မနေ့က ဂျာနယ်ဖတ်ရင်းနဲ့ စိတ်ဝင်စားစရာသတင်းတစ်ခုကို ဖတ်မိလို့ပါ။ အခြားလူတွေအတွက်တော့ သာမန်ပဲဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ အင်မတန်မှ စိတ်ဝင်စားစရာကောင်းပါတယ်။
သတင်းကဒီလိုပါ။ မြန်မာနိုင်ငံအတွက် အိန္ဒိယကနေ ကြက်သွန်နီတင်သွင်းမယ်ဆိုတဲ့ သတင်းပါ။
ဒါများ အထူးအဆန်းလုပ်လို့ဆိုပြီး ခင်ဗျားတို့ ပြောချင်ရင်ပြောနိုင်ပါတယ်။ ဒါပေမယ့် ကြက်သွန်နီဆိုတာ မြန်မာပြည်မှာ ဒီလောက်ပေါပေါများများ စိုက်နေတဲ့ မီးဖိုချောင်သီးနှံပါ။ အဲဒီလို ပစ္စည်းမျိုးကို အိန္ဒိယကနေ တင်သွင်းရတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ကျွန်တော်သိသလောက် အရင်က အိန္ဒိယလို၊ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတွေကို မြန်မာကြက်သွန်နီတွေ တင်ပို့နေတာပါ။ ပြောချင်တာက ကျွန်တော်တို့နိုင်ငံမှာ မထုတ်လုပ်နိုင်တဲ့ပစ္စည်းကို လိုအပ်လို့ အခြားတိုင်းပြည်တွေကနေ တင်သွင်းတာကို ဘာမှပြောစရာ မရှိပါ။ အခုဟာက ကိုယ့်ပြည်တွင်းမှာ အလုံအလောက် စိုက်ပျိုးထုတ်လုပ်နေတဲ့ သီးနှံဖြစ်တဲ့ ကြက်သွန်နီကို ပြည်ပကနေ တင်သွင်းမယ်ဆိုတော့ နည်းနည်းများ စဉ်းစားစရာကောင်းနေသလားလို့ပါ။
ထားပါတော့။ အဲဒီအထိ ခင်ဗျားအတွက် စိတ်ဝင်စားရာ မကောင်းဘူးဆိုပါတော့။ ကြက်သွန်နီတင်သွင်းရတဲ့ ရည်ရွယ်ချက်နဲ့ အခြားအချက်အလက်တွေကို ပြောပြရင် ခင်ဗျားစိတ်တစ်မျိုးပြောင်းချင် ပြောင်းလာပါလိမ့်မယ်။
အမှန်အတိုင်းပြောရရင် ရန်ကုန်မှာ ကြက်သွန်နီတစ်ပိဿာကို ဘယ်ဈေးရှိသလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဂျာနယ်တွေထဲမှာပါတဲ့ ဈေးနှုန်းကိုလည်း ကျွန်တော်မပြောလိုပါဘူး။ ကျွန်တော်တို့ဒေသမှာတော့ တစ်ပိဿာကို ၇၀၀ ကျပ် ၀န်းကျင်ရှိပါတယ်။ အဲဒီဈေးက အတော်ကိုကောင်းတဲ့အစဖြစ်ပါတယ်။ ရှယ်ဆိုတဲ့ စကားလုံးကို သုံးလိုက်ပါတော့။ ကြက်သွန်နီရှယ်ဆိုပါတော့ဗျာ။ ရန်ကုန်မှာတော့ ၈၀၀/၉၀၀ ကျပ်လောက် ရှိမယ်ထင်ပါတယ်။
စောစောက ကျွန်တော်နိဒါန်းပျိုးခဲ့တာနဲ့ ပြန်ဆက်ပါမယ်။ အဲဒီလို အိန္ဒိယကနေ ကြက်သွန်နီသွင်းတဲ့အခါ ရန်ကုန်အရောက်ကို အရင်း ၅၅၀ ကျပ်ပဲ ရှိတယ်တဲ့။ တစ်ပိဿာဈေးနှုန်းကိုပြောတာနော်။ ထားပါတော့ အမြတ်ကို ၁၀၀ ကျပ်ယူတယ်ပဲ။ ဈေးကွက်ကိုရောင်းတဲ့အခါ ၆၅၀ ကျပ်နဲ့ ရောင်းလို့ရနေပါပြီ။ စဉ်းစားလို့ရအောင်ပါ။ အဲဒီအတွက် ဘာဖြစ်တယ်တွေ၊ ဘယ်လိုရှိတယ်တွေ ကျွန်တော်က ရှင်းပြမနေတော့ပါဘူး။ ခင်ဗျားတို့ကိုယ်တိုင် ဘာပြောလိုက်ရင် ဘာကိုဆိုလိုတယ်ဆိုတာ နားလည်မယ်လို့ ကျွန်တော်က ယုံကြည်ပြီးသားပါ။ အင်တာနက်သုံးပြီး ကမ္ဘာ့ရွာကြီးထဲမှာ လည်ပတ်နေတဲ့လူတစ်ယောက်ကို ကျွန်တော်က မိချောင်းမင်း ရေခင်းပြ လုပ်နေစရာမလိုဘူးလို့ ခံယူထားပြီးသားပါ။
နောက်တစ်ချက်က အိန္ဒိယကနေ ကြက်သွန်နီတင်သွင်းရတဲ့ ရည်ရွယ်ချက်က မြန်မာပြည်မှာ ကြက်သွန်နီဈေးတွေ ပြန်ကျလာအောင်လို့ပါတဲ့။ ဆိုလိုတာက ကျွန်တော်တို့ မြန်မာပြည်မှာ ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်တဲ့ ကြက်သွန်နီပမာဏ ရှိပါတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက လှောင်ပြီးဈေးကစားနေတဲ့အတွက် အခုလို မတန်တဆဈေးနှုန်းတွေ တက်နေရတာပါတဲ့။ ဒါဟာ တရားဝင်စာရင်းဇယား ကိန်းဂဏန်းတွေနဲ့ ပြောထားတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကြက်သွန်နီဘယ်လောက်စိုက်တယ်၊ အချိန်ဘယ်လောက်ထွက်တယ်၊ ဈေးကွက်ထဲမှာ အချိန်ဘယ်လောက်ရှိတယ်၊ မြန်မာပြည်ရဲ့ ကြက်သွန်နီစားသုံးမှုပမာဏက တစ်လကို ဘယ်လောက်ရှိတယ် စတဲ့အချက်အလက်တွေကို မပြောတော့ပါဘူး။ ခင်ဗျားလည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး။
စိတ်ဝင်စားစရာကောင်းတာက အခုလို အိန္ဒိယကနေ ကြက်သွန်နီတွေ တင်သွင်းလိုက်တဲ့အတွက် မြန်မာပြည်ဈေးကွက်မှာ ကြက်သွန်နီဈေးတွေ တကယ်ပဲ ထိုးကျသွားမှာလား၊ အဲဒီလိုတင်သွင်းတာဟာ အဖြေတစ်ခုလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တကယ်လို့များ အခုလိုတင်သွင်းတာဟာ အဖြေတစ်ခုဖြစ်ခဲ့တယ်ဆိုရင် နောင်များ အခြားအမျိုးအမယ်တွေ ဈေးတွေမြင့်တက်လာတဲ့အခါ အခုလိုနည်းကိုပဲသုံးပြီး ဖြေရှင်းရဦးမလားဆိုပြီး အတွေးတွေ ထပ်တွေးနေမိကြောင်းပါ။
၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၈ နာရီ ၃၇ မိနစ်တွင် ရေးသားသည်။
်နိုင်ငံခြားက စားသောက်ကုန်တွေ၊ လူသုံးပစ္စည်းတွေ အကုန်သွင်းဖို့  အထက်က ညွှန်ကြားထားလို့ ပါခင်ဗျ။ ပြည်တွင်းက လုပ်တာတွေ စိုက်တာတွေ နိုင်ငံခြားကွာလတီမမှီလို့  "ငါတို့ မိသားစုတွေ" သုံးစွဲရန်မသင့်လို့  အပေါ်ကက်ဘိနက်က ဆုံးဖြတ်ထားတယ်လို့  သိရပါတယ်။ နောက်ဆက်တွဲ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းဖို့  ကျား/မ မရွေး မလေးရှား သွားဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားလာပါက အမြန်ဆုံး ထုတ်ပေးရန်၊ အိမ်နီးချင်းနိုင်ငံများကို တရားမ၀င်အလုပ်သွားလုပ်ချင်သူများ လွယ်ကူချောမွေ့ စေရန် ဌာနဆိုင်ရာ အဖွဲ့ အစည်းအသီးသီးမှ စေတနာအပြည့်အ၀ဖြင့် အစွမ်းကုန် ကူညီဆောင်ရွက်ပေးရန် ညွှန်ကြားထားကြောင်း သိရှိရပါတယ်။ kM
ReplyDelete