တစ်ခါတုန်းက အိန္ဒိယပြည်မှာ မစ္စတာရပ်ရှ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။ သူက စကားပြောအလွန်ကောင်းတယ်။ ထို့အတူပဲ ဘာသာရေးကိုလည်း အတော်လေးလိုက်စားတယ်။ အိမ်နီးနားချင်းတွေ၊ မိတ်ဆွေတွေကလည်း သူ့ကို အတော်ခင်မင်ကြ ချစ်ကြတယ်။ ဒါပေမယ့် အဲဒီမစ္စတာရပ်ရှ်ကြီးက တန်ခိုးသိဒ္ဓိတို့ ဘာတို့စတဲ့ ထူးထူးဆန်းဆန်းကိစ္စတွေကို အရမ်းစိတ်ဝင်စားတယ်။ ဘယ်ဒေသမှာတော့ ဘယ်လိုပညာရှင်တစ်ဦးပေါ်နေတယ်။ ဘယ်သူကတော့ ဘယ်လို တန်ခိုးသိဒ္ဓိတွေ ရနေပြီ စသည်ဖြင့် ကြားရရင် အဲဒီနေရာကို ရောက်အောင်သွားတော့တာပဲတဲ့။ တစ်ခါကလည်း တိဗက်ဒေသက ရဟန်းတစ်ပါးဟာ အမှန်တရား ဆိုတာဘာလဲဆိုပြီး ဟောပြောနေတယ်လို့ ကြားရတာနဲ့ အဲဒီဒေသကို ရောက်အောင်သွားခဲ့သေးတယ်။ ဒါပေမယ့် ရာသီဥတုကအေး ခရီးကပန်းပြီး အိပ်ရာထဲမှာ အတော်လေး လဲသွားတာပဲရှိပါတယ်။ လူတွေပြောကြတဲ့ အဲဒီရဟန်းဆိုတာကို ဘယ်မှာမှ ရှာလို့ မတွေ့ခဲ့ပါဘူး။
မစ္စတာရပ်ရှ်တို့နေတဲ့ ရပ်ကွက်ထဲမှာ မုဆိုးမအဘွားကြီးတစ်ယောက်ရှိတယ်။ အဲဒီအဘွားကြီးနာမည်က ရာဗီယာ တဲ့။ တစ်ညမှာ အဲဒီအဘွားကြီးဟာ သူ့အခန်းရှေ့လမ်းပေါ်က မီးတိုင်အောက်မှာ ကုန်းကုန်းကွကွနဲ့ တစ်စုံတစ်ခုကို ရှာနေတယ်။ အဲဒီမှာ မစ္စတာရပ်ရှ်ရော အခြားအိမ်နီးချင်းတွေပါ ထွက်လာပြီး အဘွားကြီးဘာကျပျောက်တယ်မသိဘူး၊ ကူညီပြီး ရှာပေးကြမယ်ဆိုပြီး ထွက်လာကြတယ်။ အနားရောက်တော့ မစ္စတာရပ်ရှ်က မေးတယ်။ "အမေကြီး ဘာပျောက်လို့လဲ" ပေါ့။ အဲဒီအခါ အဘွားကြီးက "ကြီးကြီးမားမားတော့ မဟုတ်ပါဘူးကွယ်၊ လက်ချုပ်အပ်လေးတစ်ချောင်း ကျသွားလို့ ရှာနေတာ"လို့ ပြောတယ်။ အဲဒီတော့ မစ္စတာရပ်ရှ်နဲ့ အိမ်နီးချင်းတွေဟာ ၀ိုင်းပြီးရှာကြတာပေါ့။ အချိန်တွေသာ ကြာလာတယ်။ အပ်ကို လုံးဝမတွေ့ကြဘူးတဲ့။ မစ္စတာရပ်ရှ်က "အမေကြီးရယ်၊ ကျွန်တော်တို့လည်း ရှာကြတာပါပဲ၊ အမေကြီးရဲ့အပ်က တွေ့ကိုမတွေ့ဘူး။ ဘယ်နားမှာကျတာလဲ သေချာစဉ်းစားစမ်းပါဦး၊ ပြောစမ်းပါဦး"လို့ ဆိုလိုက်တယ်။
အဲဒီတော့မှ ရာဗီယာဆိုတဲ့ အဘွားကြီးက "ငါနေတဲ့ အခန်းထဲမှာ ကျတာဟဲ့"လို့ ဖြေသတဲ့။ အဲဒီတော့ အိမ်နီးချင်းတစ်ဦးက "အမေကြီးကတော့ လုပ်ပြီ၊ အပ်ကျတာက အိမ်ထဲမှာ၊ ရှာတာက လမ်းမှာထွက်ရှာတယ်..ဘယ်လိုလုပ်ပြီး တွေ့မှာလဲ"လို့ မေးတယ်။ မစ္စတာရပ်ရှ်ကလည်း "အမေကြီး ရာဗီယာရယ်၊ စိတ်မှနှံ့သေးရဲ့လား၊ ကျတာက အမေကြီးရဲ့အိမ်ထဲမှာလေ၊ ရှာတာက လမ်းပေါ်မှာ၊ ဘယ်လိုလုပ်တွေ့မှာလဲ"လို့ ပြောလိုက်တယ်။
ဒီတော့ အဘွားကြီးက "တကယ်ကျတဲ့ငါ့အခန်းနေရာက မီးမှောင်နေတာဟဲ့၊ ဒီနေရာမှာက မီးကထိန်ထိန်လင်းနေတာ၊ ဒါကြောင့် ဒီမှာရှာတာ"လို့ ပြန်ဖြေသတဲ့။ မစ္စတာရပ်ရှ်ဟာ အတော်ကို စိတ်ဆိုးသွားသတဲ့။ "အမေကြီးနှယ်ဗျာ၊ အလင်းရောင် ရှိတာမရှိတာနဲ့ မဆိုင်ပါဘူး၊ အပ်ကျသွားတဲ့နေရာမှာပဲ ရှာရမှာပေါ့၊ ဒီလောက်တော့ သိဖို့ကောင်းပါတယ်။ အခုတော့ အမေကြီး လုပ်ပုံက အတော့်ကို မသိဆိုးရွားနိုင်တာပဲ"လို့ အပြစ်တင်သတဲ့။
ဒီအခါကျမှ ရာဗီယာဆိုတဲ့ အဘွားကြီးက မစ္စတာရပ်ရှ်ရဲ့ ကျောကုန်းကို လက်နဲ့ပုတ်ပြီး "နင်ဟာ အတော်လေးကို တတ်သိနားလည်တဲ့ကောင်ပဲ၊ ပစ္စည်းပျောက်ရှာတဲ့အခါမှာ အလင်းရောင်ရှိတဲ့နေရာဟာ အရေးမကြီးဘူး၊ တကယ်ကျပျောက်တဲ့ နေရာမှာသာ ရှာရမယ်ဆိုတာ နင်သိသားပဲ၊ ဒါပေမယ့် အမှန်တရားကို ရှာဖွေတဲ့အခါမှာ နင်ဟာ ဒီသဘောကို မယူဘူး၊ အလင်းရောင်နဲ့တူတဲ့ ဆရာတွေနောက်ကို လိုက်နေတယ်။ တကယ်နင်ရှာရမှာက နင့်ခန္ဓာအတွင်း အမှောင်ထဲမှာပဲ တွေ့အောင် စူးစိုက်ပြီး ရှာရမယ်ဆိုတာကို မသိတာ နင့်အနေနဲ့ မသိဆိုးရွားလှချည်လား ရပ်ရှ်ရေ"လို့ပြောပြီး သူ့အခန်းထဲကို ပြန်ဝင်သွားသတဲ့။
မစ္စတာရပ်ရှ်ဟာ ဘာစကားမှ ပြန်မပြောနိုင်ဘဲ လမ်းပေါ်မှာ ငူငူကြီး ကျန်ခဲ့တယ်။ အတော်ကြာတော့မှ အဘွားကြီးနေတဲ့ အခန်းကို မျက်နှာမူပြီး လက်အုပ်ချီရှိခိုးလိုက်ပါသတဲ့။

No comments:
Post a Comment