အစကတော့ ရေးဖို့စိတ်ကူး မရှိပါဘူး။ စိတ်ထဲမှာပဲ အဆင်မပြေတာတွေတွေ့ရင် မှတ်ထားလိုက်။ နောက် နည်းနည်း ကြာလာတော့လည်း မေ့သွားလိုက်ပါပဲ။ ဘယ်လောက်ပဲ ကသိကအောက်ကြုံရတာပဲဖြစ်ဖြစ် မေ့ပစ်ဖို့ကလည်း လုံလောက်တဲ့ အကြောင်းပြချက်က အဆင်သင့်ရှိနေတာကိုး။ အကြောင်းပြချက်ကလည်း တကူးတကတော့ မဟုတ်ပါဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ အမြဲတမ်းပြောနေကျ ဒါ မြန်မာပြည်ပဲ၊ ဒီလောက်တော့ရှိမှာပေါ့၊ အထူးအဆန်းလုပ်မနေပါနဲ့ ဆိုတဲ့ စကားကိုး။ ကျွန်တော့်မှာ အများမိုးခါးရေသောက်လို့သာ လိုက်သောက်နေရတာ။ အတတ်နိုင်ဆုံးတော့ ဒါ မြန်မာပြည်ကိုး ဆိုတဲ့ စကားကို မပြောဖြစ်အောင် နေပါတယ်။ သူများတွေပြောရင်လည်း အတော်ကို အခံရခက်ပါတယ်။ အမှန်အတိုင်း ပြောရရင် မကျေနပ်ပါဘူး။ ပြောတဲ့လူတွေကိုတင်မဟုတ်ပါဘူး။ အဲဒီလို ပြောနေရတဲ့အကြောင်းတွေကိုပါ မကျေနပ်တာပါ။ ကြီးကြီးကျယ်ကျယ်ပြောရရင် အဲဒီလို ပြောဆိုနေကြတာဟာ ကိုယ်တွေမှီတင်းနေထိုင်တဲ့ တိုင်းပြည်၊ ကိုယ်တွေရဲ့ အမိမြေ၊ ကိုယ်တွေရဲ့ ခင်တွယ်ရာ၊ အားထားရာ ဇာတိမြေရဲ့ ပုံရိပ် Image ကို ထိခိုက်စေမယ်ဆိုတာ မစဉ်းစားကြဘူးလားလို့ တွေးမိလို့ပါ။ သူများတွေ စော်ကားတာ၊ ပြောဆိုတာကိုတော့ မခံနိုင်ဘူး။ ငါတို့ဘာသာငါတို့ ပြောကြမယ်ဆိုပြီးများ ပြောနေကြသလား မသိပါဘူး။ အဆင်မပြေတာတစ်ခုခုကြုံမယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုခုကြုံမယ်ဆိုတာနဲ့ အားလုံးလောက်နီးနီးက ဒါမြန်မာပြည်ကိုး ဆိုတဲ့ ခန္တီတရားကြီးကို လက်ကိုင်ပြုပြီး လျစ်လျူရှုလိုက်ကြတာများ ကြုံကြိုက်တဲ့အခါ ဘေးကနေ မြင်နေရတဲ့ ကျွန်တော့်မှာ အလကားနေရင်း အကုသိုလ်တွေ ၀င်ယူနေရ၊ စိတ်တွေတိုနေရတာပေါ့ဗျာ။ ငါတို့ လူမျိုးတွေဟာ တကယ်ကို သည်းခံနိုင်ကြတာလား၊ အခြေအနေအရလား၊ အားမတန်လို့ မာန်လျှော့နေကြတာလားဆိုတာကို စဉ်းစားလို့ကို မရတော့ပါ။ အဲဒီလိုလူတွေများနေတဲ့အတွက်လည်း အခြားသောလူတွေက ဒါမြန်မာပြည်ဗျ ဆိုတဲ့စကားလုံးကို တလွဲသုံးပြီး လုပ်ချင်ရာ လုပ်နေကြတာကို ကျွန်တော်တို့တစ်တွေ ခံနေကြရဦးမှာပါပဲ။
ဝင်မရှုပ်ချင်တာလား၊ ခေါင်းရှောင်တာလား
ရန်ကုန်မှာ ဘတ်စ်ကား၊ လိုင်းကားစီးတဲ့အခါတိုင်း ကြုံကြရလေ့ရှိတာက ကမ္ဘာကျော် ကားဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက် စပယ်ယာတွေရဲ့ ပါဝါပြမှုနဲ့ နှုတ်ကြမ်းမှုကိုပါ။ စာတွေထဲမှာလည်းပါတယ်၊ ကာတွန်းတွေလည်းဆွဲတယ်၊ အငြိမ့်တွေမှာလည်း ပြက်လုံးတွေနဲ့ပြက်တယ်၊ သရော်စာတွေလည်းရေးတယ်။ ဘယ်လိုပဲရေးရေး ဘယ်လိုပဲဆော်ဆော် အဲဒီရွှေကိုယ်တော်တွေကတော့ ဒီနေ့အထိ အပြုံးမပျက် ပန်းပန်နေဆဲပါ။ ကားပေါ်မှာ သံဃာတော်တွေ ပါသလား၊ သက်ကြီးရွယ်အိုတွေပါလာသလား၊ သားပျိုသမီးပျိုတွေပါလာသလား၊ အဖြူရောင်သက်သက် ကျောင်းသူကျောင်းသားတွေ ပါလာသလား ဘာကိုမှကို ဂရုမစိုက်ဘဲ ကိုယ့်မှာရှိသမျှအရာအားလုံးကို တိုင်းထွာပြီး ဒရိုင်ဘာက စပယ်ယာကိုဆဲ၊ အခြားကားက ဒရိုင်ဘာကိုဆဲ၊ စပယ်ယာက အခြားကားကိုဆဲသလိုလိုနဲ့ ဘယ်သူ့ကိုမှန်းမသိဘဲ မိတ္တူပြန်ပေးပြီးဆဲနေကြတာမှ မကြားချင်အဆုံး၊ မမြင်ချင်အဆုံးပါပဲ။ အချို့သော စကားတွေဆိုရင် ပြန်ပြောမပြရဲအောင်ကို ရင့်သီးရိုင်းစိုင်း လွန်းပါတယ်။ အဲဒါကို ကားထဲမှာပါတဲ့ ခရီးသည်တွေကလည်း ဘာမှမထူးဆန်းသလို၊ သူတို့နဲ့မဆိုင်သလို အေးအေးဆေးဆေးပါပဲဗျာ။ တစ်ခါကတော့ ကျောင်းဆရာမကြီးတစ်ယောက်က ၀င်ပြောတာကို တွေ့ဖူးပါတယ်။ ဒရိုင်ဘာနဲ့ စပယ်ယာပေါင်းပြီး အဲဒီ ဆရာမကြီးကို ရန်တွေ့လိုက်ကြတာများ တကယ့်ကို အားပါးတရပါပဲ။ မကျေနပ်ရင် မစီးနဲ့၊ အခြားကားပြောင်းစီးဆိုပြီး လုပ်ကြတာပါ။ ဆရာမကြီးကလည်း အေး...၊ မင်းတို့ကားကို နံပါတ်မှတ်ပြီး သက်ဆိုင်ရာတိုင်မယ် ပြန်လုပ်တော့တာပေါ့။ အဲဒါကို ကိုယ်တော်တွေက အေးဆေးပါပဲ။ တိုင်ချင်ရာတိုင်တဲ့။ အခုတော့ ခင်ဗျား ရှေ့မှတ်တိုင်ကျရင်ဆင်းဆိုပြီး ကားခပြန်ပေးပြီး ရှေ့မှတ်တိုင်ကျတော့ အဲဒီကျောင်းဆရာမကြီးကို ချပေးခဲ့ပါတယ်။ ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေများ နေနိုင်လိုက်တာဗျာ။ ဘယ်သူကမှ အဲဒီဆရာမကြီးဘက်ကနေ ၀င်မပြောကြဘူး။ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ကိုယ့်ကိစ္စမဟုတ်တဲ့အတွက် ၀င်မပါချင်၊ ၀င်မရှုပ်ချင်တာလား၊ ကိုယ့်ကို ပြောလာမယ့် ဒရိုင်ဘာနဲ့ စပယ်ယာရဲ့ စကားလုံးတွေကို မလိုချင်တဲ့အတွက် ခေါင်းရှောင်တာလားတော့ မသိပါဘူး။ တကယ်ဆိုရင် မှားနေတာက ရိုင်းစိုင်းတဲ့ ဒရိုင်ဘာနဲ့ စပယ်ယာပါ။ ဒါပေမယ့် အမှန်ဘက်ကနေ ရပ်တည်ဖို့ အားလုံးခေါင်းရှောင်လိုက်ကြပါတယ်။ သူတို့တွေ တွေးနေမှာကို ကျွန်တော်သိနေသလိုပါပဲ။ ဒါမြန်မာပြည်ပဲ ဒီလောက်တော့ရှိမှာပေါ့လို့။ သြော်... အဲဒီတုန်းက ကားပေါ်မှာ ကျွန်တော်လည်း ပါတာပေါ့။ ဒါပေမယ့် ၀င်မပြောခဲ့ပါဘူး။ ဆရာမကြီးမှန်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူများဓားခုတ်ရာကို လက်ဝင်မလျှိုချင်တဲ့အတွက် ဘေးကနေပဲ ကြည့်နေခဲ့ပါတယ်။ အဲဒီလို သောက်သုံးမကျခဲ့တာပါ။ အခုပြန်တွေးမိရင်တောင် ရှက်စရာကောင်းနေတုန်းဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ အဲဒီတုန်းကလည်း ကျွန်တော့်အသက်က ၂၁ နှစ်ကျော် ၂၂ နှစ် ၀န်းကျင်ပဲ ရှိသေးတော့ မပြောမဆိုရဲတာလည်း ပါပါတယ်။ ပြီးတော့ အခုလိုအတွေးလည်း မရှိသေးပါဘူး။ အခုလိုအချိန်မှာများ အဲဒီလို ဖြစ်စဉ်မျိုး ကြုံစမ်းပါလေ့။ ကျွန်တော် ရဲရဲကြီး အာမခံပါတယ်။ နိုင်တာမနိုင်တာ အပထား။ မှားတဲ့လူတွေကို ရင်ဆိုင်ဖို့ ကျွန်တော်သေချာပေါက် ရွေးချယ်မှာပါ။ ပြီးတော့ အဲဒီလို အရိုင်းအစိုင်းတွေကို ကျွန်တော်ပြောလိုက်ပါဦးမယ်။ ဒါမြန်မာပြည်ကွ၊ အရိုင်းအစိုင်းတွေနေတဲ့ တိုင်းပြည်မဟုတ်ဘူးလို့။ ခရီးသည်အားလုံးကသာ အဲဒီလို ခေါင်းမရှောင်ဘဲလုပ်ကြရင် တစ်နှစ်ကနေ သုံးနှစ်အတွင်းမှာ ကားလိုင်းတွေနဲ့ ခရီးသည်တွေကြားမှာ ပဋိပက္ခတွေ ကင်းစင်သွားမယ်လို့ ယုံကြည်မိပါတယ်။ အခြားသော လိုင်းကားစီး ပြဿနာများကို မပြောတော့ပါဘူး။ အားလုံးကြုံဖူးကြမယ်ထင်တဲ့အတွက်ပါ။ အခုပြောခဲ့တာတွေက နမူနာတွေသာ ဖြစ်ပါတယ်။ ကျန်တာတွေ အများကြီးရှိပါသေးတယ်။
ဈေးဝယ်တဲ့လူက ဘာလို့ကြောက်နေရတာလဲ
ခေါင်းစဉ်ကိုဖတ်တာနဲ့ကို တချို့ဆိုရင် ဘာကိုပြောတော့မယ်ဆိုတာ သိနေလောက်ပါပြီ။ အဲဒါကြီးကလည်း မြန်မာပြည်မှာ အစဉ်အလာကြီးတစ်ရပ်ကို ဖြစ်နေပါပြီနော်။ The Customer is always right. ဆိုလားပဲ။ စာအုပ်တွေထဲမှာ ကျွန်တော်ဖတ်ဖူးတာပါ။ အဲဒီစကားက ကျွန်တော်တို့ မြန်မာပြည်အတွက် မပါဘူးထင်ပါရဲ့ဗျာ။ ဒီမှာကတော့ သိတဲ့အတိုင်းပဲ ဈေးရောင်းတွေလူတွေက သူတို့ကိုယ်သူတို့ ဘုရင်ခံမျက်နှာပေးတွေနဲ့ ဈေးလာဝယ်တဲ့လူတွေကို မတူသလို၊ မတန်သလို၊ အဖက်မလုပ်ချင်သလို တကယ့်ကို စိတ်ပျက်စရာပါ။ သူတို့လည်ပင်းမှာ The Seller is always right. လို့ စာတမ်းရေးပြီးဆွဲမထားတာ တစ်ခုပဲ ရှိပါတော့တယ်။ ဈေးဝယ်ဖို့ဝင်လာသည်ဖြစ်စေ၊ ဟိုကြည့်ဒီကြည့် ၀င်လာသည်ဖြစ်စေ အရောင်းသမားတွေက ၀င်လာတဲ့လူကို ဘယ်ပစ္စည်းကတော့ ဘယ်လိုရှိတယ်၊ ဘယ်ဈေးရှိတယ်၊ ဘယ်လိုကောင်းတယ်၊ ဘာတွေများ လိုချင်ပါသလဲ မေးမယ့်အစား၊ ၀င်လာတဲ့လူက မေးရင်တောင် ဖြေချင်သလိုလို မဖြေချင်သလိုလို၊ အချို့ဆိုရင် အဲဒီမှာ ဈေးနှုန်းကပ်ထားတယ်လေဆိုပြီးတောင် ပြောလိုက်သေးတယ်။ အံ့ပါရဲ့ဗျာ။ နည်းနည်းများ ဈေးကြီးကြီးပစ္စည်းတစ်ခုကို မေးလိုက်ရင် မဖြေသေးဘဲ လူကို အရင်ကြည့်လိုက်သေးတယ်။ ပြီးမှ ၀ယ်နိုင်တာလည်းမဟုတ်ဘဲ အလကားနေရင်း မေးနေတယ်ဆိုတဲ့ မျက်နှာပေးနဲ့ မဖြေချင်ဖြေချင်လုပ်သေးတယ်။ နယ်ကတက်လာတဲ့ လူတွေကိုများဆိုရင် ပိုတောင် ဆိုးသေးတယ်။ သူတို့စိတ်ထဲမှာ တကယ့်ကို လူရိုင်းတွေကို မြင်နေရတယ်များ ထင်နေသလား မသိပါဘူး။ ဟိုဟာကိုင်ကြည့်မှာကြောက်သလို၊ ဒီပစ္စည်းပဲ ဗုန်းသွားမှာ ကြောက်သလိုနဲ့။ အမှန်ဆိုရင် ဘယ်သူဝင်လာတာပဲဖြစ်ဖြစ် ချိုချိုသာသာ ပျူပျူငှာငှာနဲ့ ခရီးဦးကြို၊ ဘာပစ္စည်းတွေ လိုအပ်သလဲမေး၊ ကိုယ့်ဆိုင်မှာတော့ ဘာပစ္စည်းတွေ ရှိပါတယ်ဆိုတာပြောပြ၊ မ၀ယ်ရင်လည်း လိုက်ကြည့်လို့ရပါတယ်၊ သိချင်တာရှိရင်မေးပါ စသည်ဖြင့် ဖြစ်ရပါမယ်။ နောက်ဆုံး စောစောက ၀င်ကြည့်တဲ့လူဟာ မ၀ယ်ဖြစ်ရင်တောင် နောင်တစ်ချိန်ဝယ်ဖို့ ကြုံကြိုက်လာရင်ဖြစ်ဖြစ်၊ သူ့မိတ်ဆွေတွေ ၀ယ်စရာရှိတဲ့အခါမှာဖြစ်ဖြစ် ဒီဆိုင်ကို ရောက်လာနိုင်တာပါပဲ။ ကျွန်တော်တို့ မြန်မာတွေကလည်း အင်မတန် အားနာတတ်တာကလား။ ဒါမြန်မာပြည်ပဲဆိုတဲ့ အသိကြီးကစွဲနေတော့ ဆိုင်ထဲကိုဝင်သွားရင်တောင် ဘယ်ဟာကိုမှ ကိုင်မကြည့်ရဲ၊ ကိုယ်မသိတဲ့ပစ္စည်းကိုလည်း အရောင်းစာရေးကို မမေးရဲ (မေးရင်လည်း စိတ်ရှည်လက်ရှည် မဖြေဘဲ ကိုယ့်ကို ပိန်းလှချည်လားဆိုတဲ့ မျက်လုံးနဲ့ကြည့်မှာကို သိနေတာကိုး)၊ ကိုယ်စိတ်ဝင်စားတာရှိရင်လည်း ဈေးနှုန်းတောင် ရဲရဲမမေးရဲ၊ အခြားအမျိုးတူ၊ အမျိုးကွဲတွေ ဘာတွေရှိသေးသလဲဆိုတာကို မေးဖို့ဆိုတာ ဝေးရောပေါ့။ အဲဒီလို ဖြစ်နေတာဟာ သာမန်ဖြစ်စဉ်ပဲ။ ဘာမှ အထူးအဆန်းမဟုတ်ဘူး။ အများစုက အဲဒီလိုကို ထင်နေကြတော့တာ။ အမှန်ဆိုရင် ဆိုင်တစ်ဆိုင်ကို ၀င်သွားပြီဆိုတာနဲ့ ကိုယ်က customer ဖြစ်သွားပါပြီ။ ၀ယ်တာမ၀ယ်တာကို မပြောသေးပါဘူး။ ကိုယ်သိချင်တာမေးရင် ဆိုင်က ဖြေရပါမယ်၊ ကိုယ်လိုချင်တာရှိရင် ဆိုင်က ပြသရမယ်၊ ရှင်းပြရမယ်၊ လာဝယ်တဲ့လူဟာ သားသားနားနားပဲ ၀တ်စားထားထား၊ စုတ်စုတ်ပြတ်ပြတ်ပဲ ၀တ်စားထားထား customer ဟာ customer ပါပဲ။ ၀တ်လာတဲ့အ၀တ်အစားတွေကို ကိုယ်ကဈေးရောင်းမှာမဟုတ်ပါဘူး။ လူကိုရောင်းမှာပါ။ အဲဒါကို နားလည်ဖို့ လိုပါတယ်။ တကယ်လို့ ဆိုင်က ပြုမူပြောဆိုဆက်ဆံတာဟာ မချေငံဘူးထင်ရင်၊ ကိုယ့်ကို ဂရုမစိုက်ဘူးထင်ရင် အဲဒီဆိုင်ရဲ့ တာဝန်ရှိသူတွေကို သတင်းပို့သင့်ပါတယ်။ ဆိုင်တွေမှာ မန်နေဂျာတွေ၊ တချို့ဆိုင်တွေဆိုရင် ဆိုင်ရှင်တွေ ရှိနေတတ်ပါတယ်။ သူတို့ဆိုင်ဟာ အဲဒီလိုဖြစ်နေတယ်ဆိုတာကို သိအောင် ပြောကိုပြောရပါမယ်။ ဒါဟာ customer ရဲ့ အခွင့်အရေးပါ။ အဲဒီလိုမှ မဟုတ်ဘဲ ဈေးဝယ်သူတွေဟာ ဒါမြန်မာပြည်ပဲဆိုတဲ့ ခံယူချက်မှားကြီးနဲ့ သည်းခံနေကြဦးမယ်ဆိုရင်၊ ဈေးရောင်းတဲ့လူကို ကြောက်နေဦးမယ်ဆိုရင် မရယ်မပြုံးတတ်တဲ့ စက်ရုပ်မျက်နှာပေး (အခုနောက်ဆုံးတီထွင်ထားတဲ့ ဂျပန်ကစက်ရုပ်တွေမပါပါ) တွေနဲ့ မတူမတန်သလို ဆက်ဆံနေတဲ့ ဈေးရောင်းသူတွေကိုပဲ တွေ့နေရဦးမှာပါ။ ကိုယ့်ဘာသာ ပြန်မေးကြည့်စမ်းပါ။ ပိုက်ဆံပေးပြီး ဈေးဝယ်မယ့်ငါက ဘာလို့ကြောက်နေရတာလဲလို့။ တောသားဖြစ်တဲ့ ကျွန်တော်လည်း အဲဒီကြောက်တဲ့အကျင့်လေး ပျောက်သွားတဲ့နှစ်ပေါင်းက လက်ငါးချောင်း မပြည့်သေးတာကို ၀န်ခံပါတယ်။
အမြင်မတော်တာ၊ မှားနေတာကို မပြောရဲတာ အကျင့်ဖြစ်သွားပြီလား
ကျွန်တော်တို့ဆီမှာ အထွန်းကားဆုံးက လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု ဖြစ်မယ်ထင်ပါတယ်။ အများစုရဲ့ စကားစမြည်ပြောဆိုရာ၊ ဆွေးနွေးတိုင်ပင်ရာ၊ အပန်းဖြေရာ ဆုံရပ်ဟာ လက်ဖက်ရည်ဆိုင်တွေ ဖြစ်ပါတယ်။ အဲဒီလို လက်ဖက်ရည်ဆိုင်တွေမှာ တစ်ခါတစ်လေ မြင်ရ၊ ကြားရ၊ ကိုယ်တိုင်ကြုံရတာက စားပွဲခုံသန့်ရှင်းရေး လုပ်မထားတာတို့၊ ခုံတွေအောက်မှာ အမှိုက်တွေရှုပ်ပွနေတာတို့၊ လက်ဖက်ရည်ကို မှာတာတခြား၊ ဖျော်လာတာတခြား ဖြစ်တတ်တာတို့၊ မုန့်မှာထားတာကို ဆိုင်ကမေ့နေတဲ့အတွက် အကြာကြီးစောင့်နေရတာတို့ပါ။ အဲဒီအခါမှာ ကြုံရလေ့ရှိတာက အများစုဟာ ဘာမှ ပြောဆိုခြင်းမရှိဘဲ ဘာသိဘာသာ နေကြတာကိုပါပဲ။ လက်ဖက်ရည်ဆိုင်ကို ၀င်ထိုင်လိုက်ပြီဆိုတာနဲ့ သန့်ရှင်းနေရမယ့် စားပွဲခုံ၊ ပတ်ဝန်းကျင်၊ အသုံးအဆောင်ပစ္စည်းတွေ၊ စားပွဲထိုးတွေရဲ့ ဂရုစိုက်မှုတွေဟာ customer တစ်ယောက် အလိုလိုရပြီးသား အခွင့်အရေးတွေ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုမဟုတ်ဘဲ ချို့ယွင်းနေတယ်ဆိုရင် စားသုံးသူမှာ ပြောပိုင်ခွင့်ရှိပါတယ်။ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒါမှ တကယ့် rights ပါ။ အဲဒါကို ဆိုင်ကလည်း နားလည်ရပါမယ်။ အခုတော့ လက်ဖက်ရည်မှားဖျော်လာရင်လည်း ဘာမှပြန်မပြောတော့ဘဲ လာချပေးတာကိုပဲသောက်၊ မှားနေလို့ပြောပြန်ရင်လည်း ဘေးကပါလာတဲ့လူတွေက မင်းက ချေးကိုများတယ်ဆိုပြီး ခနဲ့ကြ၊ ဆိုင်ကလည်း မလုပ်ပေးချင်သလိုလို၊ လုပ်ပေးချင်သလိုလိုနဲ့ ပြန်ဖျော်ပေးပြီး စောင့်ကြီးအောင့်ကြီးနဲ့ချပေး၊ အဲဒါကိုပဲ ပိုက်ဆံပေးပြီး ပြုံးပြုံးလေး သောက်ကြတာပါပဲ။ ဘာမှလည်း ခံစားချက်မရှိကြဘူးလား မသိပါဘူး။ ဒါ မြန်မာပြည်ပဲဆိုပြီး စံလွဲနေကြသလားမသိပါဘူး။ ရင်လေးစရာကြီးပါ။
နောက်တစ်ခု ကျွန်တော်အမြဲတမ်းကြုံရတာ ရှိသေးတယ်။ ပုံမှန်ထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ကောင်လေးတွေက ၁၀ နှစ်၊ ၁၂ နှစ်အရွယ် ကလေးတွေပါ။ စာသင်ခန်းမှာမရှိဘဲ ဘ၀အခြေအနေအရ ရွာကနေတက်လာပြီး ရရာအလုပ် လုပ်နေကြသူတွေပါ။ စာလည်းမဖတ်တတ်၊ မရေးတတ်ဆိုပါတော့။ အဲဒီလောက်ဆိုရင် သူတို့အနေအထားကို သဘောပေါက်မယ် ထင်ပါတယ်။ ကလေးတွေဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးတွေ၊ ယဉ်ကျေးမှုတွေကို သိပ်ပြီးနားမလည်ပါဘူး။ ထိုင်နေတဲ့ကျွန်တော်တို့ခေါင်းပေါ်ကနေကျော်ပြီး လက်ဖက်ရည်ခွက်ကို လာချတာတို့၊ ရေနွေးဓာတ်ဘူးကို လှမ်းယူတာတို့၊ စားပွဲခုံသုတ်ပါဦးဆိုရင် ကျွန်တော်တို့ထိုင်နေတဲ့ ၀ိုင်းမှာရှိနေတဲ့ tissue ကိုပဲ ထုတ်ပြီး သုတ်တာတို့၊ အများကြီးပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း မနေနိုင်မထိုင်နိုင် အခမဲ့ ပြုပြင်ပေးမိပါတယ်။ ရေနွေးဘူးကို လူတွေကြားထဲကနေ အတင်းတိုးဝင်ပြီးမချဘဲ လူမရှိတဲ့ဖက်ကနေ၀င်ပြီး ချဖို့၊ လက်ဖက်ရည်ခွက်ကို ပြင်ခိုင်းလိုက်ရင် ခွက်နှုတ်ခမ်းသားတွေပေါ်ကနေ လက်မကိုင်ဖို့၊ စားသုံးသူတွေနဲ့ စကားပြောတဲ့အခါ ရွာမှာပြောသလို ပြောချင်သလိုမပြောဘဲ ဟုတ်ကဲ့ခင်ဗျထည့်ပြီး ပြောဖို့တို့ပေါ့ဗျာ။ အောင်မြင်တယ်လို့ပြောရမယ်။ ရလဒ်က ကျွန်တော်အဲဒီလို ကလေးတွေကို ဆုံးမတာ၊ သင်ပေးတာကို ဆိုင်ရှင်အမျိုးသမီးကြီးက လုံးဝမကြိုက်ဘူးဗျ။ ပြီးတော့ သူ့ဆိုင်က အလုပ်သမားတွေ တစ်ခုခုမှားလို့ ကျွန်တော်က ကွန်ပလိန်းတက်ရင်လည်း မလိုးလားတဲ့ဟန်ကို သိသိသာသာကို ပြတယ်ဗျ။ ကျွန်တော်နဲ့ အတူထိုင်နေတဲ့ အခြားလူတွေတော့ သိမသိကျွန်တော်မသိဘူး။ ကျွန်တော်ကတော့ ဆိုင်ရှင်အမျိုးသမီးက မလိုလားဘူးဆိုတာကို သေချာနားလည်သွားတယ်။ နားလည်သွားတဲ့အတွက် မပြောတော့ဘူးတော့ မထင်ပါနဲ့ဗျာ။ သူရှိနေရင် မသိချင်ယောင် ဆောင်နေလိုက်တယ်။ သူမရှိတဲ့အချိန်၊ သူအလုပ်ရှုပ်နေတဲ့အချိန်ဆိုရင်တော့ စားပွဲထိုးလေးတွေ ပုံပန်းမကျတာတွေကို အမုန်းခံပြီးကို ပြင်ပေးနေတုန်းပါပဲ။ အတူထိုင်နေကျသူငယ်ချင်းတွေကတော့ အားပေးပါတယ်။ မင်းကလည်းကွာ အတော်ကို ဂဂျီဂကြောင်ကျတာပဲ၊ ချေးများတာပဲတဲ့။ ကျွန်တော်ကလည်း ကျွန်တော်ပဲလေ။ သူများ မိုးခါးရေသောက်နေတာကို မသောက်ဘဲနေမိနေတာကိုး။ စိတ်ထဲမှာ သူတို့ကို မေးချင်နေတာမှ တစ်ပိုင်းကို သေနေတာပါပဲ။ အမြင်မတော်တာ၊ မှားနေတာကို မပြောရဲတာ အကျင့်ဖြစ်နေကြပြီလားလို့ပါ။ ဒါ မြန်မာပြည်ကွလို့ သူတို့ ပြန်မဖြေဘူးလို့တော့ ကျွန်တော်ထင်ပါတယ်။
စိတ်ထဲရှိရာ ပြောချင်ရာတွေပြောနေတော့ ရေးတာနည်းနည်းများသွားတယ်ဗျ။ နောက်များမှ ဆက်ကြသေးတာပေါ့။ ကျွန်တော့်ရဲ့ ရှတတတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော့်မိတ်ဆွေတွေ ဖတ်ကြရဦးမှာပါ။ ပို့စ်တွေ လာပါဦးမယ်။ မြန်မာပြည်မှာကလည်း ကိုရီးယားနဲ့ တရုတ်ဇာတ်လမ်းတွဲတွေပဲ လွှမ်းမိုးနေတာဆိုတော့ ကျွန်တော်လည်း အပိုင်းတွေခွဲပြီး ရေးမယ်လို့ စိတ်ကူးထားလို့ပါ။ အဲ... ဒါပေမယ့် ကျွန်တော် တစ်ခုသာတာက ကြော်ငြာမ၀င်ဘူးဗျ။ နောက်တာပါဗျာ။ ခင်ဗျားတို့ရဲ့ ရှတတလေးတွေကိုလည်း ဖတ်ချင်ပါသေးသဗျာ။ လင့်ခ်ရှိရင်လည်း လင့်ခ်ပေးခဲ့ပါ။ လာဖတ်ပါ့မယ်။ ဒါမှမဟုတ်ရင်လည်း အီးမေးလ်ကနေရေးပြီးပို့လိုက်ပါ။ သေသေချာချာကို ဖတ်ပါ့မယ်။ ကွန်းမန့်မှာ ရေးသွားချင်ရင်လည်း ဖြစ်ပါ့ဗျာ။ မြန်မာပြည်က မိတ်ဆွေတွေကတော့ ကွန်းမန့်တွေရေးလို့ ရမယ်မထင်ပါဘူး။ ဒါမြန်မာပြည်လေလို့တော့ မပြောကြပါနဲ့ဗျာ။းဝ)
စိတ်လက်ကြည်သာစွာဖြင့် အစစအရာရာ အဆင်ပြေကြပါစေဗျာ။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ရေးသည်။
ည ၁၀ နာရီ ၄၄ မိနစ်တွင်ပြီး၏။

No comments:
Post a Comment