နိုင်ငံရေးတွင် အညွှန်း Referential Points တို့ကို ပြုစုပျိုးထောင်လေ့ရှိကြသည်။ ဤအညွှန်းတို့ကို ပြုစုတည်ဆောက်ရာ၌ ပကတိအခြေအနေနှင့် ဆီလျော်အပ်စပ်မှု Relevance ကို အခြေခံသည်။ အိုင်ဒီယာ Ideas တို့ကို ပြုစုပျိုးထောင်ရာ၌မူ အဓိကအားဖြင့် ယုတ္တိကျိုးကြောင်းခိုင်လုံမှု validity ကို အခြေခံသည်။ ထို့အပြင် အိုင်ဒီယာတို့သည်လည်း ယုတ္တိအပြင် ဆီလျော်အပ်စပ်မှုကို အခြေခံထားလာရသည်။
အိုင်ဒီယာတစ်ရပ်သည် ယုတ္တိဖွဲ့စည်းပုံအရ ဘယ်လောက်ပဲ ခိုင်မာပြည့်စုံစေကာမူ အစစ်အမှန်နှင့် ဆီလျော်မှုမရှိပါက အဓိပ္ပါယ်မဲ့နေမည်။ အသုံးဝင်မည်မဟုတ်ပေ။ တစ်ဖန် ဆီလျော်အပ်စပ်မှုကလည်း အချိန်ကာလ၊ ခေတ်ကာလပေါ် မူတည်သည်။ တစ်ခါက ဆီလျော်အပ်စပ်သော အညွှန်းတို့သည် ပြောင်းလဲသွားသောခေတ်၌ ဆီလျော်အပ်စပ်မှု ချုပ်ငြိမ်းသွားနိုင်သည်။
ဤအခြေခံအမြင်ဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် စာရေးသူက အညွှန်းနှစ်ပါးကို ဖြုတ်ပစ်လိုသည်။ ပြောင်းလဲလာသော အခြေအနေနှင့် မအပ်စပ်သောကြောင့်ဖြစ်သည်။ စာရေးသူဖြုတ်ပစ်သော အညွှန်းနှစ်ပါးမှာ (၁) အိုင်ဒီအိုလိုဂျီ နှင့် (၂) သမိုင်း တို့ဖြစ်ကြသည်။ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့သည် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး နိုင်ငံရေးတွင် လမ်းညွှန်အဖြစ် အသုံးပြုရန်အထိ အသုံးတည့်စရာအကြောင်းမရှိပြီ။ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းမပါသော အနာဂတ်နိုင်ငံရေးမြင်ကွင်းကိုသာ သက်ဆိုင်ရာပလေယာတို့က ရှုမြင်သုံးသပ်အပ်သည်ဟု ထင်သည်။
အိုင်ဒီအိုလိုဂျီမော
မြန်မာ့နိုင်ငံရေးသည် အိုင်ဒီအိုလိုဂျီမျိုးစုံကို ဖြတ်သန်းခဲ့ရသည်။ အိုင်ဒီအိုလိုဂျီ အထူးသဖြင့် လက်ဝဲအိုင်ဒီအိုလိုဂျီတို့ကို လုံခွက်ထဲထည့်ပြီး အရမ်းမီးပြင်းတိုက် ဖိုထိုးစမ်းသပ်ခဲ့ကြပြီးဖြစ်သည်။ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့သည်မှာ အိုင်ဒီအိုလိုဂျီတို့ကို မီးပြင်းတိုက်ပြီး စမ်းသပ်ခဲ့ကြ၍ ဖြစ်သည်။ ထို့ကြောင့် မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံအနေဖြင့်ဖြစ်စေ အိုင်ဒီအိုလိုဂျီ မောကာနေခဲ့ပြီး Ideology Fatigue ဖြစ်နေသည်။ အိုင်ဒီအိုလိုဂျီဆိုလျှင် မကြားချင်တော့သည်အထိ ဖြစ်လာသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီကို အညွှန်အဖြစ်မှ ဖြုတ်ပစ်ရန် အခြေအနေက တောင်းဆိုသည်ဟု တွက်မိသည်။
မြန်မာ့ခေတ်ပြိုင်သမိုင်းကိုလည်း အညွှန်းအဖြစ် ဖြုတ်ပစ်သင့်သည်။ အကြောင်းရှိပါသည်။ မြန်မာ့သမိုင်းသည် စီးရီးဆွဲ၍ တစ်ဆက်တည်း တန်းစီထားသော သမိုင်းမဟုတ်။ အဖြတ်အတောက်တွေ အလွန်များသည်။ သမိုင်းစဉ် အဖြတ်အတောက်တို့၌လည်း ညင်သာမှုမရှိ။ ငြိမ်းချမ်းစွာ ဖြတ်တောက်သည်မဟုတ်။ အကြမ်းပတမ်းနည်းတို့ဖြင့် ဖြတ်တောက်သည်။ ဤလိုအဖြတ်အတောက်တို့ဖြင့် ဖြစ်ပေါ်သည့်အပြင် မြန်မာ့ခေတ်ပြိုင်သမိုင်းကလည်း အလွန်ရှုပ်ထွေးသည်။ Historical Discontinuity and Complexity ဟု လက္ခဏာရေးဖြတ်ရမည်။ မြန်မာ့ခေတ်ပြိုင် သမိုင်းသည် ထိုသို့ ရှုပ်ထွေးခက်ထန်မှုတို့ကြောင့် အနာဂတ်၏ နိုင်ငံရေးအတွက် သမိုင်းသည် အညွှန်းမဖြစ်အပ်ပေ။ သမိုင်းကို အညွှန်းအရာမှ နန်းချသင့်သည်ဟု ထင်သည်။ သမိုင်းအပေါ် အစွဲအလမ်းကြီးလျှင် ရိုမန်တစ်သာဖြစ်မည်။ ပြဿနာတို့၏ အဖြေကို တွေ့မည်မဟုတ်ပေ။
ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး အထူးသဖြင့် ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲအပြီး ပေါ်မည့် လွှတ်တော်နိုင်ငံရေးတို့တွင် အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့ အညွှန်းနေရာမှ နန်းချခံထားရသည့်အခြေကို တွေ့မည်ဟု ထင်သည်။ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းမပါသော နိုင်ငံရေးပုံသဏ္ဌာန်ကို မျှော်မှန်း မှန်းဆကြည့်ဖို့သာရှိသည်။
အညွှန်းခုနစ်ပါး
အိုင်ဒီအိုလိုဂျီနှင့် သမိုင်းကို ဖြုတ်စဉ်းစားရသော နိုင်ငံရေးတွင် ဒါဖြင့် ဘာတွေစဉ်းစားရမှာလဲဟု မေးစရာပေါ်သည်။ နိုင်ငံရေး အညွှန်းတရားတို့တွင် အောက်ပါအညွှန်းတို့ ပါဝင်သည်။ (၁) အိုင်ဒီအိုလိုဂျီ၊ (၂) သမိုင်း၊ (၃) ပေါ်လစီ၊ (၄) ခေါင်းဆောင်မှု၊ (၅) စိစစ်သုံးသပ်မှုပါဝါ၊ (၆) အတုခိုးမှု (အခြားနိုင်ငံတို့၏ အတွေ့အကြုံကို အတုခိုးခြင်း)၊ (၇) လက်တွေ့အခြေစိုက်မှု Pragmatism တို့ ဖြစ်ကြသည်။
အထက်ဖော်ပြပါအညွှန်း ခုနစ်ပါးအနက် သော့ချက်ကျသော အညွှန်းသည် စိစစ်သုံးသပ်မှုပါဝါ Analytical Power ဖြစ်လိမ့်မည်ဟု စာရေးသူက ယူဆသည်။ ဥပမာ - လက်ရှိတပ်မတော်အစိုးရ၏ စီမံအုပ်ချုပ်ပုံသည် အမိန့်ပေးကွပ်ကဲမှုစနစ် ဖြစ်သည်။ ထိပ်အောက် Top-Down ဖွဲ့စည်းပုံဖြစ်သည်။ ဒေါက်လိုက်အုပ်ချုပ်ပုံဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီး၍ ပေါ်လာမည့် လွှတ်တော်တို့တွင် လွှတ်တော်အသီးသီး၏ သဘောတူညီချက်ကိုယူ၍ အုပ်ချုပ်ရမည်။ သဘောမှာ အလျားလိုက် အုပ်ချုပ်မှုပုံသဏ္ဌာန်ဖြစ်သည်။ ထောင်လိုက်အုပ်ချုပ်မှုပုံသဏ္ဌာန်သည် သဘောဝအလျောက် အာဏာဖြင့် စီမံရမည်ဖြစ်၍ ပို၍ စွမ်းရည်ထက်ထက်မြက်မြက်ရှိသည်။ ဆုံးဖြတ်ချက်များ မြန်ဆန်သည်။
ရွေးကောက်ပွဲအပြီးပေါ်မည့် စီမံအုပ်ချုပ်ပုံစနစ်သည် အလျားလိုက်ဖွဲ့စည်းပုံ သဏ္ဌာန်ဖြစ်၍ အလျားလိုက်ဖွဲ့စည်းမှု သဏ္ဌာန်ဖြင့် အစွမ်းထက်ထက် စီမံအုပ်ချုပ်နိုင်မည့်အလားအလာတို့ကို ရှာဖွေရမည်။ ဈေးကွက်ယန္တရားကို ပေါ်လစီဖြင့် အစွမ်းထက်အောင် လုပ်နိုင်၊ မလုပ်နိုင် နိုင်ငံရေးပါတီတို့က ချိန်ရမည်။
တစ်နည်းပြောလျှင် ရွေးကောက်ပွဲအပြီးကာလသည် ဒေါင်လိုက်စီမံအုပ်ချုပ်မှုမှ အလျားလိုက်စီမံအုပ်ချုပ်မှုသို့ အသွင်ကူးပြောင်းရခြင်းကို စီမံခန့်ခွဲရသော ကာလဖြစ်မည်။ အနာဂတ်စီမံခန့်ခွဲမှု အုပ်ချုပ်ပုံကို အသစ်တည်ဆောက်ရမည်ဖြစ်၍ သမိုင်းသည်လည်းကောင်း၊ အိုင်ဒီအိုလိုဂျီသည်လည်းကောင်း အညွှန်းမဖြစ်နိုင်ပေ။ သမိုင်းနှင့် အိုင်ဒီအိုလိုဂျီတို့ကို ဖယ်ထုတ်ထားသော အတွေးအမြင်တို့သာလျှင် တစ်နည်းပြောလျှင် လက်တွေ့အခြေစိုက် စဉ်းစားနည်း Pragmatism သည်သာလျှင် အတွေးအခေါ်ကိရိယာအဖြစ်ကျန်မည်။ သမိုင်းနှင့် အိုင်ဒီအိုလိုဂျီကိုဖြုတ်၍ လက်တွေ့ကျကျ စဉ်းစားကြရမည်ဟု ယူဆသည်။

--------------------------
မောင်စူးစမ်း (၁၇-၈-၂၀၀၉)
--------------------------
မောင်စူးစမ်း (၁၇-၈-၂၀၀၉)
--------------------------
( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၂ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment