- မြွက်ဆိုမုသား၊ နှုတ်သံပြားသို့၊ စီးပွားလိုယောင်၊ ရူပဆောင်လျက်၊ မှားအောင်ပြစ်ရှာ၊ ကြံတတ်စွသား၊ မေတ္တာချည်းနှီး၊ လူ့ခွေးမြီးနှင့်၊ တသီးတခြား၊ တပါးပြည်ရွာ၊ မရှောင်သာ၍၊ မကွာပေါင်းဖော်၊ ပြုငြားသော်လည်း၊ အပေါ်ကားယှဉ်၊ အထဲကြဉ်၍၊ စိတ်ယဉ်နှိမ့်ချ၊ အာစာရဖြင့်၊ ကာလအလိုက်၊ သူ့အကြိုက်ကို၊ စရိုက်ညီထွေ ကျင့်တတ်စေ။
- အရှည်လင့်လင့်၊ အသင့်မျှော်လျက်၊ ကြံခေါက်ရက်တည့်၊ နှောင်ယှက်သောစြဖ်၊ ဆံတရစ်မျှ၊ အပြစ်မဲ့စွာ၊ လွတ်ခွင့်သာမူ၊ ကန္တာတောထဲ၊ ခရီးခဲဝယ်၊ ကျားရဲသစ်ရူး၊ ဘီလူးသဘက်၊ ဘေးသူဖျက်အား၊ ရက်ရက်ဆောစွာ၊ စွန့်လိုက်ခွာသို့၊ မိစ္ဆာဖော်ပေါင်း၊ သူမကောင်းကို၊ စဉ်ကြောင်းဝေးမြေ လွှင့်တတ်စေ။
- မဏိဇောတ၊ ပြည်တန်မြနှင့်၊ သိင်္ဂရွှေညာ၊ ရတနာလည်း၊ အ၀ါလျှံလက်၊ ရောင်ခြည်ထွက်မူ၊ စုံမက်ဝှဲခြီး၊ အဘိုးကြီး၏၊ တသီးဆိုဖွယ်၊ လူတို့ဝယ်လည်း၊ ကြီးငယ်အမျက်၊ စောင်းမာန်ထွက်မူ၊ ပေါင်းဖက်ဖော်နှီး၊ အများငြီး၏၊ အတီးလက်သုံး၊ ဤသည်ထုံးကို၊ ယူကြုံးပိုက်သွင်း၊ သားမောင်မင်းလည်း၊ မုန်းပြင်းဒေါသ၊ စိတ်နာဂကို၊ ဉာဏချွန်းကွင်း မြဲစေမင်း။
- အဋ္ဌာရသ၊ သိပ္ပကျေးဇူး၊ အထူးထူးကို၊ ဆည်းပူးဖွေရှာ၊ သင်သောခါလျှင်၊ ဆရာကောင်းထံ၊ ကျိုးနွံတရှည့်၊ ရိပ်ခြည်ကြည့်လျက်၊ တပည့်ကျင့်ဝတ်၊ ညီညွတ်စွာမူ၊ ကုန်အောင်ပြု၍၊ အာယုဆုံးစွန်၊ ပြောင်းချိန်တန်မှ၊ ပြညွှန်ရိပ်ခြေ၊ ဆိုအံ့သည်ဟု၊ ဆောက်တည်လျှို့ဝှက်၊ ပြင်မထွက်သား၊ သိခက်ခဲလှ၊ ကိလိဋ္ဌကို၊ မှတ်ရလေအောင်၊ ရည်စောင့်နှိမ့်ချ၊ ဆည်းကပ်ခ၍၊ နေ့ညမကင်း တွေ့စေမင်း။
( ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment