် စတာတွေနဲ့တွက်ရင် ဒီထက်မက ဂိုးပြတ်သင့်တာပါ။ သုံးမှတ်ရရင်ပြီးရောဆိုတဲ့ မော်ရင်ဟိုလို ပုံစံမျိုး ပြန်ဝင်လာမယ်ဆိုရင်တော့ အောင်မြင်မှုတွေသာမက တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်အားပေးမှုတွေကိုပါ သိမ်းကြုံးယူငင်ချင်တဲ့ အေဗရာမိုဗစ်ခ်ျရဲ့ စိတ်ကူးတွေနဲ့ ဆန့်ကျင်နေမှာ အမှန်ပါပဲ။ ဘောလုံးပွဲကို အမှန်တကယ် ရူးသွပ်သူတွေဆိုတာက သူတို့ အားပေးတဲ့အသင်းက ခြေပြတ်၊ ဂိုးပြတ်နဲ့ အခြားအသင်းတွေကို ကောင်းကောင်းကြီး နှိပ်ကွပ်တာကို မြင်ချင်ကြတဲ့ လူတွေမို့ပါ။ နိုင်တာတောင်မှ သူအားပေးတဲ့အသင်းရဲ့ ကစားပုံဟာ ဘယ်လိုကောင်းတာ၊ ဘယ်ကစားကွက်နဲ့ ဘယ်လို လှလှပပ ကစားပြသွားတာ စသည်ဖြင့် လက်မ ထောင်ချင်ကြတာပါ။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သရေကျနေလို့ ရှုံ့မဲ့မဲ့ဖြစ်နေတဲ့ ချဲလ်ဆီးပရိသတ်တွေကိုရော၊ အဖွင့်ပွဲမှာ မျက်နှာပန်းလှချင်တဲ့ နည်းပြသစ် အန်ဆယ်လော့တီကိုရော၊ အသင်းမနိုင်ရင် မျက်နှာကြီးစူပုပ်နေတတ်တဲ့ ပိုင်ရှင်သူဌေးကိုရော နောက်ဆုံးမှာ အိုင်ဗရီကို့စ်ရဲ့ သူရဲကောင်း ဒရော့ဘာက သက်ပြင်းတွေချပြီး ပြုံးပျော်စေနိုင်ခဲ့တာတော့ အသေအချာပါပဲ။

တကယ်ရော ပျော်နိုင်ခဲ့ရဲ့လား မာ့ခ်ဟုခ်ျရယ်လို့ မေးချင်တဲ့ပွဲ
ပထမဆုံးဘောလုံးပွဲကို မပြောခင် မန်စီးတီးရဲ့ ငွေသုံးကြမ်းမှုကို ပြောရအောင်ဗျာ။ အဲဒီလိုဆိုတဲ့အတွက် ကျွန်တော်ဟာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌကြီး ပလာတီနီလို အသင်းကြီးတွေ ငွေအများကြီးသုံးပြီး ကစားသမားတွေ ၀ယ်နေတာကို ဆန့်ကျင်နေတဲ့လူလို့ မထင်လိုက်ပါနဲ့။ ကျွန်တော်ပြောချင်တာက မန်စီးတီးရဲ့ ငွေသုံးမှုဟာ စံလွဲနေသလားလို့ပါ။ ဒီနေ့ခေတ်မှာ ပိုက်ဆံချမ်းသာတဲ့ ကလပ်အသင်းတွေဟာ နာမည်ကြီးကစားသမားကောင်းတွေကို ၀ယ်ယူနိုင်တယ်။ အဲဒီလို ၀ယ်ယူနိုင်မှလည်း အသင်းဟာ အဆင့်အတန်းရှိရှိ ယှဉ်ပြိုင်နိုင်တာ အသေအချာပါပဲ။ အဲဒီအတွက် ချမ်းသာတဲ့ အသင်းက ချမ်းသာတဲ့အလျောက်၊ ပိုက်ဆံမရှိတဲ့အသင်းက ပိုက်ဆံမရှိတဲ့အလျောက် ငွေသုံးရပါမယ်။ ထားပါတော့။ ပြောလိုတာက ဒီနှစ်ဈေးကွက်မှာ မန်စီးတီးအတွက် မာ့ခ်ဟုခ်ျဝယ်ထားတဲ့ ကစားသမားတွေဟာ အမှန်တကယ်ရော အသင်းအတွက် အကျိုးရှိမှာလားဆိုတဲ့ မေးခွန်းကို မေးလိုတာပါ။ ကျွန်တော့်အမြင်ပြောရရင် အခုဝယ်ထားတဲ့ ကစားသမားတွေထဲမှာ အသင်းကို လုံးဝကိုပြောင်းလဲသွားစေနိုင်မယ့် မရှိမဖြစ်ကစားသမား မပါတာကိုပါ။ တစ်ချိန်က ဘာစီလိုနာအတွက် ရော်နယ်လ်ဒင်ဟို၊ အေစီမီလန်အတွက် ကာကာ၊ အင်တာမီလန်အတွက် အီဗရာဟင်မိုဗစ်ခ်ျ၊ မန်ယူအတွက် စီရော်နယ်လ်ဒို၊ အခုလက်ရှိ ဘာကာအတွက် မက်ဆီ၊ မန်ယူအတွက် ၀ိန်းရွန်းနေ စတဲ့ ကစားသမားမျိုးတွေကို ပြောတာပါ။ အဲဒီလို ကစားသမားတွေ ရှိခြင်းဟာ အသင်းအတွက် အလွန်ကို အရေးပါတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခုတော့ သုံးလိုက်တဲ့ပိုက်ဆံတွေဗျာ၊ ၀ယ်လိုက်တဲ့ကစားသမားတွေမှ အများကြီးပဲ။ ဒါပေမယ့် ဘယ်သူက မန်စီးတီးရဲ့ပုံစံကို လုံးလုံးပြောင်းလဲပစ်မှာလဲ။ တိဗက်ဇ်လား။ မန်ယူမှာတောင် ဘာဘာတော့ဗ်တို့၊ စီရော်နယ်လ်ဒိုတို့ကို မယှဉ်နိုင်ဘဲ အရံခုံမှာ ထိုင်ခဲ့ရသူပါ။ အဒီဘာရောလား။ အာစင်ဝင်းဂါးကို မေးကြည့်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ လူတွေက ထင်ကြမယ်။ အာစင်နယ်ဟာ အဒီဘာယောကို ရောင်းလိုက်ရတဲ့အတွက် နစ်နာတယ်တို့၊ ၀မ်းနည်းနေတယ်တို့ပေါ့။ စီးပွားရေးဘွဲ့ရထားတဲ့ အာစင်ဝင်းဂါးဟာ သူ့အတွက်အကျိုးအမြတ်မရှိရင်၊ သူ့အကျိုးစီးပွားကို ထိခိုက်စေမယ်ဆိုရင် ဘယ်တုန်းကမှ မလုပ်ခဲ့သူပါ။ အာစင်နယ်မှာ အဒီဘာယောမရှိရင်လည်း ဘာမှမဖြစ်ဘူးဆိုတာသိလို့ ကျေကျေနပ်နပ်ကြီးကို ရောင်းခဲ့တဲ့ကစားသမားပါ။ သံသယမရှိပါနဲ့။ ဘယ်ရီလား။ အရင်တုန်းက သူ့ရဲ့အသည်းနှလုံးဟာ လီဗာပူးလ်အသင်းမှာပါလို့ ပြောခဲ့တာ သူမှဟုတ်ပါလေစလို့ ပြန်မေးကြည့်စမ်းပါဦး။ အင်္ဂလန်အသင်းမှာ ဂျရတ်အရောင်ကြောင့် ခြေထောက်ပြောင်နေတဲ့ ကစားသမားပါ။ တကယ်ဆိုရင်ဗျာ သူတို့သုံးခဲ့တဲ့ သန်းတစ်ရာကျော်နဲ့ တကယ့်ကို နာမည်ကြီး ကစားသမားနှစ်ယောက်လောက်ကို ရအောင်ဝယ်ခဲ့သင့်တာပါ။ ဒါပေမယ့် မနှစ်က ၀ယ်ခဲ့တဲ့ ရော်ဘင်ဟိုအတွက်တော့ မာ့ခ်ဟုခ်ျကို ချီးကျူးပါတယ်။ ကဲထားပါတော့ဗျာ။ စနေညမှာ ကန်ခဲ့တဲ့ မန်စီးတီးအကြောင်းလေး ဆက်ရအောင်ပါ။

သာမန်ပွဲရလဒ်ကို ကြည့်မယ်ဆိုရင်တော့ နှစ်ဂိုး-ဂိုးမရှိဆိုတာဟာ ကျေနပ်စရာပါ။ မန်စီးတီး အသင်း ဂိုးပြတ်နိုင်တယ်ဆိုပြီးတော့ မော်ကြွားဖို့တော့ ဆန္ဒတွေမစောလိုက်ပါနဲ့မိတ်ဆွေ။ ဘလက်ဘန်းနဲ့ပွဲမှာ ကန်သွားခဲ့တဲ့ မန်စီးတီးဟာ ကျွန်တော်တို့တွေ စိတ်လှုပ်ရှားမှုအပြည့်နဲ့ မျှော်လင့်ခဲ့တဲ့ ပုံစံနဲ့ လုံးဝမတူတာတော့ အမှန်ပါပဲ။ ဒီနှစ်နွေရာသီမှာ စပိန်က ရီးရဲလ်မက်ဒရစ်ပြီးရင် ငွေသုံးအကြမ်းဆုံးဖြစ်တဲ့အတွက် ပရိသတ်တွေက မန်စီးတီးအသင်း ခေါင်းထောင်လာတော့မလားလို့ စောင့်ကြည့်ရတာတောင် မောသွားခဲ့ရပါတယ်။ ဘယ်မှာလဲ ကစားကွက်၊ ဘယ်မှာလဲ နည်းဗျူဟာ၊ ဘယ်မှာလဲ Teamwork လို့ မေးရလောက်အောင်ကို ကစားတာ ညံ့ဖျင်းလွန်းပါတယ်။ ဘလက်ဘန်းက ကစားသမားတွေထက် မန်စီးတီးမှာရှိတဲ့ ကစားသမားတွေက သာလွန်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလို အသာရမှုကိုတော့ စုစုစည်းစည်းနဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ တစ်ယောက်ချင်းစွမ်းရည်တွေပြပြီး ကစားသွားကြတာပါ။ ရော်ဘင်ဟိုကလည်း ရော်ဘင်ဟိုလိုကစားတယ်၊ ရိုက်ဖီးလစ်ကလည်း သူ့ဟန်အတိုင်းပဲ၊ အဒီဘာယောကလည်း အာဆင်နယ်ကပုံစံအတိုင်း လုံးဝမပြောင်းဘူး၊ တိဗက်ဇ်ကလည်း သင်ရိုးဟောင်းတွေကိုပဲ ပြန်ရွတ်ပြတယ်။ ပြောချင်တာက ကိုယ့်ဟန်၊ ကိုယ့်စတိုင်လ်နဲ့ မကစားရဘူးမဟုတ်ပါဘူး၊ ကစားပါ။ သို့သော် အသင်းမှာတော့ ကိုယ်ပိုင်ကစားဟန်၊ ကစားကွက် ရှိရပါလိမ့်မယ်။ အခုလို တစ်ဦးချင်းစွမ်းရည်တွေနဲ့ တစ်ကိုယ်တော်ထိုးဖောက်ပြီး အနိုင်ယူတာတွေဟာ အသင်းငယ်တွေနဲ့ တွေ့နေသရွေ့တော့ အိုကေနေပါလိမ့်မယ်။ သူ့အသင်းကိုယ်ပိုင်ဟန်တွေနဲ့ ကစားနေတဲ့ မန်ယူလို၊ အာဆင်နယ်လို၊ လီဗာပူးလ်လို အသင်းတွေနဲ့ တွေ့ရင်တော့ အရှက်တကွဲအကျိုးနဲဖြစ်မှာ အသေအချာပါပဲ။

အသစ်ဝယ်လိုက်တဲ့ကစားသမားတွေထဲက ကျွန်တော်အမှတ်ပေးလို့ရတာဆိုလို့ နောက်ခံလူ တိုရေးပဲ ရှိပါတယ်။ မနှစ်တုန်းက အိတ်ပေါက်နဲ့ ဖားကောက်ခဲ့ရတဲ့ မန်စီးတီးအတွက်တော့ ကိုလိုတိုရေးကို ရလိုက်တာဟာ တကယ့်ကို အဖိုးတန်လှပါတယ်။ ဂျွန်တယ်ရီကို ဘာကြောင့်အသေအကြေ လိုချင်နေသလဲဆိုတဲ့ အဖြေကို စာဖတ်သူလည်း သိမှာပါ။ ကိုလိုတိုရေး စိတ်မပျက်စေဖို့ဆိုရင်တော့ သူနဲ့တွဲဖို့ အဆင့်မီနောက်တန်း နောက်တစ်ယောက်လောက် ၀ယ်ပေးလိုက်ပါဦးလို့ မာ့ခ်ဟုခ်ျကို တိုက်တွန်းချင်ပါတယ်။ အခြားသော ကစားအသစ်တွေကတော့ စိတ်ထဲမှာ စွဲတသသ ဖြစ်ကျန်ခဲ့လောက်အောင် ဘယ်သူကမှ ကစားပြနိုင်ခဲ့ခြင်း မရှိပါဘူး။ လူဟောင်းတွေဖြစ်တဲ့ ရော်ဘင်ဟို၊ ရိုက်ဖီးလစ်၊ ဘယ်လာမီ၊ အိုင်ယာလန်နဲ့ ရစ်ချက်ဒန်း တို့သာ အကောင်းဆုံးကစားသွားနိုင်ခဲ့တာကိုကြည့်ရင် မန်စီးတီးရဲ့ အသစ်တွေဟာ ထင်သလောက် ခြေစွမ်းမပြနိုင်သေးတာ အသေအချာပါ။ အဒီဘာယောကလည်း ဂိုးသွင်းနိုင်တာပဲ ရှိပါတယ်။ ဘာခြေစွမ်းမှ မပြနိုင်ဘဲ နေရာပျောက်နေခဲ့တာကို တွေ့ရပါတယ်။

ဘလက်ဘန်းအနေနဲ့ မန်စီးတီးကို ယှဉ်နိုင်လောက်တဲ့ လူအင်အားမရှိခဲ့တာ အမှန်ပါ။ ကစားသမားချင်း ပါဝါယှဉ်လို့ မရတဲ့အထဲမှာ အဆုံးသတ်မယ့် တိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်နေခဲ့တာလည်း စိတ်ညစ်စရာပါ။ ဒီပွဲမှာ ဘလက်ဘန်းက ဒီယော့ဖ်ရဲ့ ကစားပုံဟာ အထင်ကြီးစရာပါ။ ရောဘတ်နဲ့ မက္ကာသီလည်း ကြိုးစားခဲ့ပေမယ့် လိုအပ်တဲ့ဂိုးတွေကိုတော့ သွင်းယူပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ ကစားကွက်ပိုင်းနဲ့ ပတ်သက်လို့တော့ မာ့ခ်ဟုခ်ျရဲ့ မန်စီးတီးထက် ဆမ်အလာဒိုက်စ်ရဲ့ ဘလက်ဘန်းကိုပဲ အမှတ်ပေးလိုက်ချင်ပါတယ်။ အဆုံးသတ်ကွာခြားသွားခဲ့လို့သာ မန်စီးတီးနိုင်သွားတယ်လို့ ကျွန်တော်ပြောရင် မိတ်ဆွေက သိပ်ပြီးသဘောတူချင်မယ် မထင်ပါဘူး။ သေချာတာကတော့ မန်စီးတီးအနေနဲ့ ကြံစည်နေတာက တောင်ကြီးကိုဖြိုဖို့ပါ၊ ဒါပေမယ့် ခါးကမသန်ဆိုသလို ဖြစ်နေတဲ့အတွက် ပြင်ဆင်ပါဦးမာ့ခ်ဟုခ်ျရယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။

စနေညကို အပြည့်စုံဆုံးဖြစ်အောင် ရေးခြယ်ခဲ့ကြသည့် အာဆင်နယ်နှင့် အဲဗာတန်
ဒီပွဲအတွက် ပြောချင်နေတာတွေက အများကြီးပါ။ မော်ဒန်ဘောလုံးဆိုတာ အဲဒီလိုပွဲ။ တကယ့်ဘောလုံးရသဆိုတာ အဲဒီလို ပွဲကိုပြောတာ။ ပရော်ဖက်ရှင်နယ်စိတ်ဓာတ်ဆိုတာကို ကြည့်ချင်ရင် အဲဒီပွဲကို ပြန်ကြည့်။ အသင်းလိုက်စုစည်းညီညွတ်မှုကို အဲဒီပွဲမှာရှာကြည့်။ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကို အဲဒီပွဲမှာ တွေ့လိုက်တယ်။ အဲဒီလိုတွေပြောရင် ခင်ဗျားတို့က ကျွန်တော့်ကို ပိုတယ်ထင်မလားပဲ။

ခြောက်ဂိုး-တစ်ဂိုးဆိုတဲ့ ရလဒ်ဟာ ဘောလုံးပွဲကြည့်တဲ့ ပရိသတ်တွေအတွက် တကယ့်ကို ကျေနပ်စရာပါ။ အာဆင်နယ် ပရိသတ်တွေအတွက်ဆိုရင်တော့ သေမယ်ဆိုရင်တောင် သေလို့ရတယ်လို့ ပြောကြမယ်ထင်ပါတယ်။ ရလဒ်ကိုပဲမေးပြီး သုံးသပ်တဲ့လူတစ်ယောက်ကတော့ ခြောက်ဂိုး-တစ်ဂိုးဆိုတဲ့အတွက် တစ်ဖက်သတ်ကြီးဖိကစားနေတဲ့ ဘောလုံးပွဲကို ပြေးမြင်ပါလိမ့်မယ်။ အာကြီးက ခြောက်ဂိုးတောင်သွင်းတယ်ဆိုတော့ ခြေအကွာကြီးပဲလို့ တွက်ဆလိုက်သူတွေတော့ မှားပြီလို့သာ မှတ်လိုက်ပါတော့။

သူတစ်ပြန်ကိုယ်တစ်လှည့်နဲ့ အပေးအယူအချိတ်အဆက်မိမိ၊ လျင်လျင်မြန်မြန် ကစားသွားခဲ့တဲ့ အဲဗာတန်နဲ့ အာဆင်နယ်ပွဲကတော့ ကျွန်တော့်အတွက် တသသ ဖြစ်နေဦးမှာပါ။ ကိုယ်ပိုင်ကစားကွက်တွေရှိတဲ့ နှစ်သင်းကန်တာ ဖြစ်တဲ့အတွက် ပွဲဟာတကယ်ကို ရသမြောက်လှပါတယ်။ ဟိုဖက်ကွင်းနဲ့ ဒီဖက်ကွင်းကို လွန်းထိုးသလိုပြေးနေတဲ့ ဘောလုံးဟာ တကယ့်ကို ရသမြောက်လှပါတယ်။ လူငယ်တွေရဲ့ အာဆင်နယ်ကလည်း တစ်ချက်ထိကစားကွက်တွေက ကောင်းမှကောင်း၊ မြန်မှမြန်၊ အပေးအယူတွေကလည်း လှမှလှ၊ တိကျသလားလည်းမမေးနဲ့။ အဲဗာတန်ကလည်း အသင်းလိုက် စုစည်းမှုဘာကောင်းသလဲမမေးနဲ့၊ ကစားကွက်ကလည်း လုံးဝပျက်မသွားဘူး။ သူတင်ကိုယ်တင်မှ တကယ့်ကို သူတင်ကိုယ်တင်။ အကြိတ်အနယ်မှ တကယ့်ကို အကြိတ်အနယ်ပါပဲ။ အာဆင်နယ်နောက်တန်းကြောင့်သာ အဲဗာတန်တို့ အိပ်မက်ဆိုးတွေ မက်ခဲ့ရတာပါ။ တကယ်ဆိုရင် ဖြစ်သင့်တာက ဂိုးတွေအပြန်အလှန်သွင်းပြီး သုံးဂိုးစီသရေ၊ လေးဂိုးစီသရေ စသည်ဖြင့် ဖြစ်သင့်တာပါ။ အာဆင်နယ်နိုင်မယ်ဆိုရင်တောင် နှစ်ဂိုးပြတ်လောက်နဲ့ပဲ နိုင်သင့်တာပါ။ ဒါပေမယ့် အဆုံးသတ်ပိုင်းမှာ သေချာကောင်းမွန်လှတဲ့ အာဆင်နယ်ရဲ့ စွမ်းရည်ကိုလည်း အသိအမှတ်ပြုရပါတယ်။

ပထမပိုင်းအပြီးမှာ သုံးဂိုးရှုံးနေတယ်။ ဒုတိယပိုင်းမှာ နောက်ထပ်သုံးဂိုး ထပ်ပြီး ခွင့်ပြုလိုက်ရတယ်။ ပြီးတော့ ကိုယ်နဲ့ ကန်နေတဲ့အသင်းက ကြီးတစ်ကြီးဖြစ်တဲ့ အာဆင်နယ်အသင်း။ ဒါပေမယ့် အဲဗာတန်ကစားသမားတွေဟာ သူတို့ရဲ့ ယှဉ်ပြိုင်မှုကို လုံးဝမလျှော့ချခဲ့ဘူး။ လုံးဝစိတ်ပျက်လက်ပျက် မကစားခဲ့ကြဘူး။ ပွဲပြီးသွားတဲ့အထိ အနိုင်မခံစိတ်ဓာတ်နဲ့ ရေကုန်ရေခန်း ယှဉ်ပြိုင်သွားခဲ့တယ်။ တကယ်ဆိုရင် ခြောက်ဂိုးဆိုတဲ့အရေအတွက်ဟာ အသင်းတစ်သင်းအတွက် စိတ်ဓာတ်ပျက်စေတာ အသေအချာပါ။ အဲဗာတန်ကစားသမားတွေလည်း စိတ်ဓာတ်ပျက်ခဲ့မှာ အသေအချာပါပဲ။ သူတို့လည်း လူသားတွေပဲလေ။ ဒါပေမယ့် ကိုယ့်အိမ်ကွင်းပရိသတ်ရှေ့မှာ လုံးဝမျက်နှာမပျက်ခဲ့ဘူး။ ရှုံးနေတာမှ ဟုတ်ပါလေစလို့ ထင်ရလောက်အောင် ပရော်ဖက်ရှင်နယ်ပီသစွာ ယှဉ်ပြိုင်သွားခဲ့တယ်။ ခြောက်ဂိုးပေးပြီးတဲ့အထိ ချေပဂိုးတစ်ဂိုးရအောင် သွင်းသွားခဲ့ကြတဲ့ အနိုင်မခံစိတ်ဓာတ်ကို ချီးကျူးမိပါတယ်။ မှတ်တမ်းတင်မိပါတယ်။ ပိုပြီးတော့ အထင်ကြီးမိတာက ဂိုးပြတ်ရှုံးနိမ့်နေတဲ့အချိန်မှာတောင် ရန်စောင်ခြင်း၊ လူချခြင်း၊ ဒိုင်လူကြီးကို စောဒကတက်ခြင်း၊ အချင်းချင်း အပြစ်တင်စကားများခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ် ယှဉ်ပြိုင်သွားခဲ့တဲ့ စိတ်ဓာတ်ကိုပါ။ ကျွန်တော်တို့ မြန်မာဘောလုံးသမားတွေကို အတုယူစေချင်လှပါတယ်။ အနိုင်ရရင် ပျော်ရွှင်တာ သဘာဝပါ။ ရှုံးနိမ့်ရင်လည်း အဲဒီအရှုံးကို ခံနိုင်ရည်ရှိရမယ်ဆိုတာ အဲဗာတန်က သင်ခန်းစာပေးသွားတာကို ယူကြစေချင်ပါတယ်။

အာဆင်နယ်က၀ယ်ထားတဲ့ တစ်ဦးတည်းသော နောက်တန်းကစားသမားသစ်အတွက်တော့ နည်းပြကြီး အာစင်ဝင်းဂါးကို မချီးကျူးဘဲ မနေနိုင်အောင်ပါပဲဗျာ။ တော်လိုက်တဲ့ အာစင်ဝင်းဂါးရယ်လို့သာ အော်လိုက်ချင်ပါတယ်။ မိုရက်စ်ကိုလည်း အားပေးချင်ပါတယ်။ အဲဗာတန်ဟာ ဒီအပတ်စနေညမှာတော့ အာဆင်နယ်ကို လက်မြှောက်လိုက်ရပါတယ်။ ဒါပေမယ့် အဲဗာတန်ရဲ့အဆင့်ဟာ ထိပ်တန်းဖြစ်ကြောင်း နောက်ပွဲတွေမှာ မြင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
စနေညချမ်း အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ ရလဒ်တွေကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ကြောင်းပါ-
ချဲလ်ဆီး-ဟားလ်စီးတီး
အက်စတွန်ဗီလာ-
ဝီဂန်
ဘလက်ဘန်း-မန်စီးတီး
ဘော်လ်တန်-ဆန်းဒါးလန်း
ပို့စ်မောက်-
ဖူလ်ဟမ်
စတုတ်စီးတီး-ဘန်လေ
ဝုလ်ဗ်-၀က်စ်ဟမ်း
အဲဗာတန်-အာဆင်နယ်

ဘယ်လိုလဲ... မိတ်ဆွေရဲ့အတွေးတွေနဲ့ အားပေးခဲ့ရတဲ့အသင်းတွေ အခြေအနေကောင်းခဲ့ရဲ့လား။ ချဲလ်ဆီးနဲ့ စတုတ်စီးတီးကလွဲရင် ကျန်ပွဲစဉ်တွေအားလုံးမှာ အဝေးကွင်းတွေချည်းပဲ အနိုင်ရသွားခဲ့တာရယ်၊ ဂိုးမရှိသရေပွဲ လုံးဝမရှိဘဲ ပွဲစဉ်အားလုံး ဂိုးရလဒ်တွေနဲ့ အရှုံးအနိုင်ပေါ်ခဲ့တာတွေဟာ အံ့သြစရာကောင်းတယ်လို့ မထင်ဘူးလား။ စူပါဆန်းဒေးပွဲစဉ်နှစ်ပွဲမှာသာ အရှုံးအနိုင်ပေါ်ခဲ့မယ်ဆိုရင်တော့ ဖွင့်ပွဲမှာ ပွဲစဉ်အားလုံးအနိုင်အရှုံးရှိတဲ့ ရာသီတစ်ခုအဖြစ် မှတ်တမ်းဝင်ဦးမယ့် ပြိုင်ပွဲတစ်ခု ဖြစ်လာပါလိမ့်ဦးမယ်။
ပရီးမီးယားလိဂ်ရဲ့ ရင်ခုန်သံများနှင့်အတူ အိပ်စက်အနားယူကြပါစို့လို့ နှုတ်ဆက်ရင်း....။
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် သြဂုတ်လ ၁၆ ရက်၊ တနင်္ဂနွေနေ့။
မနက် ၃ နာရီ ၄၉ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics