၁။ မယဉ်ကျေးသောခေတ်တွင် နေထိုင်ခဲ့ကြသော လူရိုင်းတို့လက်ထက်က တာဝန်ဝတ္တရားဟူ၍ ပြောပလောက်အောင် မည်မည်ရရ မရှိခဲ့သော်လည်း တိုးတက်ယဉ်ကျေးလာသောအခါ လူမျိုးနှင့် နိုင်ငံ၏အဆင့်အတန်း မြင့်မားလာသည်နှင့် အမျှ နိုင်ငံသားများအပေါ် ကျရောက်သော တာဝန်ဝတ္တရားများမှာလည်း များစွာ ကျယ်ဝန်းလာခဲ့လေသည်။
၂။ တာဝန်နှင့် ၀တ္တရားဟူသောစကားမှာ သဘောအားဖြင့် ခြားနား၏။ အချိန်ရှိသမျှ အမြဲတမ်းဆောင်ရွက်လုပ်ကိုင်ရမည့် သဘောအရာမှာ ၀တ္တရား ဖြစ်၏။ ရံဖန်ရံခါမှ ပေါ်ပေါက်လာ၍ မလုပ်လျှင် မဖြစ်နိုင်လောက်အောင် အရေးကြီးသောအရာမှာ တာဝန် ဖြစ်၏။ ထို့ကြောင့် တာဝန်သည် ၀တ္တရားထက်ပို၍ အရေးကြီးသည်ဟု သိနားလည်ရာ၏။ ၀တ္တရားပျက်ကွက်သောသူ တစ်ဦးတစ်ယောက်အတွက် ၎င်းနှင့်အတူ အနည်းငယ်မျှသော သူတို့သာလျှင် နစ်နာ၍ တာဝန် ပျက်ကွက်ခဲ့လျှင်ကား တစ်မျိုးသားလုံးနှင့် တစ်နိုင်ငံလုံးပါ နစ်နာပျက်စီးတတ်၏။
၃။ တာဝန်ဝတ္တရားကို လေးစားလိုက်နာတတ်သူများသည် မိမိနေအိမ် မိသားစု တာဝန်ဝတ္တရားများ၊ မိမိကျောင်း၏ တာဝန်ဝတ္တရားများ၊ မိမိမြို့ရွာ ရပ်ကွက်၏ တာဝန်ဝတ္တရားများ၊ မိမိနိုင်ငံတော်၏ တာဝန်ဝတ္တရားများ စသည်ဖြင့် ဆင့်ကဲဆင့်ကဲ လူမှုဆက်ဆံရေး တိုးတက်ကျယ်ပြန့်လာသည်နှင့်အမျှ ပိုမိုတိုးတက်များပြား ကျယ်ဝန်းလာပေမည်။
၎။ နိုင်ငံသားများ၏ တာဝန်နှင့် ၀တ္တရားများတွင် အကြီးလေးဆုံး တာဝန်မှာ နိုင်ငံတော်၏ ဥပဒေများကို လေးစားလိုက်နာ ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်းပင်ဖြစ်၍ ဥပဒေကို ကိုယ်ထိလက်ရောက် ရိုသေလေးစားခြင်းဖြင့် အများ၏ကောင်းကျိုးကို ကိုယ်ထိလက်ရောက် လုပ်ကိုင်သည်နှင့် ထပ်တူထပ်မျှပင် ဖြစ်ပေသည်။

( ရင်နှစ်သည်းချာ နိုင်ငံ့ရတနာဆုံးမစာများ စာအုပ်မှ )
No comments:
Post a Comment