လာမည့်ရွေးကောက်ပွဲပါဝါတွက်နည်း
လူထု၊ အင်စတီကျူးရှင်း
မောင်စူးစမ်း
အပိုင်တွက်
လူထု (People) ဆိုသော စကားသည် ဘာသာစကားတိုင်၌ လူတွေအသုံးပြုဆုံး စကားဖြစ်ပုံရသည်။ သူကလည်း လူထု၊ ငါကလည်း လူထု၊ နိုင်ငံရေးပါတီတို့ကလည်း လူထု၊ အစိုးရကလည်း လူထု၊ မီဒီယာတို့ကလည်း လူထု။ လူထု-လူထု ဆိုပြီး တစ်လူထုတည်း လူထုနေကြသည်။ လူထုဆိုသော စကားရပ်သည် ပေါင်းရုံးထားခြင်းကို ဆိုလိုသည်။ ကျိတ်ပြီးလုံးထားသည့် အစိတ်အပိုင်းလည်းဆောင်သည်။ နိုင်ငံရေးသမားတို့က လူထု ဟူသော စကားကို သုံးနှုန်းသောအခါ တစ်ပေါင်းတစ်စည်းတည်း ရှိခြင်းကို ရည်ညွှန်းဟန်ရှိကြသည်။
နိုင်ငံရေးသမားတို့၏ အသုံးအနှုန်း၌ လူထုသည် အသိုင်းအ၀ိုင်းပုံရိပ် Image of Community ကို ရည်ညွှန်းဟန်ရှိသည်။ အမျိုးသား အမှတ်အသား National Identity ကိုလည်း ရည်ညွှန်းပုံရသည်။ နိုင်ငံရေးသမားတို့က လူထုဟုပြောသောအခါ တို့တစ်တွေ တစ်သင်းတည်းမှာ အတူတူရှိတယ် ဟု ပြောချင်ကြသည်။ မောင်ပိုင်တွက်ပြီးသား လူထုဆိုလျှင် ကိုယ့်ဘက်ကို စိတ်ညွှတ်သူဖြစ်နေပြီး ဖြစ်ပါသည်။
အလွှာမျိုးစုံ
ပို့စ်မော်ဒန်က ဤလို မထင်ပေ။ လူထုဟု ကိုယ်က ဦးအောင်အော်တိုင်း လူထုက ကိုယ့်ဘက်ရှိသည်ဟု မယူဆပေ။ အဘယ့်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းသည် ၀ါးအစည်းပြေနေသောကြောင့် ဖြစ်သည်။ အစိတ်စိတ် အမြွှာမြွှာ ကွဲပြားနေသောကြောင့် ဖြစ်သည်။ ပညာပိုင်းအမျိုးမျိုး၊ အမှတ်အသားအမျိုးမျိုး၊ အယူအဆအမြင် အမျိုးမျိုးဖြင့် ကွဲပြားနေသောကြောင့် လူသားလောကကို မိသားစုကြီးတစ်ခုလို ရှုမြင်ရန် မဖြစ်နိုင်ပြီ။ ဤယေဘုယျအမြင်သည် မြန်မာ့လူ့အဖွဲ့အစည်း၌ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်အမျိုးမျိုးကို ဖြတ်သန်းလိုက်ရသဖြင့် ပိုမိုဆီလျော်သွားသည်။ ဗဟိုစီမံကိန်းစနစ်မှ ဈေးကွက်စီးပွားရေးသို့ အရွှေ့အပြောင်းသည် လူ့အဖွဲ့အစည်းကို အလွှာမျိုးစုံဖြင့် ဖန်တီးလိုက်သည်။ ဆိုလိုသည်မှာ ဈေးကွက်စီးပွားရေးကြောင့် မြန်မာ့လူ့အဖွဲ့အစည်းသည် လူ့အလွှာပေါင်းစုံဖြင့် ပိုပြီး ကွဲပြားသွားရသည်။ လူထုသည် အလွှာမျိုးစုံဖြင့် စိတ်ဖြာသွားခြင်းဖြစ်သည်။ အလွှာမျိုးစုံဖြင့် စိတ်ဖြာသွားသဖြင့် အလွှာအသီးသီးတို့၌ အမြင်အမျိုးမျိုး ရှိလာသည်။ တုံ့ပြန်မှုအမျိုးမျိုး ရှိလာသည်။ ဤလိုအခြေအနေ၌ လူထုကို ကျိတ်နှုန်းဖြင့်တွက်ပြီး ကိုယ့်ဘက်ကလို့ အပိုင်တွက်ခြင်းသည် ပကတိတရားနှင့် ကင်းလွတ်ကြောင်း မြင်သာသည်။
ပါဝါနှစ်မျိုး
လူထုအစိတ်စိတ် အမြွှာမြွှာ ကွဲပြားမှုသည် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုမျိုးစုံစနစ်နှင့် Life Style က မြို့ကြီးသားဆန်လာမှုတို့ကြောင့် ပို၍ နက်ရှိုင်းသွားရာ ခေတ်ယဉ်ကျေးမှုနှင့် Life Style တို့က လူထုကို ပိုပြီး အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေသည်။ ဤအချက်သည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ မည်သို့ အကျိုးသက်ရောက်မည်ကို သုံးသပ်ကြည့်ကြရန် ဖြစ်သည်။ လူထု ဆိုပြီး တစ်လုံးတစ်စည်းတည်း ရှိမည်ဆိုသည့် အပေါ်ယံတွက်ဆခြင်းကို သတိထားဖို့ ဖြစ်သည်။
လူထုသည် အကြောင်းအမျိုးမျိုးကြောင့် အစိတ်စိတ် အမြွှာမြွှာ ဖြစ်ရုံမျှမက အာဏာရအဖွဲ့၊ မီဒီယာ၊ အင်စတီကျူးရှင်းနှင့် စီးပွားရေးလောကတို့၏ လှည့်ကစားခြင်းကိုလည်း ခံနေရမည်။ The Peoples Fragmented and Manupulated ဟု ခေါ်သည်။ ဤနေရာ၌ အလျဉ်းသင့်၍ ပါဝါ၏ အနက်အဓိပ္ပါယ်ကို မြန်မာနိုင်ငံရေးနှင့် ဆက်စပ်၍ ရှင်းပြလိုသည်။ ပါဝါနှစ်မျိုး ရှိသည်။ အင်စတီကျူးရှင်းကို အသုံးပြုနိုင်သော ပါဝါ Institutional Power နှင့် လူအများကို လှည့်စားနိုင်သော ပါဝါ Manupulatise Power ဟူ၍ ဖြစ်ကြသည်။
စိတ်တွက်ကစားကြည့်
ထို့ကြောင့် လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအကြို စိစစ်သုံးသပ်ချက်များအတွက် အထက်တွင် ဖော်ပြခဲ့သော အချက်တို့ကို ပါဝင်ကစားကြမည့် ပလေယာတို့ လေ့လာနိုင်ရန် ထပ်မံဖော်ပြလိုက်ပါသည်။
(၁) လူထုသည် အစိတ်စိတ် အမြွှာမြွှာ ကွဲပြားနေသည်။
(၂) လူထုသည် အစိမ်းတိုက်မဟုတ် ပုံစံအမျိုးမျိုးဖြင့် စီမံလှည့်ကစားခံနေရသည်။
မြန်မာနိုင်ငံရေးသည် အိုင်ဒီအိုလိုဂျီလွန်ခေတ် Post-Ideology ထဲ ရောက်နေသည်ဟု ယူဆသည်။ အိုင်ဒီအိုလိုဂျီတို့ဖြင့် နိုင်ငံရေးလုပ်ရန် ခွင့်မရှိဟု တွက်နိုင်သည်။ ထို့ကြောင့် အိုင်ဒီအိုလိုဂျီတို့နေရာ၌ လူတို့၏ နိစ္စဓူဝဘ၀ကို အခြေပြုသော နိုင်ငံရေးမျိုးကို ပေါ်လစီတို့ဖြင့် ထုဆစ်၍ ကစားရန်သာ ရှိသည်ဟု မြင်မိသည်။ ထူးခြားသော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဂိမ်းကစားတတ်ရန် စိတ်ကူးဖြင့် ကစားကြည့်သင့်သည်။ စစ်စကားနှင့်ပြောလျှင် မြေပုံတိုက်ပွဲ အစမ်း ကစားကြည့်ကြဖို့ ဖြစ်၏။

၁၈-၇-၂၀၀၉
အညွှန်း - Post Modernism by Glenn ward
၁၈-၇-၂၀၀၉
အညွှန်း - Post Modernism by Glenn ward
( The Voice Weekly ဂျာနယ် အတွဲ ၅ အမှတ် ၃၈ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment