အသိပေးအကြောင်းကြားခြင်း
Eleven Media Group မှ ထုတ်ဝေလျက်ရှိသော ဂျာနယ်များတွင် ကြော်ငြာထည့်သွင်းခဲ့ကြသော ကြော်ငြာရှင်များနှင့် ပတ်သက်၍ ကြော်ငြာဖိုးငွေကျန်များရှိပါက ရှင်းလင်းပေးရန် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ဝေသည့် Weekly Eleven News Journal မှ ကြေညာခဲ့ပါသည်။ ကြော်ငြာရှင်များမှလည်း ကျန်ငွေများကို ရှင်းလင်းပေးခဲ့ကြ၍ အထူးပင်ကျေးဇူးတင်ရှိပါသည်။ သို့ရာတွင် ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့စွဲဖြင့် ထုတ်ဝေသည့် Weekly News Eleven Journal စာမျက်နှာ (၈)၌ “psb Academy” ကြော်ငြာထည့်သွင်းခဲ့သော အဆောင်(၅)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်(MICT)၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ထားသည့် Advanced technologies & Solutions Co. Ltd. သည် ကြော်ငြာခငွေ အချိန်မီပေးသွင်းခြင်း မရှိသလို ပေးချေလိုခြင်းမရှိပါကြောင်း စာဖြင့်အကြောင်း ပြန်ကြားခဲ့ပါသည်။ ထို့ကြောင့် ကြော်ငြာထည့်သွင်းသော ကြော်ငြာရှင် Advanced Technologies & Solutions Co. Ltd. အား ယုံကြည်စိတ်ချနိုင်ဖွယ်မရှိသော ကြော်ငြာရှင်အဖြစ် သတ်မှတ်ပြီး ပြစ်မှုကြောင်း တရားမကြောင်းဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။( ၇-၈-၂၀၀၉ ရက်နေ့ထုတ် Bi Weekly Eleven နှင့် Premier Eleven မှ )
------------------------------------------------------------------------
Eleven မီဒီယာအုပ်စုနှင့်
အများသိစေရန် တုံ့ပြန်ရှင်းလင်းခြင်း
ကျွန်ုပ်၏အမှုသည်ဖြစ်သူ ADVANCED TECHNOLOGIES & SOLUTIONS CO.,Ltd. (AT&S) ၏ လွှဲအပ်ညွှန်ကြားချက်အရ လူကြီးမင်းတို့၏ ၇-၈-၂၀၀၉ ရက်နေ့ထုတ် Bi Weekly Elven နှင့် Premier Eleven ဂျာနယ်များတွင် ကြော်ငြာခငွေ မပေးသွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ AT&S သို့ အသိပေး အကြောင်းကြားခြင်းအပေါ် အောက်ပါအတိုင်း တုံ့ပြန်ရှင်းလင်းအပ်ပါသည်-အများသိစေရန် တုံ့ပြန်ရှင်းလင်းခြင်း
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်ဝင်းအတွင်း၌ ရုံးခန်းဖွင့်လှစ်ထားသော AT&S သည် ကောင်းသတင်း ကျော်ကြားသည့် နိုင်ငံတကာပညာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးတစ်ခုဖြစ်သည့်အပြင် ၎င်းတို့၏ ပညာရေးအစီအစဉ်များကို မြန်မာနိုင်ငံတစ်ဝန်းရှိ သတင်းစာများ၊ ဂျာနယ်များတွင် အပတ်စဉ်၊ လစဉ် ကြော်ငြာများထည့်သွင်းလျက်ရှိပြီး မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်မျှ ငွေကြေးအရှုပ်အရှင်းမရှိသည့် ဂုဏ်သိက္ခာရှိ အိုင်တီကုမ္ပဏီကြီး တစ်ခုလည်း ဖြစ်ပါသည်။
အထက်ဖော်ပြပါ အသိပေးအကြောင်းကြားစာ နှစ်စောင်တွင် ပေးသွင်းရမည့်ငွေကို တိကျစွာဖော်ပြမထားခြင်းသည် အများအမြင်တွင် သိန်းပေါင်းများစွာသော ကြော်ငြာခငွေများ ပေးသွင်းရန်ကျန်သယောင် ထင်မိယောင်မှား ဖြစ်စေခဲ့ပါသည်။ အမှန်မှာ AT&S အနေဖြင့် ၁၈-၂-၂၀၀၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ကြော်ငြာခဲ့သည့် ကြော်ငြာခမှာ ကျပ်ငွေ ၃၂၀၆၂၅ (သုံးသိန်းနှစ်သောင်း ခြောက်ရာနှစ်ဆယ့်ငါးကျပ်တိတိ)သာ ဖြစ်ပါသည်။
ယင်းကြော်ငြာထည့်သည့်ကာလသည် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီနှစ်ချုပ် ငွေစာရင်းရေးဆွဲကာ ပိုငွေလိုငွေများကို စာရင်းအတိအကျကောက်ခံနေရသည့် ကာလဖြစ်သည့်အတွက် ၎င်းကြော်ငြာခများကို လာရောက်ထုတ်ယူပေးပါရန် လူကြီးမင်းတို့၏ ဂျာနယ်တိုက်သို့ ဖုန်းဖြင့် အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း လမ်းမကြုံ၍ လာမယူနိုင်သေးကြောင်း ပြန်လည်ဖြေကြားခြင်းမှလွဲ၍ ၂၀၀၉ ခုနှစ် ဇူလိုင်လလယ်အထိ လူကြီးမင်းတို့ထံမှ အခြားတုံ့ပြန်အကြောင်းကြားခြင်း မရှိခဲ့ပါ။ ယခုကဲ့သို့ ကြော်ငြာခငွေများ ကာလရှည်ကြာစွာ ကျန်ရှိနေခြင်းမှာ လူကြီးမင်းတို့ ကြော်ငြာဌာန၏ လုပ်ငန်းပေါ့လျော့မှုကြောင့်သာဖြစ်ကြောင်း သိစေအပ်ပါသည်။
ယခုမူ လူကြီးမင်းတို့သည် ကြော်ငြာခတောင်းခံရာတွင် ဌာနတွင်း ပြေပြစ်စွာ ဆက်သွယ်တောင်းယူသင့်ပါလျက်နှင့် လူကြီးမင်းတို့ ကြော်ငြာဌာနမှူးမှ ကြော်ငြာခကို ခုနစ်ရက်အတွင်း မပေးပါက ၎င်းပိုင်ဂျာနယ်များတွင် ထည့်သွင်းကြော်ငြာမည်ဟု ခြိမ်းခြောက်သည့်အသွင်ဖြင့် ပြောကြားခဲ့သည့်အတွက် မိမိတို့အနေဖြင့်လည်း ဘဏ္ဍာရေးနှစ်လွန် တောင်းခံမှုအပေါ် ပေးချေလိုခြင်းမရှိကြောင်း တူညီသော တုံ့ပြန်မှုပြုခဲ့ခြင်းသာဖြစ်ပါသည်။
သို့သော် လူကြီးမင်းတို့မီဒီယာ၏ မန်နေဂျင်းဒါရိုက်တာမှ သုံးရက်အတွင်း ကြော်ငြာခငွေမပေးပါက AT&S ကုမ္ပဏီအား ယုံကြည်စိတ်ချဖွယ်မရှိသော စာရင်းအဖြစ် ဂျာနယ်တွင်း ထည့်သွင်းကြော်ငြာမည်ဖြစ်ပြီး ပြစ်မှုကြောင်း၊ တရားမကြောင်းဖြင့် တရားစွဲဆိုသွားမည်ဟု ၃၀-၇-၂၀၀၉ ရက်တွင် စာပေးပို့ခဲ့ပါသည်။
သို့ဖြစ်၍ AT&S အနေဖြင့် ယခုကဲ့သို့ မပြောပလောက်သည့် ငွေကြေးနှင့်စပ်လျဉ်း၍ ဆက်လက်အငြင်းပွားမှု မဖြစ်လိုသည့်အတွက် ၄-၈-၂၀၀၉ ရက်နေ့က လူကြီးမင်းတို့ထံ ၎င်းကြော်ငြာခကို ပေးချေမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သော်လည်း လူကြီးမင်းတို့မှ မည်သည့်တုံ့ပြန်မှုမှမပြုဘဲ ၇-၈-၂၀၀၉ ရက်နေ့ထုတ် အထက်ဖော်ပြပါ ဂျာနယ်များတွင် လူကြီးမင်းတို့၏ မန်နေဂျင်းဒါရိုက်တာမှ ခြိမ်းခြောက်ခဲ့သည့်အသွင်အတိုင်း AT&S ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ကျဆင်းညှိုးနွမ်းစေသည့် ကြေညာချက်ကို ၀မ်းနည်းတုန်လှုပ်စွာ တွေ့ရှိရပါသည်။
လူကြီးမင်းတို့သည် မိမိတို့ကိုယ်ကို အင်အားကြီးမားသည့် မီဒီယာအုပ်စုဖြစ်သည်ဟု ယူဆပြီး ကိုယ်ပိုင်ဂျာနယ်များကို အသုံးချကာ “AT&S ကုမ္ပဏီအား ယုံကြည်စိတ်ချနိုင်ဖွယ်မရှိသော ကြော်ငြာရှင်အဖြစ် သတ်မှတ်ပြီး” ဟု ဖော်ပြခြင်းသည် မဖြစ်သင့်သည့် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည့်အပြင် ကျွန်ုပ်အမှုသည် ကုမ္ပဏီ၏ ဂုဏ်သိက္ခာအား ကျဆင်းစေပါသည်။ သို့ဖြစ်၍ ၇-၈-၂၀၀၉ ရက်ထုတ် Bi Weekly Eleven နှင့် Premier Eleven ဂျာနယ်များတွင် ထည့်သွင်းကြော်ငြာခဲ့သည့် ADVANCED TECHNOLOGIES & SOLUTIONS CO.,Ltd. ၏ ဂုဏ်သိက္ခာ ကျဆင်းညှိုးနွမ်းစေသည့် ကြေညာချက်အား ချက်ချင်းပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်ပါသည်။ အကယ်၍ တောင်းဆိုချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ မလွှဲမရှောင်သာ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ-
ဦးအောင်သန်းစိုး
B.A (Law).,LL.B
တရားရုံးချုပ်ရှေ့နေ (စဉ်-၁၈၀၃)၊
အမှတ် ၁၂၊ ၁၀၇ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊
ဖုန်း-၀၁-၂၉၂၂၆၄၊ ၀၉-၅၁-၇၁၀၃၁။
ဦးအောင်သန်းစိုး
B.A (Law).,LL.B
တရားရုံးချုပ်ရှေ့နေ (စဉ်-၁၈၀၃)၊
အမှတ် ၁၂၊ ၁၀၇ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊
ဖုန်း-၀၁-၂၉၂၂၆၄၊ ၀၉-၅၁-၇၁၀၃၁။
( ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၁၇ မှ )
------------------------------------------------------------------------
Psb Academy ပညာရေးဝန်ဆောင်မှုလုပ်ငန်းကြော်ငြာထည့်သွင်းခဲ့သော ADVANCED TECHNOLOGIES & SOLUTIONS CO., LTD. (AT&S) ကုမ္ပဏီနှင့် အများသိစေရန်
၁။ Eleven Media Group မှ အပတ်စဉ်ထုတ်ဝေခဲ့သော Weekly Eleven News Journal၊ Bi Weekly Eleven News Journal၊ First Eleven Sports Journal နှင့် Premier Eleven Sports Journal (၄)စောင်တွင် ထည့်သွင်းကြော်ငြာခဲ့သော ကြော်ငြာခကြွေးကျန်များ များပြားနေကြောင်း စာရင်းစစ်အဖွဲ့မှ စစ်ဆေးတွေ့ရှိသည့် အစီရင်ခံစာအရ ကြော်ငြာပေါင်း (၄၀)ကျော်တွင် ကြော်ငြာတန်ဖိုးငွေ ကျပ်သိန်း (၂၀၀)ကျော်အား တောင်းခံနိုင်ရန် Eleven Media Group ကြော်ငြာဌာနအား ၂၅-၆-၂၀၀၉ ခုနှစ်မှစ၍ ဌာနတွင်း ညွှန်ကြားခဲ့ပါသည်။ ဌာနတွင်း ညွှန်ကြားချက်အတိုင်း ကြော်ငြာကြွေးကျန်များပေးဆောင်ရန် လိုက်လံကောက်ခံခဲ့ပါသည်။ ထို့ပြင် ၂၇-၇-၂၀၀၉ ရက်နေ့ထုတ် Weekly Eleven News Journal တွင် ကျွန်ုပ်တို့ ကြော်ငြာဌာနမှ ကြော်ငြာထည့်သွင်း၍ ကျန်ရှိကြွေးကျန်များကို နှိုးဆော်တောင်းခံခဲ့ရာ၌ AT&S Co., Ltd. မှလွဲ၍ ကျန်ကြော်ငြာရှင်ကုမ္ပဏီများသည် ကျန်ငွေပေးသွင်းခြင်း (သို့မဟုတ်) ကျန်ငွေပေးသွင်းရှင်းလင်းပါမည်ဟု ကတိပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
၂။ သို့ရာတွင် AT&S Co., Ltd. မှ အချိန်မီပေးဆောင်လိုခြင်းမရှိကြောင်း သိရှိရသဖြင့် ၂၃-၇-၂၀၀၉ ရက်နေ့စွဲပါ Eleven Media Group ကြော်ငြာဌာန၏ ကြော်ငြာခကျန်ငွေတောင်းခံခြင်း အကြောင်းကြားစာ ပေးပို့တောင်းခံခဲ့ပါသည်။ AT&S Co., Ltd. ၏ ၂၇-၇-၂၀၀၉ ရက်စွဲပါစာအမှတ် ATS/6/ADM/0709 ဖြင့် Weekly Eleven News Journal အယ်ဒီတာချုပ်သို့ ပြန်ကြားစာ အပိုဒ်(၆) နှင့် (၇) တွင် AT&S Co., Ltd. ငွေစာရင်းဌာန၏ လုပ်ထုံးလုပ်နည်းများအရလည်း ပြည်လည်ငွေပေးချေရန် အခက်အခဲရှိပါကြောင်းနှင့် ကျန်ရှိသည့်ကြော်ငြာငွေကို ပေးချေလိုခြင်း မရှိပါကြောင်း ပြန်လည်အကြောင်းကြားအပ်ပါသည်ဟု ငွေစာရင်းဌာန တာဝန်ခံလက်မှတ်ရေးထိုးလျက် အတိအလင်း အကြောင်းပြန်ကြားခဲ့ပါသည်။
၃။ ယင်းပြန်ကြားစာအပေါ် ကျွန်ုပ်တို့ Eleven Media Group မှ ၃၀-၇-၂၀၀၉ ရက်စွဲပါစာဖြင့် AT&S Co., Ltd. ဒါရိုက်တာအဖွဲ့ထံ ကျန်ငွေကျပ် (၃၂၀၆၂၅ိ/-) (ကျန်သုံးသိန်းနှစ်သောင်းခြောက်ရာနှစ်ဆယ်ငါးတိတိ) အား အကြောင်းကြားစာပေးပို့သည့်နေ့မှစ၍ (၃)ရက်အတွင်း လာရောက်ပေးသွင်းနိုင်ပါရန် ထပ်မံအကြောင်းကြားခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် လာရောက်ပေးသွင်းခြင်းမရှိပါက ယုံကြည်စိတ်ချဖွယ်မရှိသော ကြော်ငြာရှင်အဖြစ် ထည့်သွင်း ကြေညာမည်ဖြစ်ကြောင်း သတိပေးထားခဲ့ပါသည်။
၎။ AT&S Co., Ltd. မှ မည်သည့်အကြောင်းပြန်ကြားမှုမှ ပြုလုပ်ခဲ့ခြင်းမရှိပါ။ ၄-၈-၂၀၀၉ ရက်က AT&S Co., Ltd. မှ ကြော်ငြာခပေးချေမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်ဟု ဆိုသော်လည်း ကျွန်ုပ်တို့ Eleven Media Group Co., Ltd. ၏ စာပေးစာယူမှတ်တမ်းများအရ မည်သည့်အကြောင်းပြန်ကြားချက်စာမျှ လက်ခံရရှိခြင်းမရှိပါ။
၅။ ယနေ့ ခေတ်ပြောင်းနေသောကာလတွင် စီးပွားရေးလောကအတွင်း သမာသမတ်ကျမှု၊ မျှတမှု၊ မိမိ၏ ကိုယ်စွမ်းဉာဏ်စွမ်းမပါဘဲ အခြားသူများ၏ ရပိုင်ခွင့်နှင့် ကြိုးစားအားထုတ်မှုများမှ ခေါင်းပုံဖြတ် အမြတ်ထုတ်ယူမှုများ ကင်းစင်ရန်မှာ ဦးစားပေးရမည့်ဖြစ်စဉ်ပင် ဖြစ်ပါသည်။
၆။ Eleven Media Group မှ ကြော်ငြာထည့်သွင်းပြီးပြီးချင်း ၁၆-၂-၂၀၀၉ ရက်နေ့တွင်တစ်ကြိမ်၊ ၃၀-၃-၂၀၀၉ ရက်နေ့တွင် တစ်ကြိမ်၊ ၁၅-၆-၂၀၀၉ ရက်နေ့တွင် တစ်ကြိမ် Eleven Media Group ကြော်ငြာဌာနမှ ၀န်ထမ်းများ AT&S Co., Ltd. သို့ ကြော်ငြာခကျန်ငွေလက်ခံရန် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ရာတွင်လည်း ပေးချေခဲ့ခြင်းမရှိပါ။
၇။ ကြော်ငြာခကျန်ငွေ ပေးချေလိုခြင်းမရှိပါကြောင်း အတိအလင်း ရေးသားပြန်ကြားချက်မှအစပြု၍ ပေါ်ပေါက်လာသော ယခုဖြစ်စဉ်တွင် မြန်မာနိုင်ငံ၌ စီးပွားရေးဆောင်ရွက်နေကြသော ကုမ္ပဏီများ၏ ကျင့်ဝတ်သိက္ခာနှင့် ရပ်တည်ချက်ကို အလေးဂရုမပြုသည့်အသွင် ဖော်ဆောင်ရာ ရောက်ရှိစေပါသည်။ ငွေတစ်ကျပ်ဖြစ်စေ၊ သိန်းတစ်ထောင်ဖြစ်စေ၊ မည်သည့်ငွေပမာဏပင်ဖြစ်စေ ပေးချေရမည့်တာဝန်ရှိသည်ကို ပေးချေရမည်ဖြစ်ပါသည်။ ဤသည်ကို ပေးချေလိုခြင်း မရှိပါကြောင်း အကြောင်းပြန်ကြားခဲ့သည့် AT&S Co., Ltd. ၏ တာဝန်အပြည့်အ၀ရှိကြောင်း ရှင်းလင်းအသိပေးအပ်ပါသည်။
၈။ ဤကဲ့သို့ ယုံကြည်စိတ်ချဖွယ်မရှိသော ကြော်ငြာရှင်အဖြစ် ကြေညာခဲ့ခြင်းမှာ AT&S Co., Ltd. ကုမ္ပဏီတစ်ခုတည်း အတွက် နစ်နာစေရန်ရည်ရွယ်ခြင်းမဟုတ်ပါ။ လက်ရှိမြန်မာ့စီးပွားရေးလောက၌ ဖြစ်ပေါ်နေသော မမျှတမှု၊ အလွဲအသုံးပြုမှု၊ ဥပဒေကို လက်တစ်လုံးခြားပြုကာ အခြားသူများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုအားလုံးကို သိရှိစေရန် ရည်ရွယ်ခြင်းအတွက်သာ ဖြစ်ပါသည်။
၉။ အင်အားကြီးမားသည့် မီဒီယာအုပ်စုဖြစ်သည်ဟု AT&S Co., Ltd. မှ ဖော်ညွှန်းစွပ်စွဲချက်နှင့် ကြော်ငြာထည့်သွင်းပြီး ကြော်ငြာခပေးချေလိုခြင်းမရှိပါကြောင်း တရားဝင်စာဖြင့် ပြန်ကြားခဲ့သည့် AT&S Co., Ltd. ၏ ပျက်ကွက်မှုများအတွက် Eleven Media Group မှ ရသင့်ရထိုက်သော ခံစားခွင့်များကို ရရှိစေရန် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားရလိမ့်မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ မိမိဆောင်ရွက်လုပ်ဆောင်ချက် အားလုံးကိုလည်း တရားမျှတမှု ရှိ၊ မရှိ အများပြည်သူသိရှိစေရန် ဥပဒေနှင့်အညီ ဖော်ပြကြေညာသွားမည်ဖြစ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်များအရ | ဦးအောင်နိုင် LL.B တရားရုံးချုပ်ရှေ့နေ အမှတ်-၂၂၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ |
( Weekly Eleven News Journal အတွဲ ၄၊ အမှတ် ၄၅၊ အချပ်ပို B,C မှ )
No comments:
Post a Comment