Wednesday, August 05, 2009

ရယ်ချင်ရယ်ပါ၊ တွေးချင်တွေးပါ


တွေးချင်တွေးပါ၊ ရယ်ချင်ရယ်ပါ ဟာသများကို အားကြီးကြိုက်တယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ထပ်မံ ဘာသာပြန်ပေးလိုက်ပါတယ်။ အခုလို အားပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အလျဉ်းသင့်သလို ထိုအမျိုးအစားဟာသတိုလေးများကို ဘာသာပြန်ပေးသွားဖို့ စဉ်းစားထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းကြိုက်တဲ့ ဟာသလေးတွေမို့ပါ။ ကိုယ်တိုင်ဖတ်တုန်းကတော့ မသိတဲ့စာလုံးလောက်ကို အဘိဓာန်ကြည့်ပြီး ဖတ်သွားရုံနဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် အခုလို ပို့စ်အဖြစ်ပြန်တင်ပေးရတဲ့အခါမှာ ကျွန်တော့်ရဲ့ ဘာသာစကားအားနည်းမှုကြောင့် အခြားဖတ်တဲ့လူတွေ ဘာကြီးမှန်းလဲမသိဘူး မဖြစ်ရအောင် အတော်လေး ဂရုစိုက်ရပါတယ်။ စကားလုံးသုံးနှုန်းဖို့အတွက် ရွေးရတာနဲ့တင် အတော်လေးအလုပ်ရှုပ်ပါတယ်။ ဒါကြောင့် အများကြီး ဘာသာမပြန်နိုင်ဘဲ ကျွန်တော်အချိန်ပေးနိုင်သလောက်ပဲ နည်းနည်းချင်း ဘာသာပြန်ပေးနေရတာကို နားလည်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်းပါခင်ဗျာ။ အဲ… တစ်ခုရှိတာက ကျွန်တော်ဘယ်လောက်ပဲ ကြိုးစားပြီး ဘာသာပြန်ထားပေမယ့် အချို့သော အကြောင်းအရာလေးတွေက တွေးပေးဖို့လိုသလို၊ သက်ဆိုင်ရာ ဒေသန္တရ ဗဟုသုတအချို့လည်း ရှိထားဖို့လိုမယ့်အကြောင်း စေတနာသတိပေးစကား ဆိုလိုက်ပါရစေနော်။ တော်ကြာ… ရယ်လည်း မရယ်ရဘူးဆိုပြီး ဖြစ်နေမှာစိုးတဲ့အတွက်ပါ။ ကျွန်တော့်ရဲ့ ချွတ်ချော်မှုတွေအတွက်လည်း ဝေဖန်အကြံပြုမှုများ မျှော်လင့်နေပါကြောင်း။


မေး။ ပိုက်ဆံပေးတဲ့ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် တိုက်ခိုက်ပေးတဲ့ စစ်တပ်ကို ဘယ်လိုခေါ်သလဲ။
ဖြေ။ ကြေးစားစစ်တပ်ပေါ့။
မေး။ ဒါဆိုရင် အာဖဂန်နစ္စတန်မှာ ပိုက်ဆံပေးတဲ့ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် တိုက်ခိုက်ပေးနေတဲ့သူတွေကိုရော။
ဖြေ။ အမေရိကန် မြောက်ပိုင်းမဟာမိတ်တပ်။



မေး။ အမေရိကန်မှာရှိတဲ့ ပင်တဂွန်ဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွေကို တိုက်ခိုက်မှုကို ဘယ်လိုခေါ်မလဲ။
ဖြေ။ အမေရိကန်တို့၏ လွတ်လပ်ရေးနှင့် ဒီမိုကရေစီကို သူရဲဘောကြောင်စွာ တိုက်ခိုက်ခြင်း။
မေး။ အာဖဂန်ကျေးရွာတွေကို အမေရိကန်လေယာဉ်တွေနဲ့ ဗုံးကြဲဖျက်ဆီးပစ်တဲ့ လုပ်ရပ်ကိုရော။
ဖြေ။ တာလီဘန်စစ်စခန်းများနဲ့ ဌာနချုပ်ကို တိုက်ခိုက်ချေမှုန်းခြင်း။



မေး။ စက်တင်ဘာ ၁၁ မှာ အမေရိကန်ကို တိုက်ခိုက်ခဲ့မှုကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့ရတာကို ဘယ်လိုပြောမလဲ။
ဖြေ။ အလွန့်အလွန် ရက်စက်ယုတ်မာသောလုပ်ရပ်ကြီးတစ်ခု။
မေး။ ဗီယက်နမ်စစ်ပွဲကြောင့် လူ ၅ သန်းလောက် သေဆုံးခဲ့ကြရတာကိုရော။
ဖြေ။ မှားယွင်းမှုလေး တစ်ခုပါ။



မေး။ ဆင်းရဲသားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ပြီး အသုံးချတဲ့ ပိုက်ဆံချမ်းသာသူတွေရဲ့လုပ်ရပ်ကို ဘယ်လိုခေါ်လဲ။
ဖြေ။ လောဘကြီးမှု၊ တစ်ကိုယ်ကောင်းဆန်မှု။
မေး။ ဆင်းရဲတဲ့နိုင်ငံတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ပြီး အသုံးချနေတဲ့ ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့လုပ်ရပ်ကိုရော။
ဖြေ။ ဂလိုဘယ်လိုက်ဇေးရှင်း။



မေး။ လူအုပ်စုတစ်ခုလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်တာကို ဘယ်လိုခေါ်လဲ။
ဖြေ။ လူမျိုးတုံးသတ်ဖြတ်မှု။
မေး။ အမေရိကန်မှာရှိတဲ့ မူလအမေရိကန်တိုင်းရင်းသား(native Americans)တွေကို အုပ်စုလိုက် သတ်ဖြတ်ပစ်တာကိုရော။
ဖြေ။ အမေရိကန်သမိုင်းရဲ့ ကြီးကျယ်မြင့်မြတ်သော ဂုဏ်ယူဝင့်ကြွားဖွယ်ရာဖြစ်ရပ်။



မေး။ လူထုရှေ့မှာ မတ်တတ်ရပ်ပြီး လန်ကြုပ်ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့လူကို ဘယ်လိုခေါ်လဲ။
ဖြေ။ ဖျော်ဖြေတင်ဆက်သူ။
မေး။ နိုင်ငံတကာလှည့်ပြီး လူတွေ့ရှေ့မှာမတ်တတ်ရပ် လန်ကြုပ်ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့လူကိုရော။
ဖြေ။ ဟီလာရီကလင်တန်။



မေး။ အစိုးရရဲ့ သဘောထားတွေကိုချည်းပဲ ထုတ်လွှင့်ပေးနေတဲ့ ရုပ်မြင်သံကြားဌာနကို ဘယ်လိုခေါ်သလဲ။
ဖြေ။ ၀ါဒဖြန့်ချိရေးဌာန။
မေး။ ပင်တဂွန်ရဲ့ ထုတ်ပြန်ချက်တွေကိုချည်းပဲ နာရီဝက် ထုတ်လွှင့်ပေးနေတဲ့ ဘီဘီစီရုပ်သံရဲ့ ကမ္ဘာ့သတင်းကဏ္ဍကိုရော။
ဖြေ။ တရားမျှတမှုနှင့် ဘက်လိုက်မှုကင်းခြင်း(Fair and impartial) အစီအစဉ်။



မေး။ စည်းမျဉ်းစည်းကမ်းများနှင့်အညီမဟုတ်ဘဲ ပြုလုပ်ပြီးစီးခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ ၂၀၀၂ ရွေးကောက်ပွဲကို ဘယ်လိုခေါ်မလဲ။
ဖြေ။ ဟာကွက်ပျော့ကွက်အပြည့်နှင့် ရွေးကောက်ပွဲ။
မေး။ စည်းမျဉ်းစည်းကမ်းများနှင့်အညီမဟုတ်ဘဲ ပြုလုပ်ပြီးစီးခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲကိုရော။
ဖြေ။ ဒီမိုကရေစီအောင်ပွဲ။

No comments:

Post a Comment

 
Web Statistics