၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည့် အမိန့်စာ အပိုဒ်(၆)တွင် ထူးခြားသော စာကြောင်းတစ်ကြောင်း ပါဝင်သည်ကို တွေ့ရသည်။ အဆိုပါစာကြောင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အပိုဒ် ၆။ ဒေါ်အောင်ဆန်းစုကြည်သည် လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့်အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲပါသတ်မှတ်ပေးထားသော စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အား အရေးယူခဲ့သည့် ဖြစ်စဉ်သည် ယခုအခါ ပြီးစီးသွားပြီဖြစ်သော အတိတ်ကိစ္စရပ်တစ်ခု ဖြစ်နေသောကြောင့်လည်းကောင်း၊ အခြားသော အကြောင်းကြောင်းကြောင့်လည်းကောင်း အဆိုပါကိစ္စရပ်ကို မဆွေးနွေးတော့ဘဲ အနာဂတ်တွင် အဆိုပါကိစ္စရပ်၏ နောက်ဆက်တွဲဖြစ်ရပ်များက မြန်မာနိုင်ငံသား သန်း ၅၀ ၏ ဘ၀ကို မည်သို့မည်ပုံ သက်ရောက်မှုရှိနိုင်ကြောင်းကို ယခုဆောင်းပါးတွင် သုံးသပ်ဖော်ပြလိုပါသည်။ ပို၍ တိတိကျကျပြောရလျှင် အစိုးရ၏ အမိန့်ကြော်ငြာစာတွင် ပါရှိသော စာပိုဒ်အမှတ် (၆) သည် ဒေါ်အောင်ဆန်းစုကြည်ကို မူတည်၍ ဖြစ်နိုင်ချေရှိသော နိုင်ငံရေး Status-quo ၌ ထွက်ပေါက်အဖြေတစ်ခုရှိနေကြောင်း ညွှန်ပြနေခြင်းဖြစ်သည်ဟု ယူဆသောကြောင့် ယခုဆောင်းပါးကို ရေးသားဖော်ပြရခြင်း ဖြစ်ပါသည်။
ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သောအချိန်ကာလအတွင်း၌ပ်င လွတ်ငြိမ်းချမ်းသာခွင့် ပြုနိုင်ချေရှိကြောင်း အမိန့်စာတွင် ထည့်သွင်းဖော်ပြထားခြင်းသည် ထူးခြားပါသည်။ သာမန်အားဖြင့် ဤစာပိုဒ် အမှတ် (၆) သည် မပါလျှင်လည်း ဖြစ်နေသည့် သဘောရှိသောကြောင့် ကျယ်ပြန့်သောအဓိပ္ပါယ်ကိုဆောင်သည်ဟု ကောက်ယူရမည် ဖြစ်ပေသည်။
အမှန်အားဖြင့် အဆိုပါစာပိုဒ် အမှတ် (၆)ပါ စည်ကမ်းချက်များနှင့်အညီ ကောင်းမွန်စွာနေထိုင်ခြင်းဆိုသည့် စကားရပ်မှာ များစွာကျယ်ပြန့်သော အဓိပ္ပါယ်များ ပါဝင်နေသည်ဖြစ်ရာ တပ်မတော်ခေါင်းဆောင်များ၏ လိုလားချက်များကို အဓိပ္ပါယ်ကောက်ယူနိုင်ရန် လိုအပ်လာပါသည်။ ဆိုလိုသည်မှာ မည်သည့်အခြေအနေမျိုးဖြစ်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးနိုင်သည်ဟု သိရှိရန် လိုအပ်လာပါသည်။ အမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အစိုးရ၏ ထုတ်ပြန်ကြေငြာချက် စာပိုဒ်အမှတ် (၆) နှင့် ဆက်စပ်ပြောကြားရခြင်းမှာ အကြောင်းရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ၏ လွတ်မြောက်ရေးမှာ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်၍ ရှေ့တန်းမတင်သင့်ဟု ယူဆကောင်းယူဆနိုင်သော်လည်း အမှန်အားဖြင့် ဤကိစ္စသည် မြန်မာနိုင်ငံသား သန်း ၅၀ နိုင်ငံရေး Status-quo မှ လွတ်မြောက်ရေးနှင့် ဆက်စပ်နေသောကြောင့် လူတစ်ဦးတစ်ယောက်၏ အရေးထက် ပိုပါသည်။ မြန်မာနိုင်ငံ၏ မိတ်ဆွေ၊ အိမ်နီးချင်းအာစီယံနိုင်ငံများအပါအ၀င် နိုင်ငံတကာကလည်းကောင်း၊ မြန်မာပြည်သူအများစုကလည်းကောင်း နိုင်ငံရေးရေချိန်ကို အဆိုပါပေတံနှင့် တိုင်းမိလျက်သားဖြစ်နေသည်မှာ နှစ်ပေါင်း ၂၀ ခန့် ရှိနေပြီဖြစ်ရာ ထိုပေတံကို လက်တွေ့ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ လက်ခံရတော့မည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံသား သန်း ၅၀၊ အထူးသဖြင့် လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများ၏ စီးပွားရေးဘ၀ကို ထောင်မတ်ပေးရန်အလို့ငှာ နိုင်ငံတကာ အကူအညီများရရှိရေး၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် ပုံမှန်ဆက်ဆံရေးများ ပြန်လည်ထူထောင်ရေး၊ ပိတ်ဆို့အရေးယူမှုများ ရပ်ဆိုင်းရေးသည် နိုင်ငံရေး Status-quo ရပ်ဆိုင်းရေးပင်ဖြစ်ပြီး အထက်တွင်ပြောခဲ့သည့် ပေတံသည် စံနှုန်းသဖွယ်ဖြစ်နေသောကြောင့် အမိန့်ကြော်ငြာစာပါ စာပိုဒ်အမှတ် (၆)သည် အရေးကြီးသော စာပိုဒ်တစ်ခု ဖြစ်နေပါသည်။ တစ်နည်းအားဖြင့် အဆိုပါ စာပိုဒ်အမှတ် (၆)၏ အနက်အဓိပ္ပါယ်၊ တစ်နည်းအားဖြင့် တပ်မတော်၏ လိုလားချက်များကို အဓိပ္ပါယ်ဖော်နိုင်ရေးသည် များစွာအရေးကြီးပါသည်။
တပ်မတော်၏ လိုလားချက်များကို စာရေးသူနားလည်သလို ဘာသာပြန်ကြည့်ရပါလျှင် Guardian အဖြစ် ခံယူထားသူ တပ်မတော်၏ Rule of the game အတိုင်း လိုက်ပါကစားရန် သဘောတူ မတူကိစ္စမှာ ကနဦးဆုံးဖြတ်ရမည့် အချက်တစ်ချက် ဖြစ်ပေသည်။ နောက်ထပ် စာရေးသူဘာသာပြန်ဆို ရရှိသည့်အချက်မှာ တပ်မတော်၏ Rule of the game အတိုင်း လိုက်ပါကစားရန် သဘောတူရုံသက်သက်ဖြင့် နိုင်ငံရေး Status-quo မှာ ရပ်ဆိုင်းသွားလိမ့်မည် မဟုတ်ဟူသော အချက်ဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် ရွေးကောက်ပွဲတွင် သူနိုင်ကိုယ်နိုင်ကြဲကြလျှင် ဖြစ်နိုင်ခြေရှိသော ပွတ်တိုက်မှုများရှိနေသောကြောင့် ဖြစ်သည်။ တပ်မတော်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်သည် လမ်းညွှန်မြေပုံခရီးစဉ်အတွက် အနှောင့်အယှက်မဟုတ်ရုံမျှမက နိုင်ငံတည်ဆောက်ရေးအတွက် အပြန်အလှန် လိုအပ်ချက်ရှိသည့် မဟာဗျူဟာ မိတ်ဖက်ဖြစ်သည်၊ အာဏာကို ဖြတ်လမ်းက ရယူလိုသူမဟုတ်ဟု တုံးတုံးချ ယုံကြည်သွားနိုင်စေရန် တစ်ခုတည်းသောနည်းလမ်းဟု စာရေးသူထင်မိသည်မှာ စနစ်ပြောင်း-အုပ်ချုပ်သူမပြောင်း ကိစ္စကို သဘောထားကြီးကြီးဖြင့် သဘောတူနိုင်ရေးပင် ဖြစ်ပါသည်။ ထိုသို့ သဘောတူခြင်းသည် အစိုးရ၏ ကြော်ငြာချက်ဖြစ်သည့် စာပိုဒ်အမှတ် (၆) ပါ ဖြစ်နိုင်ခြေများကို မုချအသက်ဝင်စေလိမ့်မည်ဟု ယုံကြည်ပါသည်။
Negotiation သီအိုရီများတွင် ဖွင့်ဆိုသကဲ့သို့ Issue တစ်ခုကိုသာ ဗဟိုပြု၍စဉ်းစားလျှင် တစ်ဦး၏ Gain ခေါ် အကျိုးကျေးဇူးရရှိမှုသည် အခြားတစ်ဦး၏ ဆုံးရှုံးမှုဖြစ်သော်လည်း Mutiple Issues ခေါ် အကြောင်းမျိုးစုံကို စဉ်းစားလျှင် ဆုံးရှုံးမှုအချို့ရှိသည့်တိုင် အချို့ဆန္ဒပြည့်နိုင်သည်ကို တွေ့ရပါလိမ့်မည်။ အထူးသဖြင့် နိုင်ငံရေးပြေလည်မှုကြောင့် နိုင်ငံသား သန်းငါးဆယ်နှင့် ထိုသူများ၏ နောက်မျိုးဆက်များတိုင် ဆက်လက်ခံစားရရှိမည့် Gain ကောင်းကျိုးမှာ များစွာမြင်သာပါသည်။
အမှန်အားဖြင့် စာရေးသူသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး Status-quo တွင် အဖြေရှိသည်ဟု အစဉ်တစိုက် ယုံကြည်ခဲ့သူ ဖြစ်ပါသည်။ ထိုသို့ယုံကြည်သည့်အားလျော်စွာလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစုပေါင်း၏ ၅၀ အောက်သာ ၀င်ပြိုင်ပါမည်ဟု အဆိုပြုခြင်းဖြင့် အားလုံး Win-Win ဖြစ်နိုင်သည့် Happy Ending ရနိုင်ကြောင်း အစဉ်တစိုက်ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ထိုအယူအဆကို မြန်မာနိုင်ငံအတွင်း တရားဝင်ထုတ်ဝေခွင့်ရသည့် မီဒီယာပေါ်တွင် မကြာသေးမီကာလများမှစ၍ ရေးသားပြောဆိုခွင့် ရလာခဲ့သည်ကို စာဖတ်သူများလည်း သတိထားမိလိမ့်မည်ဟု ထင်ပါသည်။ ၂၀၀၉ ခုနှစ် ဧပြီလထုတ် The Voice Weekly အတွဲ ၅၊ အမှတ် ၂၄ တွင် Street-smart Book-smart ဆွေးနွေးခန်းအသွင်ဖြင့် ဖော်ပြခဲ့သည့်ဆောင်းပါးတွင် စာရေးသူ အောက်ပါအတိုင်း ရေးသားခဲ့ဖူးပါသည်။
SS: ဒီတော့ ရွေးကောက်ပွဲကို အရှုံးပေးလိုက်ပါလို့ ခင်ဗျားဆိုလိုချင်တာလား။
BS: ဒီကိစ္စကို ရှုံးတယ်နိုင်တယ် စဉ်းစားရမယ့်ပွဲအဖြစ် မစဉ်းစားဘဲ တပ်မတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းအကြား Trust တည်ဆောက်တဲ့ပွဲလို့ စဉ်းစားရင် အဓိပ္ပါယ်တစ်မျိုးထွက်ပါတယ်။ အနည်းဆုံးတော့ဗျာ Artificial Trust တစ်ခုတော့ ဆောက်နိုင်ဖို့လိုပါတယ်။
SS: ခင်ဗျားပြောသလို တစ်ဝက်အောက်သာဝင်ပြိုင် အရှုံးပေးပြီး Artificial Trust ဆောက်လိုက်ရင် ဘာကောင်းကျိုး ရမှာမို့လဲဗျ။
BS: အနည်းဆုံးတော့ဗျာ တပ်မတော်အနေနဲ့ အဲဒီလိုသဘောထားကြီးသူကို သဘောထားကြီးကြီးနဲ့ တုံ့ပြန်မှာပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့ အားကောင်းတဲ့ Opposition ရမယ်။ စနစ်ကျနတဲ့ Check and Balance Political Process ကို စတင်နိုင်မယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးလည်း လွတ်မြောက်လာပြီး သားရွှေအိုးထမ်းလာတဲ့ကိန်း ဆိုက်နိုင်ပါတယ်ဗျာ။
SS: အဲဒီလိုဖြစ်လိမ့်မယ်လို့ ခင်ဗျား အာမခံနိုင်လို့လားဗျာ။
BS: ခင်ဗျားကလည်းဗျာ သေချာမှလုပ်မယ်ဆိုရင် ဒီနေ့လေယာဉ်ပျံဆိုတာ မိုးပေါ်ပျံနေမှာ မဟုတ်ဘူးဗျ။
အဆိုပါဆောင်းပါးအပြီးတွင် မိတ်ဆွေတော်တော်များများက စာရေးသူကို မေးခဲ့ကြသည့်မေးခွန်းမှာ အဲဒီလို အလျှော့ပေးလိုက်လျှင် ခင်ဗျားရေးထားသလို လွှတ်ပေးလိမ့်မယ်လို့ထင်သလားဟူသော မေးခွန်းဖြစ်ပါသည်။ အချို့ကလည်း ရွေးကောက်ပွဲဝင်သည်ဆိုခြင်းမှာ အနိုင်ရလို၍၀င်ခြင်းဖြစ်၍ အရှုံးပေးရလျှင် ဘာထူးသနည်းဟု မေးခဲ့ကြသည်။ ရွေးကောက်ပွဲ၌ တစ်ဝက်အောက်ဝင်ပြိုင်မည်ဟု ထုတ်ပြန်ကြေညာခဲ့လျှင် စာရေးသူမျှော်မှန်းသလို လွှတ်ပေးလိမ့်မည်ထင်သလားဆိုသော မေးခွန်းကို စာရေးသူမဖြေနိုင်ခဲ့ပါ။ စာရေးသူသည် အခြေအနေကို သုံးသပ်ဘာသာပြန်ကြည့်ခြင်းသာဖြစ်ကြောင်း၊ အာဏာပိုင်မဟုတ်သည့်အားလျော်စွာ ကံသေကံမ မပြောတတ်ကြောင်းသာ ဖြေဆိုခဲ့ရပါသည်။ ယခုအစိုးရ၏ ထုတ်ပြန်ကြော်ငြာချက် စာပိုဒ် အမှတ် (၆) သည် ထိုစဉ်က စာရေးသူမဖြေနိုင်ခဲ့သော မေးခွန်း၏အဖြေကို ပေးနေခြင်းဖြစ်၍ စာရေးသူများစွာ ရင်ခုန်မိပါသည်။
လာမည့်ရွေးကောက်ပွဲတွင် ဖြစ်နိုင်ခြေအားလုံးကို တစ်ခုမကျန်ရေးချလျှင် အောက်ပါ Scenario များ ရရှိပါလိမ့်မည်။ Scenario တစ်ခုချင်းကို အဆိုပါ Scenario ဖြစ်ခဲ့လျှင် ဘာဆက်ဖြစ်မည်ဟု စဉ်းစားကြည့်နိုင်လျှင် Scenario တစ်ခုချင်း၏ အကျိုးဆက်များ မြင်တွေ့ရပါလိမ့်မည်။ ယေဘုယျအားဖြင့် ဖြစ်နိုင်ခြေအရပ်ရပ် (၄)မျိုးရှိသည်ဟု ဆိုရန်ရှိပြီး မဟာဗျူဟာမြောက်စဉ်းစားလျှင် (၅)မျိုးရှိသည်ကို တွေ့နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နည်းလမ်းအမှတ် (၅)ကို ရွေးချယ်ခဲ့လျှင် ကြော်ငြာချက်စာပိုဒ်အမှတ် (၆) ဖြစ်နိုင်ခြေရှိသွားပြီဟု ဆိုရပါမည်။ ကျန်နည်းလမ်း အမှတ် (၁)၊ (၂)၊ (၃)၊ (၄) အားလုံးမှာ Status-quo ဆီ ပြန်သွားသော နည်းလမ်းများ ဖြစ်ပါသည်။

စဉ် | Scenario | အကျိုးဆက် |
၁ | ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြု။ | (မည်သို့ ဆက်ဖြစ်နိုင်သည်ကို ကိုယ်တိုင်သုံးသပ်နိုင်ရန် ကွက်လပ်ထားခဲ့ပါသည်။) |
၂ | ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည်။ သို့သော် အမတ်လောင်းများ တည်ဆဲဥပဒေဖြင့် ငြိစွန်း၍ အနည်းငယ်သာ ၀င်ရောက်ယှဉ်ပြိုင်နိုင်သည်။ | (မည်သို့ ဆက်ဖြစ်နိုင်သည်ကို ကိုယ်တိုင်သုံးသပ်နိုင်ရန် ကွက်လပ်ထားခဲ့ပါသည်။) |
၃ | ရွေးကောက်ပွဲတွင် ၀င်ပြိုင်သည်။ အကြောင်းကြောင်းကြောင့် အနည်းစုသာ အနိုင်ရရှိသည်။ | (မည်သို့ ဆက်ဖြစ်နိုင်သည်ကို ကိုယ်တိုင်သုံးသပ်နိုင်ရန် ကွက်လပ်ထားခဲ့ပါသည်။) |
၎ | ရွေးကောက်ပွဲတွင် ၀င်ပြိုင်သည်။ အများစု အနိုင်ရရှိသည်။ | (မည်သို့ ဆက်ဖြစ်နိုင်သည်ကို ကိုယ်တိုင်သုံးသပ်နိုင်ရန် ကွက်လပ်ထားခဲ့ပါသည်။) |
၅ | ရွေးကောက်ပွဲတွင် တိုင်းရင်းသားများနှင့် တပ်မတော်ကို အလျှော့ပေးသည့်အနေဖြင့် (ပြည်နယ်မဟုတ်သော) တိုင်းများတွင်သာ ယှဉ်ပြိုင်သည်။ မဲဆန္ဒနယ်စုစုပေါင်း၏ တစ်ဝက်အောက်သာ ယှဉ်ပြိုင်သည်။ | Happy Ending – Building Artificial Trust လွှတ်တော်ပေါ်တွင် အင်အားကြီးအတိုက်အခံပါတီကိုရရှိ၊ Check and Balance Political Process စတင်မြင်တွေ့ရနိုင်၊ စီးပွားရေးပြဿနာများ ဖြေရှင်းနိုင်၊ နှစ်ပေါင်း ၂၀ ကျော် နိုင်ငံရေးပြဿနာပြီးဆုံး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်၊ အစိုးရအဖွဲ့သစ်၏ ဂုဏ်သိက္ခာတက်၊ ပိတ်ဆို့အရေးယူမှုများရပ်ဆိုင်း၊ နိုင်ငံရေးကို ကျီးလန့်စာစား လုပ်စရာမလိုတော့။ |
စာဖတ်သူတစ်ဦးက မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ စကားတစ်ခွန်းကိုကိုးကား၍ အာဏာရမှသာလျှင် တိုင်းပြည်အတွက် လုပ်နိုင်မည်၊ အရှုံးပေးလိုက်လျှင် လုပ်နိုင်မည်မဟုတ်ဟု ပေးစာတစ်စောင် ရေးပို့ပါသည်။ တစ်ပါတီအာဏာရှင်စနစ်တွင် အဆိုပါစာဖတ်သူ၏ ဆွေးနွေးချက်မှန်သော်လည်း Check and Balance သို့မဟုတ် Political Process ရှိသွားသော နိုင်ငံများတွင် အတိုက်အခံအဖြစ် လုပ်နိုင်သော နိုင်ငံရေးတစ်မျိုးရှိပါသည်။ အမှန်အားဖြင့် အတိုက်အခံဆိုသော စကားလုံးသည် ရင့်သီးသောကြောင့် စာရေးသူမသုံးလိုပါ။ အများယဉ်ပါးပြီးဖြစ်သော အဆိုပါ အတိုက်အခံနိုင်ငံရေးကို နိုင်ငံကြီးအချို့တွင် Shadow Government ဟု ခေါ်ပါသည်။ အရေအတွက်ရော၊ အရည်အချင်းပါ Strong ဖြစ်သည့် အတိုက်အခံပါတီရှိခဲ့လျှင် အမှန်တကယ်ပင် Shadow Government ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ပထမငါးနှစ်သက်တမ်းအတွက် အကောင်းဆုံးဖြစ်နိုင်ခြေမှာ အဆိုပါအခြေအနေမျိုးဖြစ်သည်ဟု ယူဆမိသောကြောင့် Stakeholder အားလုံး ကျေနပ်သင့်သည့်အဖြေအဖြစ် အသွင်ကူးပြောင်းရေး တစ်နည်းအားဖြင့် စနစ်ပြောင်းလဲရေး ချောမွေ့ရေးကို ဦးတည်ပြောခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး Status-quo ကို ရပ်ဆိုင်းနိုင်ခြင်းသည် မြန်မာနိုင်ငံသား မျိုးဆက်များစွာတို့အတွက် Generational Gain ဖြစ်ပါသည်။ နှစ်ဖက်ပြေလည်ခြင်းကို ရရှိသည့်အခိုက်အတန့်တွင် ဤမျှကြည်နူးစရာကောင်းသော အခြေအနေကို အဘယ်ကြောင့် အရင်က မတွေးမိခဲ့ရပါသနည်းဟု စဉ်းစားမျက်ရည်ကျကြ ရပါလိမ့်မည်။
( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၁ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment