Wednesday, August 19, 2009

ဆဲလ်တစ်နဲ့ အာဆင်နယ်ပွဲ


မနေ့ညက ချန်ပီယံလိဂ်ခြေစစ်ပွဲ ပွဲစဉ်တစ်ခုဖြစ်တဲ့ စကော့တလန်ကလပ် ဆဲလ်တစ်နဲ့ အင်္ဂလန်ကလပ် အာဆင်နယ်တို့ရဲ့ ပထမအကျော့ ပွဲစဉ်ကို ကြည့်လိုက်ရပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်အသင်းက နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လို့ အဲဒီနှစ်ဂိုးကလည်း တကယ်တမ်းကန်သွင်းပြီး ရခဲ့တာတော့ မဟုတ်ပါဘူး။ ပထမဂိုးက ဖရီးကစ်ကန်ရာမှာ ဂါးလက်စ်ရဲ့ နောက်ကျောကိုထိပြီး လမ်းကြောင်းပြောင်းပြီး ၀င်သွားတာပါ။ အနှေးပြကွက်တွေကို ပြန်ကြည့်ရင် ဂါးလက်စ်ဟာ ဂိုးသွင်းယူဖို့ လုံးဝကြိုးစားခဲ့ခြင်းမရှိဘဲ အဆိုပါ ဘောလုံးကို လွတ်အောင်ရှောင်လိုက်ခြင်းသာ ဖြစ်ပါတယ်။ သို့သော် ကံမကောင်းစွာပင် သူ့နောက်ကျောကိုမှန်ပြီး ဂိုးထဲသို့ တန်းတန်းမတ်မတ် ၀င်သွားခဲ့ခြင်းကတော့ ဆဲလ်တစ်၏ ကံဆိုးမှုပင်ဖြစ်ပါသည်။ ဒုတိယဂိုးသည်လည်း ကလစ်ချီ၏ ဂိုးရှေ့သို့ ဖြတ်တင်ပေးပို့မှုကို ဆဲလ်တစ်နောက်ခံလူ ဖြတ်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခြင်းဖြစ်ပါသည်။
ပြောလိုတာက အဲဒီပွဲမှာ ဘယ်သူတွေဘယ်လိုကန်တယ်၊ ဘယ်သူတွေ ဂိုးသွင်းတယ်ဆိုတာကို ပြောချင်တာမဟုတ်ပါဘူး။
ပြောချင်တာက ခေတ်သစ်ဘောလုံးကစားဟန်နဲ့ အားပေးမှုကိုပါ။ ဆဲလ်တစ်နဲ့ အာဆင်နယ်ပွဲကို ကြည့်ပြီး ဒီနေ့ခေတ်ဘောလုံးသမားတွေဟာ ဘယ်လိုသက်လုံ၊ ဘယ်လိုကြံ့ခိုင်မှုတွေနဲ့များ ကစားနေကြသလဲလို့ အတော်ကို တွေးနေမိပါတယ်။ ပွဲချိန် မိနစ် ၉၀ လုံးမှာ လုံးဝ ငြိမ်သက်ခြင်း မရှိဘဲ ဘောလုံးဟာ လွန်းထိုးပြေးလွှားပြီး ဟိုဖက်ရောက်လိုက် ဒီဖက်ရောက်လိုက် ကစားနေကြတာဟာ ဘောလုံးကန်နေတာလား ပင်ပေါင်ကစားနေတာလားလို့ကို တွေးယူမိပါတယ်။ အထူးသဖြင့် ဆဲလ်တစ်အသင်းဟာ တစ်ခဲနက်အားပေးနေတဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှောက်မှာ တစ်ချက်ကလေးမှ ကစားအားလျော့သွားခြင်း၊ ကစားပုံလေးလံသွားခြင်း မရှိဘဲ ခွန်တိုက်အားတိုက် ကစားသွားတာကို တွေ့ရပါတယ်။ ခွန်အားကို သုံးပြီး လျင်မြန်မှုဦးစားပေးကစားတာဖြစ်တဲ့အတွက် ထိခိုက်မိတာတွေ ဥပဒေပ ကစားသလိုဖြစ်တာတွေတော့ ရှိပါတယ်။ ဒါပေမယ့် တမင်တကာ နစ်နာအောင်ဆိုပြီး ညစ်ပြီး ကစားတာမျိုးတော့ မတွေ့မိပါဘူး။ ဆဲလ်တစ်အားပေးသူတွေကလည်း တကယ့်ကို ချီးကျူးလောက်စရာပါ။ ကိုယ့်အသင်းရှုံးနေတာကိုတောင် စိတ်ပျက်ခြင်းမရှိဘဲ အားပေးနေလိုက်ကြတာများ မသိရင် သူတို့အသင်းကပဲ နိုင်နေသလိုမျိုးပါ။ တစ်ဖက်အာဆင်နယ်အသင်း ဘောလုံးရနေချိန်ဆိုရင် ပရိသတ်တွေက လက်ခေါက်တွေမှုတ်၊ ခရာတွေမှုတ်၊ ၀ူးဆိုပြီးသံပြိုင်အော်ပြီး တစ်ဖက်အသင်းကို ဖိအားပေးကြပါတယ်။ ကိုယ့်အသင်း ဘောလုံးပြန်ရသွားပြီဆိုတော့မှ ဟေးဆိုပြီး လက်ခုပ်တွေတီး အားပေးသံတွေ ပြန်ထွက်လာနဲ့ တကယ့်ကို ကြက်သီးမွေးညင်းထလောက်စရာ အားပေးမှုတွေပါပဲ။
ဒါတွေပြောနေတာက အကြောင်းရှိပါတယ်။ ကျွန်တော်တို့ မြန်မာဘောလုံးပရိသတ်တွေအနေနဲ့ သူများဆီက ကောင်းတဲ့အတုတွေယူဖို့ ဖြစ်ပါတယ်။ ပရိသတ်အားလုံးကို ပြောချင်တာ မဟုတ်ပေမယ့် ရှိနေသေးတဲ့ စုန်းပြူးတွေကြောင့် မြန်မာပရိသတ်တွေ နာမည်ပျက်တာ အတော်ကိုများနေပါပြီ။ ပြီးတော့ မြန်မာဘောလုံးသမားတွေလည်း နာမည်ပျက်ကြီးနဲ့ ဒေသတွင်းပြိုင်ပွဲတွေမှာ ကျော်ကြားနေတာကို ရပ်တန့်သင့်နေပါပြီ။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးဇော်ဇော်ပြောတဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ကျွန်တော်တို့ ဘောလုံးအသင်းဟာ ဘယ်တော့မှ ၁၁ ယောက်အပြည့် မကစားခဲ့ရဘူးဆိုတဲ့ စကားဟာ အင်မတန်မှကို စဉ်းစားစရာ ကောင်းမှပါတယ်။ အကြောင်းတစ်ခုမဟုတ်တစ်ခုနဲ့ မြန်မာဘောလုံးသမားတွေ အထုတ်ခံရတာဟာ အစဉ်အလာကြီးကို ဖြစ်နေပါပြီ။ မြန်မာပရိသတ်တွေလည်း ဘောလုံးပွဲကြည့်ရင်း မကြားဝံ့မနာသာဆဲဆိုတာတွေ၊ ရေသန့်ဘူးနဲ့ပစ်တာတွေ၊ ငှက်ပျောသီးနဲ့ ပစ်တာတွေ စတဲ့ လုပ်ရပ်တွေကို ပြုပြင်သင့်နေပါပြီ။
ဒါတွေက မနေ့ညက ဆဲလ်တစ်နဲ့ အာဆင်နယ်ပွဲကိုကြည့်ပြီး ကျွန်တော်မြင်မိ၊ တွေးမိတာလေးတွေပါ။ ဆရာကြီးလေသံ ပါကောင်းပါနေပါလိမ့်မယ်။ ဒါပေမယ့် ရန်ကုန်မှာ ဘောလုံးပွဲရှိတိုင်း အဲဒီဘောလုံးပွဲမှာ မအေနှမ မကျန်အောင် တိုင်းထွာပြီးဆဲဆိုတာတွေ၊ တွေ့ရာပစ္စည်းနဲ့ပစ်တာတွေ၊ ပရိသတ်ချင်း ရန်ဖြစ်တာတွေကို ခဏခဏ ကြားနေ၊ ဖတ်နေရတော့ စိတ်ညစ်မိလို့ပါ။ မြန်မာဘောလုံးသမားတွေနဲ့ မြန်မာဘောလုံးအသင်းကိုတော့ ကမ္ဘာ့အဆင့်မီစေချင်ကြပါတယ်။ ဒါပေမယ့် အားပေးသူပရိသတ်တွေကိုယ်တိုင်ကရော ကမ္ဘာ့အဆင့်မီအောင် မပြုပြင်ကြတော့ဘူးလားလို့ ကျွန်တော်က ကိုယ့်ထမင်းကိုယ်စားပြီး အမုန်းခံမေးလိုက်ချင်ပါတယ်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။

No comments:

Post a Comment

 
Web Statistics