Thursday, August 20, 2009

အတိတ်ကိုမညွှန်း၊ နိုင်ငံရေးအနာဂတ် - မောင်စူးစမ်း


အတိတ်ကို အတိတ်မှာထား
စာရေးသူ၏ အမြင်၌ ၂၀၁၀ ရွေးကောက်ပွဲကိစ္စတွင် အတိတ်သမိုင်းသည် သိပ်ပြီးဆီလျော်အပ်စပ်ခြင်းမရှိ။ ဆီလျော်အပ်စပ်မှုရှိလည်း အနည်းငယ်မျှသာရှိအံ့ဟုထင်ရာ ဖြစ်နိုင်လျှင် အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်သည်။ အကြောင်းမူ မြန်မာ့ခေတ်ပြိုင်သမိုင်းသည် အလွန်တရာမှ ရှုပ်ထွေး၍ တစ်ခုတည်းသော အနက်အဓိပ္ပါယ် Single Meaning ဖော်ထုတ်ရန် မဖြစ်နိုင်သောကြောင့်ဖြစ်ရာ အတိတ်သည် ပြဿနာကို ဖြေရှင်းရေးထက် ပြဿာနာကို ပိုမိုရှုပ်ထွေးစေလိမ့်မည်ဟု ခန့်မှန်းမိသည်။
အတိတ်ကိုပြန်ကောက်လျှင် အကုန်ရှုပ်ကုန်မည်။ ဥပမာတစ်ခုပြရလျှင် ၈၈ ခုနှစ် အရေးအခင်းကာလ၌ ဒေါက်တာမောင်မောင် သမ္မတဖြစ်ချိန် ၁၉၄၇ ခုနှစ် ဥပဒေကို ပြင်ဆင်ပေးပြီး ပါတီစုံရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ဤကမ်းလှမ်းချက်ကို လက်မခံခဲ့သဖြင့် မြန်မာ့နိုင်ငံရေးသည် မြင်သာစွာပြောင်းလဲနိုင်သော အခွင့်အရေး လက်လွတ်ဆုံးရှုံးခဲ့ရသည်ဟု သုံးသပ်ချက်တစ်ခုရှိသည်။ ဖြစ်ပျက်ပြီးမှ ဒုတိယမှန်းဆချက် Second Thought သဘောဖြစ်၍ ဒွိဟဖြစ်စရာ ရှိသည်။

အိုင်ဒီယာမွဲ
စာရေးသူသည် ၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့ရသူဖြစ်၍ ထိုစဉ်က အခြေအနေကို ပြန်စဉ်းစားကြည့်လျှင် အချက်နှစ်ချက်ကိုတွေ့ရသည်။ သင်ခန်းစာလို့လည်းဆိုနိုင်သည်။ ပထမအချက်သည် တောင့်တင်းခက်ထန်နိုင်သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၏ ကံကြမ္မာ Fate of Rigid Constitution သည် အခြေအနေနှင့် မဆီလျော်လျှင် ပြိုကျဖို့သာရှိသည်။ ဖာထေး၍မရ ဟူသော သင်ခန်းစာဖြစ်သည်။ ဒုတိယအချက်သည် ထိုစဉ်ကဖြစ်ရပ်တို့ကို မည်သူကမျှ ကွပ်ကဲထိန်းသိမ်းပေးနိုင်စွမ်းမရှိခြင်း ဖြစ်သည်။ အကြောင်းမူ အကျပ်အတည်းသည် အလိုအလျောက်ပေါ်သောစနစ် ရှော့ခ် Spontaneous Systemic Shock ဖြစ်သောကြောင့် ဖြစ်သည်။ ပူးပေါင်းကြံစည်မှု သီအိုရီ Conspiracy Theory ဖြင့် ပြီးစလွယ်သုံးသပ်မှုတို့သည် သမိုင်းမှ သင်ခန်းစာယူရန် လမ်းလွဲနိုင်သည်။ သမိုင်းကို သရုပ်ပျက်စေသည်။
စူးစူးရှရှသုံးသပ်ကြည့်လျှင် တပ်မတော်က အာဏာသိမ်းမှု ပေါ်ပေါက်ရသည်မှာ ဖြစ်ရပ်ကြီးတို့ကို မည်သည့်အဖွဲ့အစည်းမှ၊ မည်သည့်ခေါင်းဆောင်တို့ကမှ မထိန်းနိုင်သောကြောင့်ဖြစ်သည်။ ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်ရသောကိစ္စဟုထင်ရာ ဒါကို နောက်ကြောင်းပြန်လှည့်ပြီး လက်ရှိ ရရှိလိုက်သော အခြေအနေကိုပင် ရှောင်လွှဲနိုင်သည့်ပမာ စိတ်ကူးယဉ်တွေးခေါ်မှုသည် အနာဂတ်အတွက် ဘာမျှ အကျိုးမရှိဟု ယူဆမိသည်။ ဖြစ်နိုင်ခြေရှိ ဖြစ်လာခြင်းဖြစ်သည်။
ထို့ကြောင့် ရှုပ်ထွေးသောအတိတ်သမိုင်းကို လာမည့်ရွေးကောက်ပွဲနှင့် နောင်ပေါ်မည့်အနာဂတ်အတွက် လမ်းညွှန်အဖြစ် စိတ်ကူးလျှင် မိမိ၏ အတွေးဆင်းရဲသည့်အခြေကို ဖွင့်လှစ်ပြသလိုသာ ရှိသည်။ အတိတ်ကို ညွှန်းလွန်းခြင်းသည် အိုင်ဒီယာမွဲရာ Poverty Ideas ကို ပြသည်။

ဖြစ်တည်မှုဘဝ
ရှေ့ပိုင်းဖြစ်ရပ်တို့ကို နောက်ပိုင်းဖြစ်ရပ်တို့က လှိုင်းတိုက်သလို တိုက်ပစ်လိုက်သည်။ နောက်ပိုင်းဖြစ်ရပ်တို့က ရှေ့ပိုင်းဖြစ်ရပ်တို့ကို လွှမ်းခြုံပစ်သည်။ ထိုနည်းတူစွာ အတည်ပြုပြဋ္ဌာန်းလိုက်သော အခြေခံဥပဒေနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတို့က အတိတ်မှဖြစ်ရပ်တို့ကို လွှမ်းခြုံပစ်မည်သာဖြစ်သည်။
ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပါဝင်ဆင်နွှဲမည့် ပလေရာတို့သည် အတိတ်ကို အတိတ်မှာ ထားခဲ့စေချင်သည်။ အတိတ်ကို လမ်းညွှန်လျှင် အကုန်ရှုပ်ထွေးကုန်မည်။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ရှုမြင်ရမည်။ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်မည့် နိုင်ငံရေးပုံသဏ္ဌာန်တွင် ပလေရာတို့၏ ဖြစ်တည်မှုဘ၀ကို စိစစ်ရမည်။

မျှောလိုက်မလား
ဤတွင် သမိုင်းအသိစိတ် Sense of History က အရေးကြီးတာလား၊ အမြော်အမြင်အတွေးအခေါ် Insights and Foresight အရေးကြီးတာလားဟု ဆန်းစစ်ကြည့်ရန်လိုသည်။ စာရေးသူအမြင်၌ အနာဂတ်ကို ကြိုတင်မှန်းဆနိုင်သောဉာဏ်က ပိုအရေးကြီးသည်။ ဥပမာ- ယခုလက်ရှိ၌ တိုင်းပြည်ကို အုပ်ချုပ်မှုပုံသဏ္ဌာန်သည် အထက်အောက်ပုံသဏ္ဌာန် Top Down Pattern၊ အမိန့်နှင့်ကွပ်ကဲမှုပုံသဏ္ဌာန် Command and Control ဖြစ်ရာ ရွေးကောက်ပွဲပြီးလျှင် လွှတ်တော်တို့တွင် သဘောတူညီချက်ယူ၍ စီမံအုပ်ချုပ်ရမည့် Consensus Building ဟု ခေါ်သည်။
ဤအပြောင်းအလဲတို့ကို ကြိုတင်စဉ်းစားစရာမလို၊ ပုံသဏ္ဌာန်တို့သည် မလွဲမသွေ ပေါ်လာရမည်ဖြစ်လေရာ ပေါ်လာသည့်အတိုင်း မျှောလိုက်ရုံပေါ့လို့ တွေးမည်ဆိုလျှင် တွေးနိုင်ပါသည်။ ဒီလိုမျှောလိုက်ဖို့ မတွေးလည်း အတိတ်ဇာတ်ရှုပ်ကို ပြန်လှည့်မကြည့်ရန် အရေးကြီးသည်။

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၁ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics