Thursday, August 13, 2009

လူတော်များကြောက်ရန်မလို - နေဇင်လတ်


Management နဲ့ပြောရင် Capacity Building ၊ အများသူငါ အလွယ်တကူပြောတော့ တက်ကျမ်း၊ တကယ်တော့ တစ်ကိုယ်ရည်စွမ်းဆောင်မှုရှိလာအောင် တက်ကြွစိတ်ဖန်တီးပေးခြင်း၊ Motivation ပေးတာပါ။ အဲဒီစာမျိုးကို ပုဒ်ရေ (၁၀၀)လောက် ရေးပြီးရင် သည်နေ့ခေတ်စားနေတဲ့ Management အကြောင်းတွေကို Theory သက်သက်မဟုတ်ဘဲ ကိုယ်တွေ့အတွေ့အကြုံ၊ နိုင်ငံတကာအတွေ့အကြုံတွေနဲ့ ရောပြီးရေးမယ်လို့ သည်တစ်ခေါက် စာပြန်ရေးတဲ့အချိန်မှာ Planning လုပ်ခဲ့ပါတယ်။ နိုင်ငံတကာအဆင့် Management ရောက်ရင် နည်းနည်းတော့ ပိုမြင့်လာပါတယ်။ အားလုံးဟာ အခြေခံတက်ကြွစိတ်၊ လှုံ့ဆော်စိတ်မရှိဘဲ ဘာမှ လုပ်မရပါဘူး။
နိုင်ငံကို ခေါင်းဆောင်မယ့်သူတွေဟာ လူငယ်တွေပါ။ လူငယ်တွေ လူတော်ဖြစ်ဖို့လိုပါတယ်။ ပုံစံခွက်ထဲက အတွေးအခေါ်ကို စွန့်ခွာဖို့လိုပါတယ်။ Change ဆိုတဲ့ အပြောင်းအလဲတွေကိုလည်း ကြောက်စရာမလိုပါဘူး။ လိုက်လျောညီထွေဖြစ်အောင် Adapt လုပ်နိုင်ရင် ပြီးသွားတာပါပဲ။ ဒါပေမယ့် အတွေးသစ်၊ အမြင်သစ်တော့ ရှိရမှာပါ။
၁၉၇၀ ၀န်းကျင်က စာတချို့ရေးခဲ့ဖူးပါတယ်။ အဲဒီအရွယ်က ငယ်သေးတာမို့ အားကစားဆောင်းပါးနဲ့ အချစ်ဝတ္ထုလေးတွေပါ။ တံခွန်၊ စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊ နံရံကပ်စာစောင်နဲ့ သပြေမှာ တချို့ဖော်ပြခံရပြီး စာရေးခြင်း အဆက်ပြတ်သွားခဲ့ပါတယ်။ ၀န်ထမ်းလောကရဲ့ အပြောင်းအရွှေ့၊ နေ့ညမနားတာဝန်တွေကြောင့် စာသိပ်မရေးဖြစ်ခဲ့ပါ။ (၁၉၉၁) ဈေးကွက်စီးပွားရေးမှာ အငြိမ်းစားယူပြီး စီးပွားရေးလုပ်ခဲ့ပြန်ပါတယ်။ အစပိုင်းကာလတွေမှာ အခြေတည်အောင် ကြိုးစားနေရတာမို့ စာအနည်းအကျဉ်းရေးဖြစ်တာကလွဲလို့ များများလည်း မရေးဖြစ်၊ ဘယ်မဂ္ဂဇင်းတိုက်မှလည်း မပို့ဖြစ်ပါ။
(၁၉၉၈) ကျမှ ဆက်တိုက် စာပြန်ရေးဖြစ်ခဲ့ပါတယ်။ သည်တစ်ခါ ရေးချင်တာက လူငယ်တွေ Motivation ရစေမယ့် စာမျိုးတွေ၊ အတွေးအခေါ်၊ အသိအမြင်ဆိုင်ရာ စာမျိုးတွေပဲ ဖြစ်ပါတယ်။ တိုးတက်တယ်ဆိုတာ လူတော်တွေ လုပ်ခဲ့လို့ပါ ဆိုတဲ့ အတွေးအခေါ်မျိုး ဆိုရှယ်လစ်ခေတ်ဝန်ထမ်းဘ၀မှာ လွတ်လပ်စွာတွေးခေါ်ခွင့် မရခဲ့ပါ။ အကြံဉာဏ်သစ်ကို မကြိုဆိုပါ။ အထက်က ချပေးတာကို မှန်မှန်၊ မှားမှား အကောင်အထည်ဖော်ရတာထက် ဘာမှပိုလုပ်လို့ မရခဲ့ပါ။
တစ်ကြိမ်က အထက်မှစေခိုင်းချက်ကို ပိုကောင်းမယ်ထင်တဲ့ အကြံဉာဏ်ပေးလို့ လူကြီးစိတ်ကွက်တာ ခံခဲ့ဖူးပါတယ်။ အဲဒီအမွေဆိုးက ကျွန်တော်တို့လို အသက် (၅၀)ကျော်တွေနဲ့ သည်နေ့လူငယ်တွေ ခံနေရဆဲ ဖြစ်ပါတယ်။ ရလဒ်က တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူးပေါ့။
သည်နေ့ခေတ်က တချို့နေရာတွေမှာ ပြောင်းသွားခဲ့ပါပြီ။ တချို့နေရာတွေမှာ ပြောင်းဆဲပါ။ တချို့နေရာတွေ ကျန်နေပါသေးတယ်။ အပြောင်းအလဲရဲ့ အင်္ဂါရပ်စုံသွားရင်တော့ ကောင်းလာမှာပါ။ ကြာသင့်တဲ့အချိန်ထက် ပိုမကြာစေဖို့ဘဲ ဖြစ်ပါတယ်။ အရင်ခေတ်အဆက်ဆက်မှာ ဦးဆောင်သူတွေ သိသလိုနဲ့ မသိကြတာက Power Politics နဲ့ National Politics ပဲ ဖြစ်ပါတယ်။ ပြန်ပြောရင်၊ အကြံဉာဏ်ကောင်းပေးရင် Power Politics ရှုထောင့်က ကြည့်ခြင်း ခံရပါတယ်။ သူတို့တကယ်မသိဘူး။ စိုးရိမ်စိတ်လွန်ကဲတယ်ဆိုတာ ထင်ရှားပါတယ်။ ရုပ်ဝတ္ထုတွေ တိုးတက်အောင်၊ နိုင်ငံကြွယ်ဝအောင် လူသန်းပေါင်းများစွာ လုပ်နေကြတာ National Politics ဖြစ်ပါတယ်။ စိုးရိမ်စရာမရှိပါ။ သီးခြားကဏ္ဍ ဖြစ်ပါတယ်။ တိုးတက်မှုကို ဆောင်ကြဉ်းတာ လူတော်တွေဆိုတာ သိထားရမှာဖြစ်ပါတယ်။ Power Politics က National Politics ကို ခိုင်းစာတတ်ဖို့ပဲ ဖြစ်ပါတယ်။ လမ်းကြောင်းက တခြားစီဖြစ်တာမို့ စိုးရွံ့စိတ်ရှိရန် မလိုပါ။
သည်နေ့ခေတ်က Market Economy ဖြစ်တဲ့အတွက် နိုင်ငံတကာ အတွေ့အကြုံ ကူးလူးရရှိဖို့ မခက်ခဲပါ။ IT ရဲ့ နယ်ခြားစည်းမျဉ်း ချုံ့ပစ်နိုင်ခြင်းကလည်း အထောက်အကူတစ်ရပ် ဖြစ်လာပါတယ်။ သည်ဘက်ခေတ်မှာ တော်တော်များများ ဦးဆောင်သူတွေ လက်ခံနိုင်လာခြင်းဟာ ကောင်းတဲ့အလားအလာတစ်ရပ် ဖြစ်ပါတယ်။

လူတော်ကြောက်ရောဂါဖယ်ရှားသင့်
ရာဇ၀င်ထဲမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်ပြုဖို့ဖြစ်လာရင် မဆိုင်တဲ့ နိုင်ငံသားတွေ သေကြေပျက်စီးခြင်းမှ ရှောင်လွှဲနိုင်အောင် သူရဲကောင်းနှစ်ဦး စီးချင်းထိုးတတ်ကြတာ ဖတ်မိကြမှာပါ။ သူရဲကောင်းဆိုကတည်းက သာမန်တော့ မဟုတ်တော့ပါဘူး။ စစ်ရေးစစ်ရာကျွမ်းကျင်ပြီး အသိပြည့်စုံတဲ့သူ ဖြစ်ပါတယ်။ တစ်ဦးကိုတစ်ဦး မကြောက်လို့လည်း စီးချင်းထိုးနိုင်ကြတာပါ။
တိုးတက်တဲ့ခေတ်နဲ့ နိုင်ငံတွေကို လေ့လာရင်လည်း ပညာရှိတွေ ဦးစားပေးတဲ့ကာလမှာ နိုင်ငံတိုးတက်လာတာတွေ တွေ့နိုင်ပြီး မင်း တွေကလည်း တော်ကြတာ တွေ့နိုင်ပါတယ်။ ခပ်ညံ့ညံ့ မင်း တွေလက်ထက်မှာ ပညာဦးစားပေးတာ မတွေ့ရဘဲ နိုင်ငံလည်း မတိုးတက်ခဲ့ကြပါ။
သူရဲကောင်းချစ်တဲ့ မင်း လက်ထက်မှာ သူရဲကောင်းတွေ အများအပြား ပေါ်ထွက်တတ်ပြီး ပညာရှိတဲ့ မင်း လက်ထက်မှာ ပညာရှင်တွေ အများကြီး ထွက်ပေါ်လာခဲ့ကြပါတယ်။ နိုင်ငံလည်း တိုးတက်ခဲ့ကြပါတယ်။
ပညာရှိနဲ့ ပညာရှင်ဟာ National Politics ကို လုပ်ကိုင်ကြသူတွေဖြစ်ပြီး အုပ်ချုပ်သူ မင်း ၊ ဧကရာဇ်တွေက Power Politics ကို ဆောင်ရွက်ကြသူတွေ ဖြစ်ပါတယ်။ အဲဒါကို မခွဲခြားနိုင်တဲ့ ဘုရင်လက်ထက်မှာ အရာရာကို ကြောက်ရွံ့ပြီး မတိုးတက်သွားတာပဲ အဖတ်တင်ကျန်ရစ်ခဲ့ပါတယ်။ ခွဲခြားသိမြင်တဲ့ ဧကရာဇ်၊ တကယ်တော်ပြီး တကယ်ခေါင်းဆောင်ပီသတဲ့ ဘုရင်တွေက ပညာရှိနဲ့ ပညာရှင်တွေကို နေရာပေးပြီး တိုးတက်မှုကို ဆောင်ကြဉ်းကြပါတယ်။
ပညာတန်ဖိုးမရှိရင် စာသင်ကျောင်းတွေ ပေါ်လာစရာမရှိပါဘူး။ လိုအပ်လို့ ပေါ်လာတာဖြစ်ပြီး တကယ်အသုံးဝင်လို့ တစ်ကမ္ဘာလုံး ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ကိုယ်လည်းတော်ပါစေ
ကုမ္ပဏီလောကမှာလည်း အရင်စနစ်က အမွေတွေ တော်တော်များများ သုံးမကုန်အောင် ကျန်ခဲ့တာ သတိပြုမိပါတယ်။ မန်နေဂျာက ပြန်ပြောရင်၊ ပိုကောင်းတဲ့ အကြံဉာဏ်ပေးရင် Boss လုပ်တဲ့သူက သိပ်မကြိုက်ချင်ပါဘူး။ တော်တဲ့ မန်နေဂျာတွေကြောင့် တော်မှုကူးစက်ခြင်း ကတစ်ဆင့် ကိုယ်လည်း ပိုတော်လာမယ်ဆိုတဲ့ အမြင်မျိုး ရှိသင့်၊ ခံယူသင့်ပါတယ်။
လူညံ့တွေပေါ် လူပေါ်လူဇော်လုပ်နိုင်တာ ကိုယ်တော်တာ မဟုတ်ပါ။ လူတော်ကို ခိုင်းစားနိုင်တဲ့ Boss ကသာ တကယ်လူတော် ဖြစ်ပါတယ်။ မန်နေဂျာတွေညံ့ရင် ကိုယ်လည်း တဖြည်းဖြည်းညံ့လာမယ်။ ကိုယ့် Organization လည်း တဖြည်းဖြည်း ညံ့လာမယ်ဆိုတာ သတိပြုသင့်တဲ့အရာ ဖြစ်ပါတယ်။
အဖွဲ့အစည်းတိုးတက်မှုက အဓိကလား။
ကိုယ့်သြဇာလွှမ်းမိုးမှုက အဓိကလား။
သူ့နေရာသူ၊ သူ့လမ်းသူ သတ်သတ်မှတ်မှတ် ဆောင်ကြဉ်းပါ။ သူ့အင်္ဂါရပ်တွေ ရှိပါတယ်။ ကိုယ်ကတော်လာရင် ဘယ်လောက်တော်တဲ့သူဖြစ်ဖြစ် လူတော်ကြောက်ရောဂါ မရှိနိုင်ပါ။ အဲဒီရောဂါရှိပြီဆိုရင် ကိုယ်ညံ့နေပြီလို့ ပြောလို့ ရပါတယ်။ လူတော်ဆိုတာ ပြောတိုင်းလက်မခံပါ။ အနည်းဆုံး Exchange of Vision ဆိုတဲ့ အနာဂတ်အမြင်တော့ ဆွေးနွေးမှာ အမှန်ပါ။

အိုင်ယာကော့ကာ
တစ်ချိန်က Ford ကားကုမ္ပဏီ အကြီးအကျယ် အောင်မြင်အောင် အိုင်ယာကော့ကာက ဆောင်ကြဉ်းခဲ့ပါတယ်။ အဓိက ၀င်ငွေရှာပေးတဲ့ Mustang Model စတင်အတွေးထဲရောက်လာပြီး မော်တော်ကားအဖြစ် လမ်းပေါ်ရောက်တဲ့အထိ မဟာဗျူဟာကို အိုင်ယာကော့ကာက သုံးခဲ့ပါတယ်။ အိုင်ယာကော့ကာက Paid CEO ပါ။ လစာနဲ့ခန့်ထားတဲ့ ၀န်ထမ်းလို့ ပြောလို့ရပါတယ်။ Henry Ford ရဲ့ မြေး Ford က အဓိကရှယ်ယာရှင်ဖြစ်ပါတယ်။ ပြောချင်တာက Ford က Power Politics ကို ကိုင်သူဖြစ်လို့ အိုင်ယာကော့ကာကို စိုးရိမ်စိတ်နဲ့ အလုပ်ထုတ်လိုက်တာမှာ Ford Motor အောင်မြင်မှု စတင် ကျဆုံးခဲ့ရပါတယ်။
လူတော်မှန်းသိလို့ နွံနစ်နေတဲ့ ပြိုင်ဘက် Chrysler Motor က အိုင်ယာကော့ကာကို CEO ရာထူးပေးလိုက်ပါတယ်။ လူတော်ဟာ လူတော်အလုပ်လုပ်ပြီး အောင်မြင်မှုကို ဆောင်ကြဉ်းတာ သူ့ဝိသေသပါ။ Chrysler နွံထဲကထွက်ပြီး အကျိုးအမြတ် ရသွားပါတယ်။ Ford Motor က မိအေးနှစ်ခါနာ ဖြစ်သွားပါတယ်။ ကိုယ်ကကျပြီး၊ လူတော်ဆုံးရှုံးလို့ ပြိုင်ဘက်က ခေါင်းထောင်လာမှုနဲ့ ခါးသီးတဲ့ အတွေ့အကြုံကို သင်ခန်းစာအဖြစ် ရသွားပါတယ်။
လုပ်ငန်းကြီးရင် ဆုံးရှုံးမှုကြီးပါတယ်။

စာတမ်းတွေရေးဖြစ်တော့ Nissan Motor အကြောင်း စာတမ်းတစ်စောင် ရေးဖြစ်ခဲ့ပါတယ်။ Nissan လည်း နွံနစ်ပြီး ဒေ၀ါလီခံရလုနီးပါး ဖြစ်သွားပါတယ်။ ပြင်သစ်က Renault နဲ့ ပေါင်းပြီး Renault က CEO Carlos Gohson က Nissan ကို ကိုင်တော့မှ Nissan အကြွေးကျေပြီး အမြတ်ရ ခေါင်းထောင်လာနိုင်ပါတယ်။ Nissan ကိုကြည့်ရင် (၁၉၃၂)ခုနှစ်ထဲက ဂျပန်တွေ တောက်လျောက်ဦးဆောင်လာခဲ့တဲ့ မော်တော်ကားကုမ္ပဏီပါ။ ကိုယ်မစွမ်းတော့ စွမ်းတဲ့သူ ခေါ်ရပါတယ်။ သမိုင်းတစ်လျှောက် ဦးဆုံး နိုင်ငံခြားသား ဦးဆောင်မှုအပြောင်းအလဲဖြစ်လို့ ဂျပန်တွေရဲ့ ခံစားမှုကို ၀င်ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အဖွဲ့အစည်း မပျက်စီးရေးဆိုတဲ့ ပန်းတိုင်ကြောင့် မချစ်သော်လည်း အောင့်ကာနမ်းနိုင်မှုကြောင့် Nissan ရေပေါ်ပြန်ပေါ်ခဲ့ပါတယ်။
ပြောချင်တာက လူတော်ကို သုံးတတ်ဖို့ပါ။
တိုးတက်မှုကို လူတော်ကသာ စွမ်းဆောင်နိုင်လို့ပါ။
ကျွန်တော်တို့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းလောကမှာ ၀ိဝါဒ မကွဲပြားကြသေးပါ။ တိုးတက်မှု လိုချင်တာလား။ လူညံ့တွေပေါ် ခေါင်းတစ်လုံးသာချင်တာလား။ သိသလိုနဲ့ မသိတဲ့ အရေးကြီးကိစ္စဖြစ်ပါတယ်။
ဆက်လက်တင်ပြအပ်ပါသည် ဆိုတဲ့ တင်ပြစာကိုသာ ရေးတတ်တဲ့ မန်နေဂျာဟာ ဘယ်တော့မှ လူတော်မဖြစ်မလာပါ။ အဲဒီ မန်နေဂျာတွေများနေတဲ့ Organization မှာ တိုးတက်မှုမရနိုင်ပါ။
ထိုသို့ဆောင်ရွက်သင့်ပါသည် ဆိုတဲ့ မန်နေဂျာမျိုး များများရှိဖို့ လိုပါမယ်။ တကယ် လေးလေးနက်နက် စဉ်းစားရင် လူတော်တွေဟာ ကြောက်စရာကောင်းတဲ့ သတ္တ၀ါမျိုး မဟုတ်ပါ။ ချစ်စရာကောင်းတဲ့ သတ္တ၀ါများသာ ဖြစ်ပါတယ်။
လူညံ့တွေပေါ်မှာ ခေါင်းတစ်လုံးပိုမြင့်တာ ဂုဏ်ယူစရာမဟုတ်ပါ။
လူတော်တွေ ခိုင်းစားတတ်ခြင်းကသာ ဂုဏ်ယူစရာဖြစ်ပါတယ်။
Boss ဖြစ်လာမည့်သူများ အနည်းဆုံး Power Politics နဲ့ National Politics ကို ခွဲခြားသိရင် လူတော်များကြောက်စိတ်မှ ကင်းဝေးပြီး Organization ရဲ့ တိုးတက်ရာတိုးတက်ကြောင်း ဆောင်ကြဉ်းနိုင်ကြမှာ ဖြစ်ပါတယ်။

( နေဇင်လတ်အမွေပေးသည်ဆိုရာမှာ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics