ကျွန်တော်က ဘောလုံးကန်ရတာရော၊ ဘောလုံးပွဲကြည့်ရတာရောကို ၀ါသနာပါသူပါ။ ဒီလိုပြောရတာ အကြောင်းရှိပါတယ်။ ၀ါသနာအရ ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဆောင်းပါးတွေ တင်ပေးလေ့ရှိပါတယ်။ တစ်ခါကတော့ အွန်လိုင်းက ကျွန်တော့်အစ်မကြီးတစ်ယောက်ကို ဘလော့ဂ်လိပ်စာလေး ပေးမိပါတယ်။ သူကဘာပြန်ပြောလဲဆိုတော့ သူငယ်ချင်းတွေညွှန်းလို့ အဲဒီဆိုဒ်ကိုသိတယ်တဲ့။ ဒါပေမယ့် ဘောလုံးဆိုဒ်ကြီးတဲ့။ သူဝါသနာမပါဘူးတဲ့။ သူပြောတဲ့ကာလတုန်းက မြန်မာနေရှင်နယ်လိဂ်လည်း အရှိန်ရ၊ ကျွန်တော်လည်း အရှိန်တက်နေချိန်ဆိုတော့ ဘောလုံးနဲ့ ပတ်သက်တာတွေချည်းပဲ တင်ထားမိတဲ့ကာလဖြစ်နေတာကိုး။ မဟုတ်ပါဘူးလို့ဘဲ အကျဉ်းရုံးရှင်းပြလိုက်ရတယ်။
ဟော... အခုလာပြန်ပြီ။ တစ်နေ့က ဂျီတော့ခ်မှာ ကျွန်တော့်ကို တစ်ယောက်က လာပြီး invite လုပ်တယ်။ အသိတစ်ယောက်တိုးနည်းလားဗျာ။ လက်ခံလိုက်ပါတယ်။ သူနဲ့တွေ့တော့ မြန်မာ့သွေးကို သဘောကျတယ်တဲ့။ အဲဒီကဟာသတွေကို အမြဲတမ်းစောင့်ဖတ်တယ်တဲ့။ သေပါရောလား။ ကျွန်တော့်ဘလော့ဂ်က ဟာသဘလော့ဂ်ဖြစ်သွားပြန်ပါရော။ ဒါလည်း ပြန်စဉ်းစားမိတော့ ဟုတ်တော့လည်း ဟုတ်သား။ ကျွန်တော်လည်း အခုရက်ပိုင်း ဟာသတွေ အတော်လေး တင်ပေးနေမိပြန်တာကိုး။ တမင်တကာတော့ မဟုတ်ပါဘူး။ ကျွန်တော်စိတ်ညစ်နေတဲ့အချိန်ဆိုရင် ရယ်စရာလေးတွေဖတ်၊ ရယ်စရာဟာသကားတွေကြည့်ပြီး စိတ်အပန်းဖြေတတ်တော့ အခြားလူတွေလည်း အမောပြေပါစေဆိုပြီး လက်လှမ်းမီသမျှ ဘာသာပြန်ပြီး ဟာသပို့စ်လေးတွေ တင်ပေးမိတာပါ။ အဲဒါကိုလာပြီး သဘောကျနေတော့ ကျေးဇူးတင်ကြောင်းပဲ ပြောလိုက်ရတာပေါ့။
အခုလည်း မရေးတာကြာတဲ့ ဘောလုံးအကြောင်းလေး ရေးချင်လို့ပါ။ မကြာမီ ဥရောပဘောလုံးရာသီရော၊ မြန်မာနေရှင်နယ်လိဂ်ရော စတော့မှာဆိုတော့ ကျွန်တော်လည်း သွေးပူလေ့ကျင့်ခန်းလုပ်တဲ့သဘောပါ။ ၀ါသနာမပါတဲ့သူတွေကို ကြိုတင်ပြီး တောင်းပန်ပါတယ်။ သည်းခံပြီး ဖတ်ပေးကြပါလို့။ ဟို သီချင်းထဲကလိုပြောရရင်တော့ ၀ါသနာကို မတားနဲ့ရှင်ရယ်ပေါ့ဗျာ။
မြန်မာနေရှင်နယ်လိဂ်နှင့် ကျွန်တော့်အမြင်
ဒီတစ်ခေါက်ပြုလုပ်မယ့်ပြိုင်ပွဲဟာ အရင်ကထက် ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်မယ်ဆိုတာကို ကျွန်တော်ယုံတယ်။
အသင်းတွေမှာ လိုအပ်ချက်အရ နိုင်ငံခြားသား နည်းစနစ်ဒါရိုက်တာတွေ၊ နည်းပြတွေ ငှားတာကို ကျွန်တော်သဘောတူတယ်။
ဒါပေမယ့် အသင်းတိုင်းက နိုင်ငံခြားသားနည်းပြငှားမှာကိုတော့ ကျွန်တော်ဆန့်ကျင်တယ်။ အများဆုံး ၄ သင်းပဲ ဖြစ်သင့်တယ်။
အသင်းတွေမှာ နိုင်ငံခြားသား ဘောလုံးသမားတွေ အများကြီးဖြစ်လာတာကို ကျွန်တော်မကြိုဆိုပါဘူး။ အခုအချိန်အထိ မြန်မာဘောလုံးသမားထက် နှစ်ဆပိုကောင်းတဲ့ နိုင်ငံခြားကစားသမား ကျွန်တော်မကြည့်ခဲ့ရသေးပါဘူး။
နိုင်ငံခြားဘောလုံးသမားတွေခေါ်ယူဖို့အတွက် မလေးရှားလူမျိုး တရားဝင်အေးဂျင့်တစ်ယောက်တည်းနဲ့ ဆက်သွယ်နေရတာကို ကျွန်တော်လုံးဝ မကြိုက်ဘူး။ မြန်မာပြည်ဟာ သူ့အတွက် ငွေပုံကြီးပဲလို့ သူကမြင်နေမယ်လို့ ကျွန်တော်ထင်တယ်။
ပြိုင်ပွဲမှာ ဆုပေးတဲ့ ဖလားပုံစံကို ကျွန်တော်မကြိုက်ဘူး။ အတော်ကြီးကိုအောက်တယ်လို့ မြင်တယ်။ အပေါ်ဆုံးမှာ ဘောလုံးကန်နေတဲ့ အရုပ်ဟာ အတော့်ကို အကြည့်ရဆိုးပါတယ်။ ပြီးတော့ ဖလားက သေးနေတယ်။
နောင်ပြိုင်ပွဲတွေမှာ မူရင်းဖလားကို အပိုင်မပေးတော့ဘဲ ဆင့်ပွားဖလားကိုပဲ အပိုင်ပေးမယ်လို့ သိရတယ်။ ဖလားပုံစံအသစ်ကို ပညာရှင်တွေ တိုင်ပင်ပြီး အကောင်းဆုံးလုပ်စေချင်ပါတယ်။ ပြီးရင် အဲဒီဖလားမှာ နှစ်အလိုက် ချန်ပီယံအသင်းနာမည်တွေကို ရေးထားသင့်တယ်လို့ ထင်တယ်။
နောက်ပြီးတော့ ပွဲစဉ်အလိုက် အကောင်းဆုံးဆုပေးတဲ့အခါ ဆုရတဲ့ကစားသမားတွေ ကိုင်ပြီးဓာတ်ပုံရိုက်ခံနေတဲ့ ဆုပြားကြီးမှာ ရေးထားတာတွေကို သဘောမကျဘူး။ မြန်မာလိုချည်းရေးမှာဆိုလည်းရေး၊ ဒါမှမဟုတ်ရင်လည်း အင်္ဂလိပ်လိုချည်းပဲရေး။ အခုတော့ အပေါ်မှာက အင်္ဂလိပ်လိုရေးတယ်။ အောက်မှာရေးထားတဲ့ ဆုကြေးပမာဏက မြန်မာလိုကြီးဖြစ်နေတယ်။ ဖက်စပ်ဆိုရင် ဘယ်ဖက်စပ်မှ မကောင်းဘူးလို့ ကျွန်တော်မြင်တယ်။
မြန်မာပွဲတွေကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသနေတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုကြားနေတာက နိုင်ငံခြားရုပ်သံလိုင်းတွေလို ပိုက်ဆံပေးပြီးမှ ကြည့်လို့ရမယ့်စနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်နေတယ်တဲ့။ မြို့ကြီးတွေအတွက်ပဲ မတွေးဘဲ တစ်နိုင်ငံလုံးအတိုင်းအတာ အထူးသဖြင့် နယ်တွေအတွက် စဉ်းစားပြီးမှ ဆောင်ရွက်စေချင်တယ်။ အချို့နေရာတော်တော်များများမှာ မြန်မာ့အသံကိုတောင် မှုန်ဝါးဝါးကြည့်နေရတယ်ဆိုတာကို သိစေချင်တယ်။
ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့အခါ အနှေးပြကွက်တွေနဲ့ ပြန်ပြနိုင်အောင် ကြိုးစားကြပါဦးလို့ အကြံပြုလိုပါတယ်။ ပြီးတော့ ကစားသမားအချင်းချင်း ကတောက်ကဆဖြစ်ရင်၊ ဒိုင်လူကြီးကို ပြန်ပြောနေကြရင် မဆီမဆိုင်တာတွေကို ကင်မရာလှည့်ပစ်တဲ့ အကျင့်ကြီး ပြင်ကြပါဦးလို့ ပြောချင်ပါတယ်။ လုပ်တဲ့လူကတောင် လုပ်နေသေးတာ ကြည့်တဲ့လူတွေက ဘာကိစ္စ မကြည့်ရဲရမှာလည်း။ ပြီးရင် မသိမယ့်ကိစ္စလည်းမဟုတ်ဘူး။ ဂျာနယ်တွေထဲမှာ ပြန်ဖွကြတာပဲမဟုတ်ဘူးလား။ ကစားသမားချင်း ဆွဲထိုးတာပဲဖြစ်ဖြစ်၊ ခြေထောက်နဲ့ကန်တာပဲဖြစ်ဖြစ် ပြလိုက်ပါ။ ဒါမှ ကြည့်နေတဲ့ ပရိသတ်အားလုံးက အဲဒီကစားသမားတွေဟာ ဘယ်လိုအဆင့်အတန်းရှိတယ်ဆိုတာ သိခွင့်ရမှာပေါ့။
နောက်တစ်ခုက ဘောလုံးပွဲကြေညာတဲ့လူဟာ အသင်းနှစ်သင်းမှာရှိတဲ့ ကစားသမားအားလုံးရဲ့ အမည်လောက်တော့ မှန်မှန်ကန်ကန် သိထားသင့်တယ်လို့ ထင်ပါတယ်။ ၀ါသနာမပါဘဲ တာဝန်အရလုပ်နေတယ်ဆိုရင်လည်း အဲဒီလိုသိတာဟာ တာဝန်ကျေပွန်မှုဆိုတဲ့ ဂုဏ်မြောက်တယ်ဆိုတာ သိထားစေချင်ပါတယ်။ နိုင်ငံခြားသားဘောလုံးရတာမြင်ရင် တိုရေး၊ မက်ဆီပို ဆိုပြီး တလွဲတွေချည်းအော်နေတာကို နားထောင်ခဲ့ရတာ ဘယ်လောက်ကလိကလိဖြစ်တယ်ဆိုတာ နားလည်ပေးစမ်းပါ။
နောက်ပြီးရင် ဘောလုံးပွဲနဲ့မဆိုင်တဲ့ အကြောင်းအရာတွေကို အာလူးမဖုတ်စမ်းပါနဲ့။ အခုခေတ် ပရိသတ်တွေက အရင်တုန်းက ခင်ဗျားတို့ ခေတ်လိုမဟုတ်တော့ဘူး။ ထွက်သမျှဂျာနယ်ဖတ်၊ လာသမျှ စလောင်းပွဲတွေကြည့်ပြီး ဘောလုံးဥပဒေကိုလည်းသိတယ်၊ ဘောလုံးသမိုင်းလည်း သိတယ်၊ ဘောလုံးသမားတွေရဲ့ ရာဇ၀င်ကိုလည်း အူမချေးခါးမကျန်သိတယ်ဗျ။ အဲဒါကို ခင်ဗျားက ဖတ်ထားသမျှ၊ သိထားသမျှ ကြက်တူရွေးနှုတ်တိုက် ရွတ်နေရင်တော့ ကိုယ့်ထမင်းကိုယ်စားပြီး မြို့မေတ္တာခံယူတဲ့သား ဖြစ်နေတယ်ဆိုတာ သတိပေးပါရစေ။ ပရိသတ်တွေ သိပြီးသား အကြောင်းအရာကိုပဲ သူတို့စိတ်ဝင်စားအောင် ပြောလို့ရပါတယ်။ ကြေညာလို့ရပါတယ်။
အခုပြောမယ့် နောက်ဆုံးအချက်ကတော့ ကျွန်တော်နည်းနည်းလေး ဖွတာပါ။ အခုအချိန်အထိ ဘယ်နာမည်ကြီး အားကစားဂျာနယ်ကမှ မြန်မာဘောလုံးသမားရုပ်ပုံနဲ့ မျက်နှာဖုံးမတင်သေးတာကို သတိထားမိလို့ပါ။ ဘယ်မြန်မာဘောလုံးသမားများ ပထမဆုံး ဂျာနယ်မျက်နှာဖုံးရှင် ဖြစ်မလဲဆိုတာ ကျွန်တော်စိတ်ဝင်စားမိကြောင်းပါ။ ကျွန်တော်မဖတ်ဖူးသေးတဲ့ ဂျာနယ်တွေမှာ ပါပြီးဖြစ်နေရင် ထောက်ပြပေးပါ။
အင်္ဂလန်ပရီးမီးယားလိဂ်နှင့် ကျွန်တော့်အမြင်
ဘယ်သူတွေရှိရှိ မရှိရှိ ပရီးမီးယားလိဂ်ကတော့ အာရှဒေသနဲ့ အာဖရိကဒေသအချို့အတွက် ပေါ်ပြူလာအဖြစ်ဆုံး ဖြစ်နေဦးမှာပါ။ သူတို့တွေမှာ အခြားလိဂ်တွေထက် နှာတစ်ဖျားသာတဲ့ အားသာချက်ရှိတယ်လေ။ ပွဲကန်တဲ့အချိန်ပါ။
ပြိုင်ဆိုင်မှုပိုပြင်းထန်လာမယ်လို့ ကျွန်တော်က မပြောချင်ဘူး။ ပိုပြီး စိတ်ဝင်စားစရာကောင်းလာမယ်လို့ပဲ သုံးနှုန်းချင်တယ်။
မန်ယူအကြောင်းလား။ အေးဆေးပါ။ လူငယ်ပြောပြောရရင် အပျိုရည်မပျက်သေးပါဘူး။ ကြိုက်တဲ့လူတွေ ၀ိုင်းဝိုင်းလည်နေဦးမှာပါ။ သူကလည်း ပန်းပန် မပျက်သေးလောက်ပါဘူး။
ချဲလ်ဆီးကိုတော့ စိတ်ဝင်စားတာ အမှန်ပဲ။ နည်းပြသစ်ကြောင့်ပါ။ အခြားနည်းပြဆိုရင်တောင် သူ့လောက် စိတ်ဝင်စားကြမယ်မထင်ပါဘူး။ ဒါပေမယ့် ချဲလ်ဆီးမှာ တစ်ခုခုထစ်ခနဲဆိုတာနဲ့ မော်ရင်ဟိုနဲ့ သွားပြီးခိုင်းနှိုင်းကြတာကတော့ အဲဒီနည်းပြအတွက် တကယ့်ပြဿနာပါပဲ။ ခုရေတွင်းတူးပြီး ခုရေကြည်သောက်ချင်တဲ့ ချဲလ်ဆီးသူဌေးနဲ့ အဲဒီနည်းပြ ဘယ်လောက်ကြာအောင် လက်တွဲနိုင်မလဲဆိုတာက ချဲလ်ဆီးရဲ့ အောင်မြင်မှုအဖြေ ဖြစ်မယ်လို့ ကျွန်တော်ကထင်တယ်။
လီဗာပူးလ်ကတော့ မနှစ်က အိပ်မက်တွေကို ဆက်မမက်ချင်ပါနဲ့။ မတည်ငြိမ်မှုတွေများတာဟာ ဘယ်နေရာမှာမှ မကောင်းဘူးဆိုတာကို လီဗာပူးလ်ကိုကြည့်ပြီး ကျွန်တော်တို့ သင်ခန်းစာယူနိုင်ပါလိမ့်မယ်။
အာစင်နယ်ကတော့ အောင်မြင်မှုရဖို့ထက် မန်စီးတီးအင်အားကြီးလာတာကို စိုးရိမ်ရမယ့် အနေအထားပါ။ အရင်ကတော့ တစ်ရာသီလုံး ဘယ်လိုပဲဖြစ်နေဖြစ်နေ အချိန်တန်လို့ ရာသီသိမ်းရင် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာလေးဆုပ်ကိုင်ပြီး သူ့ပရိသတ်တွေကို ချွေးသိပ်နေကျ။ ဒီနှစ်တော့ မန်စီးတီးက အဲဒီခုံနေရာကို မျက်စောင်းထိုးနေပြီလေ။
မန်စီးတီးအကြောင်း မပြောချင်ဘူးဗျ။ ခင်ဗျားတို့နဲ့ အမြင်တူမှာမဟုတ်ဘူး။ ဖာဂူဆန်ကြီးပြောသလို ပြောမယ်ဗျာ။ သူ့ဘာသာသူ ကြိုက်သလောက် ငွေတွေသုံးပြီး ကစားသမားတွေဝယ်ထား။ အသင်းကြီးဖြစ်လာစရာ အကြောင်းမရှိသေးဘူး။ သူနမူနာယူနေတာက ချဲလ်ဆီးအသင်းကို အေဗရာမိုဗစ်ခ်ျ လုပ်သလို လုပ်ချင်နေတာဖြစ်မယ်ဗျ။ ဒါပေမယ့် မန်စီးတီးသတိမထားမိတာက သူတို့မှာရှိတဲ့နည်းပြဟာ မော်ရင်ဟို မဟုတ်ဘူးဆိုတာပဲ။ မော်ရင်ဟို မန်စီးတီးကိုရောက်လာပြီဆိုတဲ့ သတင်းထွက်လာအောင်လုပ်ပါစေဗျာ။ အပေါ်က အသင်းကြီးလေးသင်း လှုပ်လှုပ်ရွရွ ဖြစ်သွားနိုင်တာ အဲဒီတစ်ခုပဲ ရှိတယ်ဗျ။
ဒီရာသီမှာ ကစားသမားတွေ ဒဏ်ရာရတာ များမယ်လို့ ကျွန်တော်ကြိုတင်ခန့်မှန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်သွေးသစ် ကစားသမားတွေ များလာတာကြောင့်ပါ။ လျင်မြန်မှုနဲ့ ခွန်အားသုံးတဲ့ ကစားသမားတွေများလာတာ ပွဲအရှိန်ကို မြင့်တက်စေသလို မလိုလားအပ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်လာနိုင်မယ်လို့ ကျွန်တော်ထင်လို့ပါ။
တန်းတက်အသင်းတွေရဲ့ ပြင်ဆင်မှုအရ သူတို့ကို သနားနေမိတယ်။ အဲဒီသုံးသင်းအနေနဲ့ လက်ရှိအသင်းတွေကို ဘယ်လိုယှဉ်ပြိုင်မလဲဆိုတာ စောင့်ကြည့်လိုက်ဦးမယ်။ စံချိန်တင်ဂိုးပေးရမှုတွေ ထွက်လာတော့မယ် ထင်မိပါရဲ့။
လက်ရှိအနေအထားအရ ချန်ပီယံလိဂ်မှာလည်း ပရီးမီးယားလိဂ်အသင်းတွေ မင်းမူနေလိမ့်ဦးမယ်လို့ ကျွန်တော်ထင်တယ်။ စောင့်ကြည့်ကြသေးတာပေါ့။
အခြားသောဘောလုံးအကြောင်းအရာများနှင့် ကျွန်တော့်အမြင်
စီရော်နယ်လ်ဒို ရီးရဲလ်မက်ဒရစ်မှာ အဆင်ပြေမယ်လို့ ကျွန်တော်မထင်ဘူး။ အသင်းဖော်တွေနဲ့ ပြဿနာတက်လာနိုင်သလို နည်းပြနဲ့လည်း အဆင်မပြေဖြစ်လာနိုင်တယ်။ ရီးရဲလ်အသင်းရဲ့ ဖိအားကို ရော်နယ်လ်ဒို ဘယ်လောက်ခံနိုင်မလဲ စောင့်ကြည့်ကြတာပေါ့။
အေဗရာဟင်မိုဗစ်ခ်ျ ဘာစီလိုနာမှာ ထွန်းတောက်လာဦးမယ်လို့ ယုံတယ်။ သူ့ကို ပံ့ပိုးပေးမယ့်လူတွေက ဘာကာမှာ အများကြီး။ အီတလီရဲ့ ဂိုးသွင်းဘုရင်ဟာ စပိန်မှာလည်း ဂိုးသွင်းဘုရင် ဆက်ဖြစ်မယ်ဆိုရင် အံ့သြစရာတော့ မရှိပါဘူး။
စပိန်လိဂ်ဟာ လက်ရှိအနေအထားအရ နှစ်ကောင်တည်းပြေးတဲ့ မြင်းပြိုင်ပွဲ ဖြစ်နေဦးမှာပါပဲ။
ဒီရာသီမှာ အီတလီက စီးရီးအေအကြောင်းကို လူတွေပြောမှ ပြောကြပါဦးမလားလို့ ကျွန်တော် သံသယရှိတယ်။ အဲဒါကလည်း အခြားကြောင့် မဟုတ်ဘူး။ အင်္ဂလန်ကို ပြန်လာချင်တယ်ဆိုတဲ့ မော်ရင်ဟိုရဲ့ စကားကြောင့်ပါ။ ကျွန်တော်ဟာ မော်ရင်ဟို ပရိသတ်မဟုတ်ပေမယ့် (အမြင်ကတ်တယ်လို့ ပြောရမှာ အားနာလို့ပါ) သူ့ရဲ့ စနစ်ကျနမှုနဲ့ အမြော်အမြင်ရှိမှုကိုတော့ လေးစားသူဆိုတာ ၀န်ခံပါတယ်။
အင်တာမီလန်မှာ အီတူးလွယ်ပါ့မလားဆိုရင် ကျွန်တော်မသိပါ။ အင်တာမီလန် ဒီနှစ်မလွယ်ဘူးဆိုတာတော့ ပြောနိုင်ပါသည်။
အေစီမီလန်နဲ့ ဂျူဗီက အင်တာမီလန်ရဲ့ ပြိုင်ဖက်ဆိုတာထက် သူတို့အချင်းချင်းကသာ ပြိုင်ဖက်တွေဖြစ်လာမယ်လို့ တွေးနေမိတယ်။
ပလာတီနီရဲ့ မဲရရှိရေးစီမံချက်အရ လုပ်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်အသင်းစည်းမျဉ်းဟာ ထိရောက်မှုမရှိဘူးဆိုတာ နာမည်ကြီးအသင်းတွေပဲ ရှုံးထွက်အဆင့်တက်၊ ဆီမီးဖိုင်နယ်တက်၊ ဗိုလ်လုပွဲတက်ဆိုတဲ့ ရလဒ်တွေက ကောင်းကောင်းကြီး သက်သေပြပါလိမ့်မယ်။
ဘာပဲပြောပြော ကျွန်တော်တို့မြန်မာတွေအတွက်ကတော့ ဘောလုံးဟာ စိတ်ဝင်စားမှုအကောင်းဆုံး အကြောင်းအရာဖြစ်နေဦးမယ်လို့ ကျွန်တော်ယုံတယ်။ ၂၀၁၀ ရွေးကောက်ပွဲမဲဆွယ်မှုတွေဟာ ဘောလုံးသမား အပြောင်းအရွှေ့လောက် စိတ်ဝင်စားမှုရှိမှာ မဟုတ်ပါဘူး။
စိတ်ဝင်စားစရာတစ်ခုကတော့ အခုနောက်တစ်ကြိမ်လုပ်မယ့် မြန်မာနေရှင်နယ်လိဂ်ဟာ အခြားသော ဘောလုံးရာသီတွေနဲ့ တိုက်နေပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့အကြိမ်လိုပဲ မြန်မာပရိသတ်တွေ သဲသဲလှုပ်ဖြစ်ပါဦးမလားဆိုတဲ့ မေးခွန်းပါ။
Saturday, August 01, 2009
ဘောလုံးအကြောင်းပြောချင်လို့ပါ
Posted by Ko Nyan Posted Time 3:01 PM
Labels EPL, MNL2009, myanmarfootball, soccer, ကျွန်တော့်အတွေးများ, အားကစား-Sports
Subscribe to:
Post Comments (Atom)
ko nyan ရေကောင်းလိုက်တဲ့အမြင်နဲ.အကြံပေးချက်တွေပါ
ReplyDeleteကျွန်တော်မီးကုန်ရမ်းကုန်ထောက်ခံတယ်ဗျာ
ဂျော့