ဗုဒ္ဓဘာသာကို စိတ်ဝင်စားသော နိုင်ငံခြားသားများက မြန်မာလူမျိုးများဟာ စကားပြောလိုက်ရင် "ကံ- ကံ" နဲ့ တယ်ပြောကြသတဲ့။ ကံကောင်းလို့ ကံမကောင်းလို့ စသည်ဖြင့်ပေါ့လေ။ အဲဒီတော့ ကံဆိုတာ ဘာကို ပြောတာလဲ။
ကံဆိုတာ ကာယကံ၊ ဝစီကံ၊ မနောကံ ပဲ ဖြစ်ပါတယ်။ ကိုင်း … အဲဒါတွေကရော ဘာတွေတုန်း။
ကာယကံ သုံးပါး၊ ဝစီကံ လေးပါး၊ မနောကံ သုံးပါး ပါပဲ။ ကာယကံ သုံးပါး ဆိုတာကတော့ သူ့ အသက် သတ်ခြင်း၊ သူမပေးဘဲ ယူခြင်း၊ သူတပါး သားမယားကို ပြစ်မှားခြင်း တွေပါပဲ။ အဲဒီ ကံသုံးပါးကို နှုတ်ဖြင့် သော်လည်းကောင်း၊ စိတ်ဖြင့်သော်လည်းကောင်း ကျုးလွန်နိုင်ခြင်းမရှိဘဲ ကိုယ်ကာယ ဖြင့်သာ ကျုးလွန်မှ ဖြစ်တာမို့ ကာယကံလို့ ခေါ်ပါတယ်။
ဝစီကံ လေးပါး ဆိုတာကတော့ လိမ်ပြောတာ၊ ကုန်းချောပြောတာ၊ ရုတ်ရင်းကြမ်းတမ်းသော စကားကို ပြောတာ၊ အကျိုးမရှိသော စကားကို ပြောတာ ဖြစ်ပြီး နှုတ်ဖြင့်သာ ကျုးလွန် နိုင်၍ ဝစီကံလို့ ခေါ်ပါတယ်။
သူများပစ္စည်းကို လိုချင်တာ၊ သူများကို ပျက်စီးစေချင်တာ၊ အမှန်ကို အမှား၊ အမှားကို အမှန်လို့ ယူဆတာ တွေဟာ စိတ်နဲ့သာ လုပ်ဆောင်နိုင်သမို့ မနောကံ သုံးပါးလို့ ခေါ်ပါတယ်။
ဒါတွေအားလုံးကို ပေါင်းလိုက်တော့ ဒုစရိုက် ဆယ်ပါး ဖြစ်သွားပါတယ်။ အဲဒီ မကောင်းတာတွေကို လုပ်ရင် မကောင်းတာတွေပဲ ဖြစ်ပါလိမ့်မယ်။ ကောင်းတာတွေကို လုပ်ရင်တော့ ကောင်းကျိုးတွေ ရပါလိမ့်မယ်။ အဲဒါဟာ ကံနဲ့ ကံ၏ အကျိုးကို ယုံကြည်တာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေဟာ အလွန် သိသာပါတယ်။ အဲဒီလို သိတာကို ဝိဇ္ဇာလို့ ခေါ်ပြီး မသိတာကို အဝိဇ္ဇာလို့ ခေါ်ပါတယ်။ မသိတဲ့အတွက် အကုသိုလ် မကောင်းမှုတွေကို လုပ်မိကြပါလိမ့်မယ်။ သိရင်တော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။
မကောင်းတဲ့ အာရုံများဟာ လောဘ၊ ဒေါသ၊ မောဟ အကြောင်းသုံးပါး ကြောင့်သာ ပေါ်လာရတာပါ။ မြင်လို့၊ ကြားလို့၊ အနံ့ရလို့၊ အရသာခံလို့၊ တွေ့ထိလို့၊ စိတ်ပျံ့လွင့်တာကို မထိန်းနိုင်လို့ ဒီအကြောင်းသုံးပါး ဖြစ်ပေါ်ခြင်းပါပဲ။
မြင်တာကို နှစ်သက်ရင် လောဘ၊ မနှစ်သက်ရင် ဒေါသ ဖြစ်ပါတယ်။ ဒီတော့ မြင်တာကို "မြင်တယ်" လို့ အသိစိတ် ဝင်ပြီး အဲဒီမှာတင် ရပ်ထားနိုင်ရင် လောဘနဲ့ ဒေါသ ဝင်မလာနိုင်ပါဘူး။ ရပ်နေတုန်း၊ ထိုင်နေတုန်း၊ သွားနေတုန်း၊ အိပ်နေတုန်း အချိန်တွေမှာ "မြင်တယ်၊ ကြားတယ်၊ ရပ်တယ်၊ ထိတယ်၊ နံတယ်" ဆိုတာ လောက်မှာပဲ သတိထားနေရင် လောဘ ဒေါသတွေ ဝင်မလာနိုင်တော့ပါဘူး။ အဲဒီလို နှလုံးသွင်းနေတာကို "သမ္ပဇည ပဗ္ဗ" တရားအားထုတ်နည်း လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ သတိ သမ္ပဇဉ်နဲ့ နေနည်းပေါ့။
အဲဒီလိုသာ လူတိုင်း နေနိုင်ကြရင် သူများအသက်ကို သတ်ခြင်း၊ ခိုးယူတိုက်ခိုက်ခြင်း၊ နိုင့်ထက်စီးနင်း လုပ်ချင်ကြတော့မှာ မဟုတ်ပါဘူး။ တကမ္ဘာလုံးကသာ ကျင့်သုံးနို်င်ရင်တော့ တကမ္ဘာလုံး ငြိမ်းချမ်းကြမှာမို့လို့ ကမ္ဘာအေး တရားဟု မှတ်ကြပါလော့။
( ၀န်ခံချက်။ ။တောင်ပုလု ကမ္ဘာအေး ဆရာတော်ဘုရားကြီး မှ ဆရာကြီး ဦးသုခ အပါအ၀င် ပါရမီရပ်ကွက်မှ ဒကာ ဒကာမ များကို ဟောကြားသော ကမ္ဘာအေး တရားတော်ကို ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ စာအုပ်မှ အကျဉ်းချုံး ကူးယူ ဖေါ်ပြထားခြင်း ဖြစ်ပါသည် )

No comments:
Post a Comment