တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိပါတယ်။ အဲဒီဘုရင်ဟာ သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့အခါတိုင်း အပင်တွေကို အရမ်းပွင့်၊ အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်။ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီး ခြောက်နေတယ်။ အဲဒီတော့ “ဘာဖြစ်တာလဲ”လို့ သူကမေးလိုက်တယ်။ ၀က်သစ်ချပင်ကြီးက “ဘယ်လိုဖြစ်ရမှာတုန်း၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကိုတက်တော့ ထင်ရှူးပင်မဟုတ်လေတဲ့အတွက် အမြစ်အားက မခံနိုင်ဘူးဗျို့။ အဲဒီတော့ သေရတော့တာပေါ့”လို့ ပြောတယ်။ အဲဒါနဲ့ ထင်းရှူးပင်ဆီ သွားပြန်တော့ ထင်ရှူးပင်ကြီးက ကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်ရှူးပင်ကြီးကို “ဘယ်လိုဖြစ်တာလဲ”လို့ ဘုရင်ကြီးက မေးပြန်တယ်။ အဲဒီတော့ ထင်ရှူးပင်ကြီးက “ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး အသီးတွေ အရမ်းသီးလိုက်တယ်။ စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်းကွေးသွားတာပေါ့”လို့ ပြောတယ်။
အဲဒီတော့ ဘုရင်ကြီးက စပျစ်ပင်ဆီကို ရောက်ပြန်ရော။ စပျစ်ပင်ကြီးကလည်း သေမလိုဖြစ်နေတယ်။ “ဘယ်လိုဖြစ်တာလဲ”လို့ မေးတော့ “ကျုပ်က နှင်းဆီပင်ကို အားကျပြီး သူ့လိုလိုက်ပြီးပွင့်တာဗျို့၊ အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလည်းမပွင့်တော့ဘဲ အခုလို သေလုမျောပါးဖြစ်သွားရတာပါပဲ”လို့ ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့အခါမှာ အပင်လေးတစ်ပင်ကိုတွေ့တယ်။ အပင်က သိပ်မကြီးပါဘူး။ အရွက်ကလေးတွေ၊ အကိုင်းအခက်ကလေးတွေလည်း စိုစိုပြေပြေနဲ့၊ အပွင့်က ရနံ့လေးတွေလည်း သင်ပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart-Ease လို့ ခေါ်တဲ့ နှလုံးအေးချမ်းပန်း အပင်လေးပါပဲ။ ဘုရင်ကြီးဟာ အဲဒီအပင်ကလေးကို ကြည့်ပြီး “ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံးမှာရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ၊ တချို့လည်း သေလုမျောပြီးဖြစ်နေပြီ၊ နှလုံးအေးချမ်းရယ်.. မင်းကတော့ ရှင်သန်စိုပြည်နေပါလား၊ ဘာကြောင့်လဲ”လို့ မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲဆိုတော့ “အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယျာဉ်ထဲမှာ စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်။ ၀က်သစ်ချပင်လို မဖြစ်စေချင်ဘူး။ ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး။ အဲဒီလိုပဲ ထင်ရှူးပင်မြင့်မြင့်ကြီးကိုလည်း အားမကျပါခဲ့ဘူး။ အသီးတွေ ပြွတ်သိပ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး၊ အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း အားမကျခဲ့ဘူး၊ နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ နေခဲ့တယ်။ နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်။ အားကျပြီး ဘာမှကို မလုပ်ခဲ့ဘူး။ ဒါကြောင့် နှလုံးအေးချမ်းအဖြစ်နဲ့ပဲ ရှင်သန်ရပ်တည်နေနိုင်တာပေါ့။ တခြားဘာမှ မဟုတ်ပါဘူး”လို့ ပြန်ပြီး ပြောလိုက်ပါသတဲ့။

No comments:
Post a Comment