လောကကြီးမှာ
ခေါင်းမာတာ ကောင်းသလား
ခေါင်းပျော့တာ ကောင်းသလား
ခေါင်းစားမနေနဲ့၊ ရှင်းတယ်
ခေါင်းမာသူဆိုတာ
ဘယ်အရေးကြုံကြုံ ယုံကြည်တာကို မြဲမြဲဆုပ်
တစ်လမ်းသွား အဘိဓမ္မာဖုံးအုပ်ပေမယ့်
သူရဲကောင်း ဥပဓိနဲ့
သူ့ကိုချစ်ခင်သူတွေ ရှိတယ်
ခေါင်းပျော့သူမှာက
ခိုင်မာတဲ့အယူအဆ နတ္တိ
ပြောတိုင်းယုံတဲ့ မူလဗီဇ
ကိုယ့်ကိုယ်ကို ယုံကြည်မှုပါးလျပေမယ့်
သူ့အနားမှာ
လူလည် လူညာတွေနဲ့ စည်ကားတယ်
ဘာလဲ
ခေါင်းဆောင်တစ်ယောက်ရဲ့ လက္ခဏ
နောက်လိုက်တစ်ယောက်ရဲ့ လက္ခဏ
ခေါင်းမာသူနဲ့ ခေါင်းပျော့သူမှာ ရှာကြည့်လိုက်။
ကျွန်တော်က
ကြောင်တစ်ကောင်ကို စွန့်ပစ်ဖို့အသွား
တောနက်ထဲ လမ်းမှားပြီး
မိန်းမက စွန့်ပစ်ခိုင်းလိုက်တဲ့ ကြောင်ရဲ့
လမ်းပြမှုနဲ့ အိမ်ပြန်ရောက်လာသူ
ဘလူးနို့စ် လူစားမျိုး မဟုတ်ဘူး။
ပြီးတော့
ဘယ်လောက်ပဲ မိုးရွာရွာ ရေကြီးကြီး
ရေအောက်မှာ ရှေ့တိုးနောက်ဆုတ်
မြက်ဖြတ်စက်နဲ့
မြက်တွေကို တဒုတ်ဒုတ် ထိုးဖြတ်နေမယ့်
မျောနေတဲ့ ဦးထုပ်တစ်လုံး မဟုတ်ဘူး။
မရှောင်သာ လမ်းကျဉ်းကလေးထဲ
ထိပ်တိုက်ဆုံတဲ့ လှည်းသမားနှစ်ယောက်လို
တစ်ယောက်က သူ့လှည်းပေါ်
အေးအေးလူလူ သတင်းစာထုတ်ဖတ်တယ်
တစ်ယောက်က သူ့လှည်းပေါ် ကော်ဖီဖျော်ရင်း
ခင်ဗျားဖတ်ပြီးရင်
သတင်းစားခဏလောက်
လှမ်းလိုက်ပါဗျာ…လို့
လှမ်းမှာလိုက်တဲ့ လှည်းသမားမျိုး။
တစ်စုံတစ်ယောက်ကတော့
ကျွန်တော့်ကို ခေါင်းမာတယ်လို့ ပြောတာပဲ
ကျွန်တော်
ခေါင်းမာသလား ခေါင်းပျော့သလား
ခင်ဗျား ဘယ်လိုထင်သလဲ ကိုခိုင်လတ်။ ။
Tuesday, August 04, 2009
ခေါင်းမာတာ ကောင်းသလား - မင်းချမ်းမွန်
( ၂၀၀၈ ခုနှစ် ဧပြီလထုတ် ရယ်စရာမဂ္ဂဇင်း အမှတ် ၂၉ မှ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment