Thursday, August 13, 2009

နေရာဟောင်း၌ - မောင်ဟေမာ


ခရေပွင့်တွေ၊ မြေမှာဝေ၍
လေပြည်မြစမ်း၊ မြေနီလမ်းနှင့်
အေးချမ်းသာစွ ကျောင်းကလေး။

မြပင်ညောင်ညို၊ ခေါင်းလောင်းချိုနှင့်
ကုက္ကိုရိပ်သာ၊ အေးချမ်းစာနှင့်
သာယာပေစွ ကျောင်းကလေး။

ဤနေရာ၌
ငါတို့ငယ်ငယ်၊ ဖယောင်းနွယ်သို့
နုနယ်ပုံပန်း၊ လိုရာသွန်းဟု
ကျောင်းခန်းသို့ဝင်၊ ပြုံးရွှင်ရွှင်နှင့်
မင်္ဂလာပါ၊ တသာသာနှင့်
နေလာခဲ့ကြ ပျော်ခဲ့ကြ။

ဤနေရာ၌
ကကာကိကီ၊ သံစီစီနှင့်
သီကာကျူးကာ၊ တေးကဗျာနှင့်
နေလာခဲ့ကြ ပျော်ခဲ့ကြ။

ဤနေရာ၌
ငါတို့ဘ၀၊ မီးအိမ်ပြလျက်
သွားကြပါလေ၊ လမ်းညွှန်ပေ၍
စေတနာမွန်၊ အိပ်မှောက်သွန်သည့်
မွန်မြတ်လှစွာ၊ မြတ်ဆရာနှင့်
နေလာခဲ့ကြ ပျော်ခဲ့ကြ။

အေးမြရိပ်ငြိမ်၊ ဤကျောင်းအိမ်မှာ
တစ်ချိန်ခါက၊ နေခဲ့ရလည်း
ဘ၀စခန်း၊ ပညာလမ်းတွက်
ငြမ်းနှင့်တူစွာ၊ ဤနေရာကို
ခွဲသာခွဲရ မမေ့ကြ။

ပန်းတိုင်ထက်ဖျား၊ တက်၍သွားလည်း
လှေကားတစ်ထစ်၊ အမှန်ဖြစ်သည့်
ချစ်မြတ်နိုးစွာ၊ ဤနေရာကို
ခွဲသာခွဲရ မမေ့ကြ။

သြော်... နေရာဟောင်းသို့
ပြန်ပြောင်းရောက်လာ၊ သောအခါဝယ်
သံသာအေးအေး၊ ခေါင်းလောင်းတေးနှင့်
ပျံ့မွှေးခရေ၊ ညင်းလေပြေနှင့်
မြေနီလမ်းလေး၊ ဖုန်ဖုန်ဖွေးနှင့်
တေးဂီတဆန်၊ စာအံသံနှင့်
လွင့်ပျံယှက်မိုး၊ ရင်ကိုနှိုးစဉ်
မြတ်နိုးလှစွာ၊ မြတ်ဆရာသို့
မေတ္တာပျံ့ပျူး၊ စိတ်ညွတ်နူး၍
ကျေးဇူးမြင်းမိုရ်၊ တမ်းတဆိုကာ
ကြည်ညိုဦးခိုက် နေမိတကား။.....။

No comments:

Post a Comment

 
Web Statistics