ဖြူသောအရောင်ရှိသည့်ခွေးကို ခွေးဖြူဟု ခေါ်၏။ ခွေးဖြူအတွက်ထားရှိသော စကားပုံမှာ ခွေးဖြူ တောမတိုး ဟူ၏။
နွားတွင် ဖြူသောအရောင်ရှိသည့်နွားကို စာဥ ဟု ခေါ်၏။ စာဥသည် နွားတကာ့နွားတွင် အညံ့ဆုံးဖြစ်သော နွားဝါကောက်ရိုးမွေး အောက်တွင်နေရသည်။
ကြောင်တွင် အနက်သည် ထိပ်ဆုံးဖြစ်၏။ ကြောက်နက်အောက်တွင် ကြောင်ဝါ၊ ကြောင်ကျားများ အဆင့်ဆင့်စွမ်းကြငြား၊ ဘိတ်ချေးတွင် နေသောကြောင်မှာ ကြောင်ဖြူဖြစ်သည်။ ငှက်လည်း မဖမ်းတတ်၊ ကြွက်လည်း မခုတ်တတ်။ ကြွက်ကိုက်မည်စိုး၍ ခြင်ထောင်ထဲတွင် သွင်းသိပ်ရသည်။
ဆိတ်တွင်လည်း ဆိတ်နက်သည် အဝှေ့အသန်ဆုံး ဖြစ်သည်။ ဆိတ်ကျားတွေလည်း သူ့အဆင့်နှင့်သူ ဝှေ့ကြငြား၊ ဆိတ်ဖြူမူ သုံး၍ မရချေ။
ကြက်တွင်လည်း ကြက်ဖြူသည် သုံး၍ မရချေ။ ခွပ်ရန်ဝေးစွ တွန်ရန်ပင် မနည်းကြာအောင် စောင့်ရသည်။ ကြက်တွင် ကြက်ဖြူသည်လည်း အသုံးမကျချေ။
ဤသို့လျှင် ခွေးဖြူနှင့် နွားဖြူ၊ ကြောင်ဖြူ၊ ဆိတ်ဖြူ၊ ကြက်ဖြူ စသည့် အဖြူရောင်သတ္တ၀ါများ ညံ့ဖျင်းပါလျက်၊ လူဖြူကျမှ မည်သည့်အတွက် တော်နေရသနည်း။ စီးပွားရေး စစ်ရေးတွင် ထိပ်က၊ သိပ္ပံပညာတွင် လူတော်၊ အားကစားတွင် လူချွန်။
သို့ရာတွင် သေချာစွာစေ့ငုသောအခါ လူဖြူတွေ တော်ခြင်းမဟုတ်။ လူမည်းနှင့် လူညိုလူဝါများ ညံ့သောကြောင့် ဖြစ်သည်။ လူမည်းနှင့် လူညိုလူဝါများသည် ပျင်းသည်၊ ရေသာခိုသည်။ ထူးချွန်ရန် တွန့်ဆုတ်သည်။ ကြိုးစားလိုစိတ် မရှိ။
လူဖြူသည် မပျင်း၊ ရေသာမခို။ ကြိုးစားသည်။ ထူးချွန်မှုကို အမြဲလက်လှမ်းသည်။ လူမည်း၊ လူညိုလူဝါများနှင့် ယှဉ်လိုက်သောအခါ သူက ရှေ့သို့ ရောက်နေသည်။ ဤသို့ဖြင့် လူဖြူသည် လူမည်းနှင့် လူညိုလူဝါတို့ထက် သာသည်ဟု သူ့ကိုယ်သူ ထင်နေလေ၏။
အမှန်အားဖြင့် လူမည်းနှင့် လူညိုလူဝါများသည် လူဖြူထက်တော်၏။ သို့ရာတွင် ပျင်းသောကြောင့် လူဖြူက ခေါင်းပေါ်တက်နင်းနေဖြင်း ဖြစ်၏။ သို့လျှင် လူမည်းနှင့် လူညိုလူဝါများထက် သာလွန်သည်၊ တော်သည်ဟု သူ့ကိုယ်သူ ထင်သော လူဖြူသည် စိတ်ကြီးဝင်လာ၏။
စိတ်ကြီးဝင်ခြင်းမှာ ဘ၀င်မြင့်ခြင်း တစ်မျိုးဖြစ်သည်။ သို့ကြောင့် လူဖြူသည် လူမည်းနှင့် လူညိုလူဝါများကို အထင်သေးလာ၏။ သူ့အကျိုးစီးပွားများအတွက် မည်သည့်လူမည်းနှင့် လူညိုလူဝါကိုဖြစ်စေ မတရားပြုရန် ၀န်မလေးချေ။ ထိုမှတစ်ဆင့် တက်လာသောအခါ မည်သူ့ကိုမဆို စော်ကားရန် ၀န်မလေးသော သဘောထား ဖြစ်ပေါ်လာတော့သည်။
ပြီးခဲ့သော ယမန်နှစ်က ကမ္ဘာ့ဘောလုံးပွဲတွင် အရှေ့အလယ်ပိုင်း ဘောလုံးအသင်းများလည်း ခြေစွမ်းပြနိုင်ခဲ့ကြသည်။ အရှေ့အလယ်ပိုင်းဘောလုံးအသင်းတစ်သင်းမှ အားကစားသမားတစ်ယောက်သည် မျက်နှာဖြူ ဘောလုံးသမားတစ်ယောက်ကို အရောဝင်ရန် ကြိုးစားခဲ့သည်။ အကြိုးစားခံရသော ဘောလုံးသမားက လိုက်လိုက်လျောလျောမရှိ။ မတူမတန် မျက်နှာထားဖြင့် ပြန်လည်ဆက်ဆံသည်ကို သတိထားမိ၏။
ဤအဖြစ်အပျက်က မည်သည်ကိုပြသနည်း။
လူဖြူများသည် လူမည်းနှင့် လူညိုလူဝါများကို မတူမတန်ဟု သဘောထားသည်။ သူတို့သာ တတ်သည်။ သူတို့သာ တော်သည်ဟု သဘောထားသည်။ လူမည်းနှင့် လူညိုလူဝါတို့တွင် အဆုံးစွန်အားထားစရာဖြစ်သော ညီညွတ်မှုကို သော်မျှ ထိရောက်စွာ အသုံးမပြုနိုင်သောအခါ လူဖြူက လူမည်းနှင့် လူညိုလူဝါကို အလကားကောင်တွေဟု ထင်တော့သည်။
ကမ္ဘာတွင် ငပွကြီးဟု အမည်တွင်နေသော စွက်ဖက်ကျူးကျော်ရေးသမား နိုင်ငံကြီးကို ကြည့်...။
သူ့တွင် ဓနအင်အားရှိသည်။ ကမ္ဘာ၏ မည်သည့်နေရာသို့ဖြစ်စေ သွားရောက်ကျူးကျော်တိုက်ခိုက်နိုင်သော ရေတပ် လေတပ်ရှိ၏။ ထိုမျှ အင်အားကြီးမားသည့်အတွက် မည်သူ့ကိုမျှ လူမထင်ချေ။ တရားမျှတခြင်း၊ တရားဥပဒေစသော အသုံးအနှုန်းများသည် ငပွကြီးအတွက် မဟုတ်ချေ။
ငပွကြီးသည် တိုင်းနိုင်ငံတစ်ခု မည်မည်ရရ ထူထောင်ထားငြား၊ ခမ်းနားသပ်ယပ်သော လူမျိုးအမည် မရှိချေ။ လူမျိုး မရှိသောကြောင့် မျိုးရိုးဇာတိနှင့် စပ်ဆိုင်သည့် ယဉ်ကျေးမှုလည်း မရှိချေ။ ထိုအခါတွင် အများသုံးဝေါဟာရကိုပင် အများနည်းတူ လက်ခံသုံးစွဲတတ်ခြင်း မရှိပေ။
ပုံစံအားဖြင့် အကြမ်းဖက်ခြင်း။
ငပွကြီးသည် သူကျူးလွန်သော အကြမ်းဖက်မှုကို အကြမ်းဖက်မှုဟု မသုံးသပ်ဘဲ သူနှင့်ဆန့်ကျင်သူ၏ အကြမ်းပတမ်းမှုကိုသာ အကြမ်းဖက်မှုဟု သုံးသပ်သည်။ ဤနည်းဖြင့် သူသည် ငပွကြီးဖြစ်လာ၏။ ဤသို့လျှင် ကျူးကျော်ခြင်း၊ အကြမ်းဖက်ခြင်းတို့သည် အဓိပ္ပါယ်ဖွင့်၍ မရသော ဝေါဟာရများ ဖြစ်နေရတော့သည်။
ငပွကြီးသည် သူ၏ မတရားမှုကို ခေါင်းညိတ်ထောက်ခံလေ့ရှိသော တပည့်များကို မွေးမြူထား၏။ ငပွကြီး၏ တပည့်အများစုမှာ လူဖြူများဖြစ်ပြီး၊ တပည့်အချို့မှာ လူမည်းနှင့် လူညိုလူဝါများ ဖြစ်ကြ၏။ လူညိုလူဝါနှင့် လူမည်းတပည့် အချို့မှာလည်း ကုန်ပစ္စည်းတွေ မသွင်းရ အကျပ်ကိုင်ခံရမည် စိုးရိမ်သောကြောင့် နှာစေးချောင်းဆိုး နေကြရခြင်း ဖြစ်၏။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော လူဖြူများတွင် လူကောင်းတွေများစွာ ပါဝင်ပါလိမ့်မည်။ သမိုင်းသုတေသီ၊ ယဉ်ကျေးမှုသုတေသီတွေ၊ စာပေသမားတွေ ပါဝင်ပါမည်။ ထိုသူများနှင့် မျက်နှာချင်းဆိုင်မိသော မြန်မာများသည် ပြူးတူးပြဲတဲကြည့်သည်။ ဣနြေ္ဒမရအောင် ကြည့်သည်။ ဤနည်းမှာလည်း လူဖြူများ ရောင့်တက်စရာအကြောင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က ဗဟန်းမှတ်တိုင်မှ ရန်ကုန်မြို့ထဲသို့အပြန်တွင် လူဖြူမတစ်ယောက်ကို ဘတ်စ်ကားပေါ်၌ တွေ့သည်။ ကားမှာ စစ်ကျန်ကားများကို ပြုပြင်ထားသဖြင့် ယာဉ်မောင်း၏ ၀ဲဘက်တွင် နှစ်ယောက်ထိုင် ထိုင်ခုံတစ်ခု ပါသည်။ ပေါင်လယ်စကတ်ဖြင့် ဟိုးလိုဟောင်းလောင်းထိုင်လျက် လိုက်ပါလာသော လူဖြူမသည် ပယောပယိမလုပ်သော မျက်နှာကို မြင်လျှင်မြင်ချင်း သူ့ပေါင်တွေ ဒူးတွေကို လွယ်အိတ်ဖြင့်ဖုံးသည်ရော ထီးဖြင့်အုပ်သည်ရော လုပ်၏။
ပယောပယိလုပ်သူနှင့်တွေ့လျှင် သူသည် ထိုကဲ့သို့ လုပ်ဖွယ်မရှိချေ။ သို့ဖြစ်သောကြောင့် သူတို့ကို အထူးအဆန်း ကြည့်ခြင်း၊ အငမ်းမရဖြစ်ခြင်းများသည် မလေးမခန့်ပြုရန် ဖိတ်ခေါ်ရာ ရောက်သည်ထင်၏။
ယနေ့ အာဖဂန်နစ္စတန်နှင့် အီရတ်ကို ကျူးကျော်နေသူများမှာ လူဖြူတွေဖြစ်သည်။ လူဝါလူညို နိုင်ငံအချို့က မျက်နှာလိုမျက်နှာရ ဆေးပေးမီးယူလုပ်နေသည်မှအပ လူဖြူနိုင်ငံတွေချည်းဖြစ်၏။ ယင်းသို့ ကျူးကျော်ရဲခြင်းမှာ အရောဝင်သောမျက်နှာ။ ပယောပယိလုပ်သော အပြုအမူများကြောင့် ရောင့်တက်ပြီး စော်ကားခြင်း ဖြစ်၏။
ဆိုလိုရင်းအဓိပ္ပါယ်မှာ လူမည်းနှင့် လူညိုလူဝါများ အပျင်းမထူရေး၊ ရေသာမခိုရေး ဖြစ်သည်။ ခွေးဖြူ၊ နွားဖြူနှင့် ကြက်ဖြူ ကြောင်ဖြူတွေ ပျင်းပါလျက်၊ လူဖြူတွေ တော်ခြင်းမှာ လူမည်းနှင့် လူညိုလူဝါတွေ အသုံးမကျသောကြောင့်ဖြစ်၏။ အသုံးမကျမှုကို အဆုံးသတ်သင့်ပြီ။

( ၂၀၀၈ ခုနှစ် ဇူလိုင်လထုတ် နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း အမှတ် ၁၁၁ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment