Wednesday, August 26, 2009

အပြုသဘောဆောင်ခြင်းဖြင့်သာ အပေါင်းလက္ခဏာရလဒ်ကို ရနိုင်သည် - အောင်ထွဋ်


ပြီးခဲ့သော သြဂုတ်လ လလယ်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဆပ်ကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် Jim Webb ၏ ခရီးစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေး ရလဒ်ကောင်းများ ပေါ်ထွက်လာခဲ့သည်ကို တွေ့ရပါသည်။ ထိုခရီးစဉ်အတွင်း ဆီးနိတ်လွှတ်တော်အမတ် Jim Webb အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရခဲ့ရုံမျှမက ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ရရှိခဲ့ပြီး ၎င်းတို့၏ နိုင်ငံသား အမေရိကန်ရေကူးသမားကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။ ပို၍ ထူးခြားသည်မှာ အဆိုပါ အမေရိကန်ရေကူးသမားကို ၎င်း၏လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်သွားခွင့်ပါ ရရှိခဲ့ခြင်းဖြစ်သည်။ ဤခရီးစဉ်၏ ရလဒ်များသည် အနာဂတ်နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေလိမ့်မည်ဟု အဆိုပါ ဆီနိတ်တာက ပြောကြားခဲ့ပါသည်။

ယခုခရီးစဉ်တွင် နှစ်ဖက်ရလဒ်ကောင်းများ ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ အကြောင်းပေါင်းစုံ ရှိနေခဲ့သော်လည်း အဓိကကျသည်ဟု စာရေးသူထင်မြင်မိသော အချက်တစ်ချက်ကို ယခုဆောင်းပါးတွင် မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။ အဆိုပါအချက်မှာ ဆီနိတ်တာ Webb ၏ အပြုသဘောဆောင်သော စိတ်ဓာတ်နှင့် သဘောထားဖြစ်ပါသည်။

အမှန်အားဖြင့် ဆီနိတ်တာ Webb ၏ ခရီးစဉ်သည် အမေရိကန်ရေကူးသမားကို လာရောက်ကယ်တင်ရန် လာခြင်းမဟုတ်ပါ။ ဆီနိတ်တာသည် မြန်မာနိုင်ငံသို့လာရောက်ရန် ယခုနှစ် မေလဆန်းပိုင်းကပင် စတင်စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ဆီနိတ်တာသည် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူတစ်ဦးဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် တက်ကြွသော သံတမန်ဆက်ဆံရေး ထူထောင်ရေး၊ ပိတ်ဆို့အရေးယူမှုများကို တဖြည်းဖြည်း ရုပ်သိမ်းသွားရေးများကို မြန်မာနိုင်ငံသို့ မလာရောက်မီကပင် ပြောဆိုနေခဲ့သူတစ်ဦး ဖြစ်ပါသည်။

၂၀၀၉ ခုနှစ် ဧပြီလ ၃ ရက်နေ့က Council on Foreign Relations တွင် ၎င်း၏ သုံးသပ်ချက်များကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ရာ မီဒီယာများက အထူးအဆန်းသဖွယ် သတင်းဖော်ပြခဲ့သည်ကို တွေ့ခဲ့ရပါသည်။

ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံနဲ့ တက်ကြွတဲ့သံတမန်ဆက်ဆံရေး ထူထောင်ခြင်းဖြင့်သာ နိုင်ငံတကာစံနှုန်းများကို လေးစားလိုက်နာလာမယ်လို့ ယုံတာပါ။ အမေရိကန်တို့အနေဖြင့် ၁၉၇၁ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးများ ထူထောင်စဉ်က လူ့အခွင့်အရေးအကြောင်း မပြောခဲ့ကြပါ။ ၁၉၉၁ ခုနှစ်တွင် ဗီယက်နမ်နှင့် ရင်းနှီးသော ဆက်ဆံရေးထူထောင်ရန် ၎င်းကိုယ်တိုင်သွားရောက်ခဲ့စဉ်က ဗီယက်နမ်နိုင်ငံအခြေအနေထက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေက များစွာ သာလွန်ကောင်းမွန်နေပါတယ်။ အဓိကအချက်မှာ မည်သို့ အပြုသဘောဆောင်မည်နည်း ဆိုသော အချက်ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိနည်းလမ်းက ကျွန်တော်တို့ လိုလားတဲ့ ရလဒ်မရနိုင်ဘူးဆိုတာ သေချာပါတယ် ဟု ပြောကြားခဲ့ပါသည်။ အဆိုပါ ဆီနိတ်တာလွှတ်တော်အမတ် Jim Webb ကို The Council on Foreign Relations မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ရုတ်သိမ်းသင့်ပါသလားဟူသော မေးခွန်းကို မေးမြန်းခဲ့ရာတွင် မြန်မာနှင့် သံတမန်ရေးရာနည်းလမ်းပေါင်းစုံဖြင့် ဆက်သွယ်၍ အဆင့်ဆင့် ယုံကြည်မှုတည်ဆောက်ကာ အဆင့်တစ်ခုတွင် ပိတ်ဆို့မှုများကို ရပ်ဆိုင်းသင့်ကြောင်း ဖြေဆိုခဲ့ပါသည်။

ဤနေရာတွင် အဓိကဖော်ပြလိုသည်မှာ ဆီနိတ်တာ Webb ၏ ခရီးစဉ် ထင်မှတ်ထာသည်ထက် အောင်မြင်ခဲ့ခြင်းမှာ ၎င်း၏ အပြုသဘောဆောင်သည့် သဘောထားကြောင့်ဖြစ်သည်ဆိုသော အချက်ဖြစ်ပါသည်။ ကံ ကံ၏ အကျိုးကို ယုံကြည်သော ဗုဒ္ဓဘာသာရှုထောင့်မှကြည့်လျှင် ဤကိစ္စသည် များစွာရိုးစင်းရှင်းလင်းပါသည်။ စေတနာမှန်လျှင် ကံဖြစ်သည်ဆိုသော စကားကို သက်သေပြနေခြင်းလည်း ဖြစ်ပါသည်။

အထူးသဖြင့် စာရေးသူတို့သည် ဗုဒ္ဓဘာသာကို အမှန်တကယ် ယုံကြည်သက်ဝင်သော Practising Buddhist ဖြစ်ခဲ့လျှင် တစ်ဖက်မှ အပေါင်းလက္ခဏာဆောင်သော တုံ့ပြန်မှုရရှိရန်အတွက် မိမိဘက်က ပေးသွင်းရမည့်အရာမှာ အပြုသဘောဆောင်သော၊ အပေါင်းလက္ခဏာဆောင်သော သဘောထား၊ ရပ်တည်ချက်၊ မူဝါဒသာလျှင် ဖြစ်ရပါလိမ့်မည်။ အနုတ်လက္ခဏာပေးသွင်းခြင်းသည် အနုတ်လက္ခဏာဆောင်သော တုံ့ပြန်မှုကိုရရှိစေမည်မှာ ယုံမှားသံသယရှိစရာ မလိုပေ။ အခြားအခြားသော အကြောင်းအကျိုးများ တိုက်ဆိုင်သည့် အခိုက်အတန့်တွင် အနုတ်လက္ခဏာပေးသွင်းပြီး အပေါင်းလက္ခဏာရလဒ်များ ရကောင်းရတတ်နိုင်သော်လည်း ရေရှည်သဘောဆောင်လိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ အနုတ်လက္ခဏာပေးသွင်းမှုသည် တစ်ဖက်လူတွင် မည်သို့ရှိမည်မသိရသော်လည်း ပေးသွင်းသူ ကာယကံရှင်ကိုယ်တိုင် မအေးချမ်းနိုင်သည်မှာ များစွာသေချာပါသည်။ ထို့ကြောင့် အနုတ်လက္ခဏာဆောင်သော သဘောထားသည် တစ်ဆက်သားကိုသာမက မိမိကိုယ်တိုင်ကိုပါ ပူလောင်စေကြောင်း စိတ် Quality ကို ထိကိုင်ကြည့်တတ်လျှင် အထင်အရှား တွေ့ရပေလိမ့်မည်။

ဤသို့သော ကုသိုလ်စိတ်၊ အကုသိုလ်စိတ်များ၏ အာနိသင်၊ ကံကံ၏အကျိုးတို့ကို ယဉ်ပါးသော မြန်မာလူမျိုးတို့တွင် ဤအလေ့အထကို လက်တွေ့ကျင့်သုံးမှု အားနည်းရခြင်းသည် ပညတ်ခေါ် စကားလုံးများ၊ အကြောင်းအရာများတွင် ပိတ်မိနေကြပြီး ပရမတ်သဘောကို အာရုံမပြုနိုင်ခြင်းကြောင့်ဖြစ်သည်ဟု ဆရာတော်ကြီးတစ်ပါးက စာရေးသူကို ပြောဖူးပါသည်။

ကျောင်းမှာနေတဲ့ခွေးကလေးကို ရေနဲ့ပက်ပြီး စ မယ်လို့ တွေးမိလိုက်တာ။ အဲဒီစိတ်ကို တည့်တည့်ကြည့်လိုက်တော့မှ ပူ နေတာကို သွားတွေ့လိုက်တာကြောင့် မလုပ်ဖြစ်တော့ဘူး ဟု ဆရာတော်ကြီးတစ်ပါးက စာရေးသူကို စိတ္တာနုပ္ပဿနာ သင်ပေးရင်း ပြောပြဖူးပါသည်။ ကုသိုလ်စိတ်ဖြစ်စေ၊ အကုသိုလ်စိတ်ဖြစ်စေ ထိုစိတ်ဖြစ်နေချိန်တွင် စိတ်၏ Quality ကို အာရုံခံနိုင်လျှင် ပူခြင်း၊ အေးခြင်းများစွာ ထင်ရှားပါသည်။ အဓိကအချက်မှာ ပညတ်များဖြစ်သည့် ရုပ်ပုံလွှာများ၊ လူများ၊ အကြောင်းအရာများကို ထွင်းဖောက်၍ စိတ် Quality သက်သက်ကို ထိကိုင်ကြည့်နိုင်ရေးပင် ဖြစ်ပေသည်။

အမှန်အားဖြင့် အချို့သော အနုတ်လက္ခဏာဆောင်သည့် စိတ်ထား၊ သဘောထားသည် စိတ်သဏ္ဌာန်တွင် (မိမိကိုယ်မိမိ Admit မလုပ်မချင်း) ကာလရှည်ကြာစွာ တည်ရှိနေတတ်သည်ဖြစ်ရာ တကူးတကရှာဖွေရန် လိုအပ်လှသည်မဟုတ်ပါ။ ပညတ်ခေါ် အကြောင်းအရာများကို ကျော်လွန်၍ ပရမတ်ခေါ် စိတ် Quality တိုင် သွားနိုင်ခဲ့လျှင် မိမိကိုယ်တိုင်ကို မည်မျှ ထိခိုက်နစ်နာစေကြောင်း အပူဒဏ်ခံစားရခြင်းဖြင့် သိသာစေပါသည်။

ဆီနိတ်တာ Webb သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘောဆောင်ကြောင်း ပြသသည့်အနေဖြင့် Burma ဟု မခေါ်ဘဲ Myanmar ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပါသည်။ စာရေးသူတို့အားလုံး အမျိုးသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ် လိုလားပါလျှင် Burma အစား မြန်မာဟု လည်းကောင်း၊ စစ်တပ်အစား တပ်မတော်ဟုလည်းကောင်း ခေါ်ဝေါ်သုံးနှုန်းခြင်းဖြင့် အနုတ်လက္ခဏာဆောင်သော စိတ်ထားမရှိကြောင်း ပြသရန်လိုအပ်ပါသည်။

အနုတ်လက္ခဏာပေးခြင်းသည် အနုတ်လက္ခဏာသာ ပြန်ရပြီး မေတ္တာပေးခြင်းသည် မေတ္တာကိုသာပြန်ရစေသည်ကို ယုံကြည်ခဲ့ပါလျှင် စာရေးသူတို့အနေဖြင့် သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဟု သဘောထားစရာ မလိုတော့ပေ။ သင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွန်ုပ်ဘက်က အမြဲကောင်းမည်ဟု သဘောထားနိုင်ရန် ခက်ခဲသည့်တိုင် သိသူများဖော်စားနိုင်ပါရန် တိုက်တွန်းလိုခြင်း ဖြစ်ပါသည်။

Senator Jim Webb ကိုယ်ရေးအကျဉ်း

Jim Webb and Barack Obama
ဆီနိတ်တာ Jim Webb မှာ ကမ္ဘာကျော် Esquire မဂ္ဂဇင်းကြီးက ၂၀၀၈ ခုနှစ်အတွက် ရွေးချယ်ခဲ့သည့် ၂၁ ရာစု၏ သြဇာအရှိဆုံး ၇၅ ဦးတွင် တစ်ဦးအပါအ၀င်အဖြစ် ရွေးချယ်ခံခဲ့ရသော ၀ါရင့်အထက်လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါသည်။ အထူးသဖြင့် ၎င်းသည် ဗီယက်နမ်စစ်ပွဲနောက်ပိုင်း ဒီမိုကရက်တစ်ပါတီနှင့် အမေရိကန်တပ်မတော်တို့အကြား ဆက်ဆံရေးပြန်လည်တည်ဆောက်ရာတွင် အထူးဝါယမစိုက်ထုတ်ခဲ့ခြင်းအတွက် Esquire မဂ္ဂဇင်းက ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ၂၀၀၇ အတွင်းကလည်း Washingtonian မဂ္ဂဇင်း၏ Best and Worst of Congress ရွေးချယ်မှုတွင် Rising Star အဖြစ် ဖော်ပြခံခဲ့ရသူ ဖြစ်သည်။
၎င်းသည် ၁၈ ရာစုက အမေရိကန်တွင် လာရောက်အခြေစိုက်သော စကော့တလန်အိုင်လာယန် အနွယ်များမှ ပေါက်ဖွားသူဖြစ်ပြီး ဗာဂျီနီးယားပြည်နယ်တွင် မွေးဖွားကြီးပြင်းခဲ့သည်။
၁၉၆၈ ခုနှစ်တွင် အမေရိကန်ရေတပ်စစ်တက္ကသိုလ်မှ ကျောင်းဆင်းခဲ့ပြီး ရေတပ်အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကျောင်းအုပ်ကြီး၏ အကောင်းဆုံးဆု ရရှိခဲ့သည်။ ယင်းနောက်တွင် အမေရိကန်မရိန်းတပ်ဖွဲ့၌ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်ထားခံခဲ့ရသည်။ မရိန်းတပ်ဖွဲ့ အရာရှိငယ်သင်တန်း အပတ်စဉ် ၂၄၃ တွင် အကောင်းဆုံးအရာရှိဆု ရရှိခဲ့ပြီး ဗီယက်နမ်တွင် မရိန်းတပ်စုမှူး၊ တပ်ခွဲမှူးအဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် မရိန်းအရာရှိ သင်တန်းကျောင်း၊ ထိုမှတဆင့် ရေတပ်စစ်ဦးစီးရုံး အတွင်းရေးမှူး စသည်များသို့ အဆင့်ဆင့်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပြီး ၁၉၇၂ ခုနှစ်တွင် အငြိမ်းစားယူသည်။
၁၉၇၅ တွင် ဂျော့ခ်ျတောင်းတက္ကသိုလ်မှ ဥပဒေဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရခဲ့ပြီး ၁၉၇၇ မှ ၁၉၉၁ အထိ အောက်လွှတ်တော် ဗီယက်နမ်ရေးရာ ကော်မတီတွင် ရုံးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ တွင် ဒုတိယလက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၇ တွင် ကာကွယ်ရေးဝန်ကြီးဌာန ရေတပ်ရေးရာ အငယ်တန်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ Jim Webb သည် စာရေးဆရာအဖြစ်လည်း တစ်ဖက်တွင် အသက်မွေးဝမ်းကျောင်းလေ့ရှိပြီး စာအုပ်သုံးအုပ် ရေးသားထားသည်။ ဗီယက်နမ်အတွေ့အကြုံများကို ရေးသားထားသည့် Fields of Fire မှာ အထူးကျော်ကြားခဲ့သည်။ ၂၀၀၄ တွင် အလွတ်သတင်းစာဆရာ တစ်ဦးအဖြစ် အာဖဂန်နစ္စတန်၊ ဘေရွတ် စသည့် စစ်နယ်မြေများသို့ သွားရောက်ကာ သတင်းများ ရေးသားခဲ့ဖူးသည်။
ဟောလိဝုဒ်တွင်လည်း ဇာတ်ညွှန်းရေးသူ၊ ထုတ်လုပ်သူအဖြစ် တာဝန်ထမ်းခဲ့ပြီး ၎င်း၏ ဇာတ်ညွှန်းတစ်ခု Emmy Award ရရှိခဲ့ဖူးသည်။
ဗီယက်နမ်စကား ကောင်းမွန်စွာပြောနိုင်ပြီး အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဇနီးဖြစ်သူမှာ ဗီယက်နမ်လူမျိုး Hong Le Webb ဖြစ်ပြီး သားသမီး ငါးဦး၊ မွေးစားသမီးတစ်ဦး ရှိသည်။

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၂ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics