လွန်ခဲ့သောအပတ်က The Voice Weekly တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲသည် အဓိကအားဖြင့် မြန်မာနိုင်ငံတွင်းမှ လာရမည်ဟု ရေးသားဖော်ပြခဲ့သည်။ ထိုသို့ရေးသားဖော်ပြရခြင်းတွင် ခိုင်လုံသောအကြောင်းများ ရှိပါသည်။
မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ အဓိက Stakeholder များအဖြစ် အများက ရှုမြင်ထားသောနိုင်ငံ အနည်းငယ်ရှိပါသည်။ မည်သည့်နိုင်ငံများဖြစ်သည်ဆိုသည်ကို စာဖတ်သူများ သိရှိပြီး ဖြစ်ပါလိမ့်မည်။ ၎င်းတို့ထဲတွင် ဒီမိုကရေစီရေးကို ရှေ့တန်းတင်သော နိုင်ငံများ၊ စီးပွားရေးကို ရှေ့တန်းတင်သောနိုင်ငံများ၊ တည်ငြိမ်အေးချမ်းရေးကို ရှေ့တန်းတင်သောနိုင်ငံများဟူ၍ အမျိုးအစားအမျိုးမျိုး ကွဲပြားခြားနားသော်လည်း အဓိကအားဖြင့် တူညီကြသည်မှာ ၎င်းတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အခြေခံထား၍ စဉ်းစားကြသည်ဆိုသော အချက်ဖြစ်ပေသည်။
အကြောင်းအရာအားဖြင့်ကြည့်လျှင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အရေးကိစ္စကို ပြောဆိုနေကြသည်ဟု ဆိုသော်လည်း အနှစ်သာရအားဖြင့်ကြည့်လျှင် ၎င်းတို့ရည်ရွယ်ပြောဆိုနေကြသည်မှာ
(၁) ပြိုင်ဘက်နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများ
(၂) မဲဆန္ဒရှင်ပြည်သူလူထု
(၃) ၎င်းတို့နိုင်ငံနှင့် လူမျိုး၏ အမျိုးသားအကျိုးစီးပွား စသည်များသာ ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသောနိုင်ငံများတွင် အထက်တွင်ဖော်ပြထားသော အချက်သုံးချက်လုံးကို ထည့်သွင်း စဉ်းစားလေ့ရှိပြီး ဒီမိုကရေစီမဟုတ်သည့် နိုင်ငံများသည် အမှတ်စဉ်(၃)ကို ရည်ရွယ်စဉ်းစားပြောဆိုနေခြင်း ဖြစ်သည်ကို တွေ့နိုင်ပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံ၏ အရေးကိစ္စသည် အဆိုပါ အချက်ကြီးသုံးချက်နှင့် ပတ်သက်၍ ကြားခံ Vahicle သာ ဖြစ်သည်ဆိုသော အချက်ဖြစ်ပေသည်။
နိုင်ငံအသီးသီး၏ အစိုးရအသီးသီးသည် ၎င်းတို့နိုင်ငံနှင့် လူမျိုး၏ အမျိုးသားအကျိုးစီးပွားကို လုပ်ဆောင်ရန် တာဝန်ရှိကြသည်ဖြစ်ရာ အစိုးရများက အထက်ဖော်ပြပါ အချက်များကို အကောင်အထည်ဖော်ကြခြင်းသည် သူ့အလုပ်သူလုပ်ခြင်းသာဖြစ်၍ အပြစ်တင်ရန်မရှိသကဲ့သို့ တစ်စုံတစ်ရာ မျှော်လင့်ချက်ထားရန်လည်း မသင့်ပေ။ ယခုဆောင်းပါးကို ရေးသားဖော်ပြရခြင်း၏ ရည်ရွယ်ချက်မှာ ထိုအချက်များကို သဘောပေါက်၍ လိုအပ်သည်ထက်ပို၍ ၎င်းတို့ထံမှ မမျှော်လင့်ရေးပင် ဖြစ်ပါသည်။
လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံတွင် တိုက်ခတ်သွားခဲ့သော နာဂစ် မုန်တိုင်းသင့်ဒေသများသို့ နိုင်ငံတကာအစိုးရများက အကူအညီများ ပေးခဲ့ကြပါသည်။ ထိုအကူအညီများကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအဖြစ် ခေါင်းစဉ်တပ်ခဲ့ကြသည်ကို တွေ့နိုင်ပါသည်။ သို့သော် ထိုသို့သော အကူအညီပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို အသေအချာ လေ့လာခဲ့ပါလျှင် ၎င်းတို့၏ အစိုးရ လူကြိုက်များရေး၊ ၎င်းတို့နိုင်ငံ၏ ပြိုင်ဘက်ဖြစ်သော နိုင်ငံများထက် ပိုမိုကောင်းမွန်သော Image ရရှိရေး၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကို အလေးထားသော နိုင်ငံအဖြစ် ပုံဖော်ရေး၊ သက်ဆိုင်ရာနိုင်ငံနှင့် ရှိနှင့်ပြီးဖြစ်သည့် စီးပွားရေးရာ၊ သံတမန်ရေးရာ အကျိုးကျေးဇူးများ ဆက်လက်ထိန်းသိမ်းရေး စသည်တို့ဖြစ်သည်ကို တွေ့နိုင်ပါသည်။ ပို၍ ရှင်းအောင်ပြောရလျှင် နာဂစ်မုန်းတိုင်းသင့်ပြည်သူများကို ကူညီရေးထက် နာဂစ်မုန်တိုင်းသင့်ပြည်သူများကို ကူညီသူဖြစ်ရေးကို အဓိက လပ်ဆောင်ကြခြင်းဖြစ်ပေသည်။ ဒီမိုကရေစီရေးနှင့် ပတ်သက်၍လည်း ထိုအတိုင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူ သန်း ၅၀ ၏ ဒီမိုကရေစီရေးထက် မြန်မာနိုင်ငံ၏ ပြည်သူ သန်း ၅၀ အတွက် ဒီမိုကရေစီဆောင်ကြဉ်းသူဖြစ်ရေး က အဓိကဖြစ်သည်ကို တွေ့နိုင်ပါသည်။
သက်ဆိုင်ရာနိုင်ငံအသီးသီးက ၎င်းတို့၏ အစိုးရ လူကြိုက်များရေး၊ ပြည်သူလူထု ထောက်ခံမှုရရှိရေး၊ သတင်းစာများက ၎င်းတို့အစိုးရ၏ လုပ်ရပ်ကို ထောက်ခံရေး၊ နိုင်ငံတကာအရေးကိစ္စများတွင် သြဇာညောင်းတွင်ကျယ်သူဖြစ်ရေး စသည်များကို အဓိကရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်၍ ထိုသဘောတရားကို နားလည်လျှင် ၎င်းတို့ထံမှ လက်တွေ့ကျသော်လည်း လူကြိုက်မများနိုင်သည့် အယူအဆများ၊ မူဝါဒများ ထွက်ပေါ်လာရန် မဖြစ်နိုင်ကြောင်း သဘောပေါက်နိုင်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံကြီးများတွင် လူကြိုက်များရေးကို ထိခိုက်နိုင်သော အလုပ်ကို လုံးဝ (လုံးဝ) ထည့်သွင်းစဉ်းစားနိုင်ခြေ မရှိသည်ကို တွေ့ရသည်။
ဥပမာအနေဖြင့် သက်ဆိုင်ရာနိုင်ငံအတွက် ကောင်းကျိုး၊ ဆိုးကျိုးအချိုး နှစ်မျိုး ရှိသည့် နည်းလမ်းနှစ်သွယ်ကို အောက်ပါအတိုင်း တွေ့ရသည်ဆိုပါစို့။
နည်းလမ်း(က) - ကောင်းကျိုး (၉၀)း ဆိုးကျိုး (၂၀)
နည်းလမ်း (ခ)- ကောင်းကျိုး (၁)း ဆိုးကျိုး (၀) (သုည)
ဆိုးကျိုးမှန်သမျှသည် သက်ဆိုင်ရာအစိုးရ၏ လူကြိုက်များမှုကို ထိခိုက်နိုင်သည်ဖြစ်၍ ကောင်းကျိုးမည်မျှပင် နည်းစေကာမူ ဆိုးကျိုးလုံးဝမရှိသော နည်းလမ်း(ခ)ကိုသာ ရွေးချယ်ကြရပါလိမ့်မည်။ Sanction ခေါ် ပိတ်ဆို့မှုများနှင့် ပတ်သက်၍ စဉ်းစားသော နည်းလမ်းသည် အထက်ဥပမာတွင် ဖော်ပြခဲ့သော နည်းလမ်း(ခ)သာ ဖြစ်ပေသည်။ ၎င်းတို့ဘက်မှကြည့်လျှင် Sanction သည် မည်သည့်ကုန်ကျစရိတ်မျှ မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘက် ရှုထောင့်မှကြည့်လျှင် ဈေးကြီးသော အလောင်းအစားဖြစ်သည်ကို တွေ့ရပေလိမ့်မည်။ Engagement ကို စဉ်းစားသောလမ်းကြောင်းသည် နည်းလမ်း(က) ဖြစ်သည်ကို တွေ့ရပါလိမ့်မည်။ လွန်ခဲ့သော ငါးနှစ်ခန့်ကဆိုလျှင် ဤနည်းလမ်းသည် စဉ်းစားရန်ပင် မသင့်သောနည်းလမ်း ဖြစ်ခဲ့ပါသည်။ ယခုအခါ အဆိုပါကိစ္စကို စဉ်းစားကြောင်း တရားဝင်ပြောရဲဆိုရဲသည့်အဆင့်တိုင် မြင့်ထက်လာခဲ့သည်မှာပင် ထူးခြားမှုဖြစ်ပါသည်။ လွန်ခဲ့သောလေးနှစ်ခန့်က ဤကိစ္စကို စာရေးသူက သံတမန်တစ်ဦးအား အကြောင်းအကျိုးနှင့် တစ်ဆင့်ချင်း ရှင်းပြရာ သူနားလည်ပါသည်။ သို့သော် ထိုကိစ္စလုပ်လိုက်လျှင် မနက်ဖြန် သတင်းစာများက ရေးကြပါလိမ့်မည်။ သန်ဘက်ခါ ကျွန်တော်တို့ အစိုးရ ပြုတ်သွားပါလိမ့်မည်ဟု ပြန်ပြောဖူးပါသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်သော ၎င်းတို့နိုင်ငံဘက်မှ မှတ်ချက်တစ်ခုနှင့် ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံမှ အရာရှိကြီးတစ်ဦးက အဲဒီစကားက မင်းတို့ဆီကို လှမ်းပြောတာမဟုတ်ဘူး။ တို့ဆီက အမတ်မင်းတွေကို ပြောနေတာဟု စာရေးသူကို ပြောဖူးပါသည်။ ဒီမိုကရေစီနိုင်ငံများရှိ အစိုးရများတွင် ပြိုင်ဘက်နိုင်ငံရေးပါတီ၊ လွှတ်တော်အမတ်များ၊ သတင်းစာများ၊ မဲဆန္ဒရှင်ပြည်သူလူထု စသူများ၏ သဘောထားနှင့် ပတ်သက်၍ အနည်းငယ်မျှ အတိမ်းအစောင်း မခံသော သဘောရှိရာအမျိုးသားအကျိုးစီးပွားကိုပင် ဒီမိုကရေစီမဟုတ်သော နိုင်ငံကြီးအချို့ကဲ့သို့ ရှေ့တန်းတင်နိုင်ခြင်း မရှိပေ။ တစ်ဖန် ၎င်းတို့၏ ပြိုင်ဘက်နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊ သတင်းစာများနှင့် မဲဆန္ဒရှင် ပြည်သူလူထုတို့မှာ မြန်မာနိုင်ငံဆိုသည်ကို မကြားဖူးသူအများစု ဖြစ်ပေသည်။ ကြားဖူးသူများမှာလည်း အဓိကအင်အားစု နှစ်ခုနှင့် လူတစ်ဦးကိုသာ သိကြခြင်းဖြစ်ပေသည်။
ဤအခြေအနေမျိုးတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းထံမှ နားလည်ရန်ခက်ခဲသော မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ လက်တွေ့ကျနသော အကူအညီများ၊ မူဝါဒများ ရရှိရေးဆိုသည်မှာ မည်သို့မျှ ဖြစ်နိုင်ချေမရှိချေ။ နားလည်သဘောပေါက်သူများ အရေးပါသောနေရာတွင် ရှိနေသည့်တိုင် နိုင်ငံရေးစနစ်က ခွင့်ပြုခြင်းမရှိသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ထိုနိုင်ငံ၊ ထိုအစိုးရအသီးသီးသည် ၎င်းတို့၏ အကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားများကို ရှေ့တန်းတင်စဉ်းစားကြသည့်နည်းတူ စာရေးသူတို့ မြန်မာနိုင်ငံသား Stakeholder အားလုံးသည်လည်း မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို မည်သည့်နိုင်ငံကိုမျှ မမျှော်လင့်ဘဲ အလေးအနက် စဉ်းစားကြပါမည့်အကြောင်း ရိုးသားစွာ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
( ၂၀၀၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ ၅ အမှတ် ၃၉ မှ ပြန်လည်ကူးယူ ဖော်ပြပါသည် )

No comments:
Post a Comment