Monday, August 31, 2009

Us Vs Them မှ We သို့


အမေရိကန်ပြည်ထောင်စုဆိုလျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးကို ရှေ့တန်းမှ ဆောင်ကြဉ်းပေးနေသော နိုင်ငံကြီးအဖြစ် အများစုက ခံယူထားကြသော်လည်း မကြာသေးမီက ဆီနိတ်တာ Webb ၏ မြန်မာနိုင်ငံခရီးစဉ်မှ ပေါ်ထွက်လာဖွယ်ရှိသည့် ရလဒ်ကောင်းများကိုမူ မလိုလားမှုများ ရှိနေသည်ကို တွေ့ရပေသည်။ အဓိကအကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် အသစ်ပေါ်ထွန်းလာမည့် နိုင်ငံရေးစနစ်သစ်နှင့် အစိုးရအဖွဲ့သစ်တို့အပေါ်တွင် သဘောထားများ မတူညီကြသောကြောင့် ဖြစ်ပေသည်။

ဤနေရာတွင် အရေးကြီးသောအချက်မှာ ၂၀၁၁ ခုနှစ်တွင် ပေါ်ပေါက်လာမည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သစ်နှင့် အစိုးရအဖွဲ့သစ်၏ ဂုဏ်သရေ (Legitimacy) သည် ထိုအစိုးရသက်သက်နှင့်သာ သက်ဆိုင်သည်ဟု သဘောထားမည်လား၊ မြန်မာနိုင်ငံသား သန်းငါးဆယ်၏ ဂုဏ်သရေ၊ ကံကြမ္မာတို့နှင့်လည်း သက်ဆိုင်သည်ဟု သဘောထားမည်လားဆိုသော ရှုမြင်ပုံသဘောထားပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ မည်သို့သော အစိုးရအဖွဲ့ တည်ရှိနေမည်ဆိုသောအချက်မှာ ခန့်မှန်းကြည့်လျှင် မြင်နိုင်ပါသည်။ အရေးကြီးသည်မှာ ထိုအစိုးရအဖွဲ့၏ ဂုဏ်သရေကို ပိုမိုကောင်းမွန်အောင် ၀ိုင်းဝန်း၍ ကူညီလိုက်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် ဂုဏ်သရေရှိသော နိုင်ငံအဖြစ် ပြန်လည်ဝင်ဆံ့နိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် ရထိုက်ပါလျက် နှစ်ပေါင်း ၂၀ ကြာ မရရှိနိုင်ခဲ့သော နိုင်ငံတကာကူညီထောက်ပံ့မှုများ ပြန်လည်ရရှိနိုင်ရေး၊ တစ်နည်းအားဖြင့် ပြောရလျှင် ဆုံးရှုံးနေသော ရရှိရန်များ အမြန်ဆုံးရရှိရေး၊ နိုင်ငံ၏ စီးပွားရေး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးပဋိပက္ခကို ရပ်ဆိုင်းကာ ပိတ်ဆို့မှုများ ရပ်တန့်စေပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လုပ်ဆောင်နိုင်ရေးတို့ကို ဆောင်ကြဉ်းခြင်းဖြစ်သည်ဟု သဘောထားနိုင်ခြင်းရှိ၊ မရှိဆိုသော အချက်ဖြစ်ပေသည်။

Us Them ရှုထောင့်မှကြည့်လျှင်မူကား ဆီနိတ်တာ Webb သည် Them များနှင့် တက်ကြွသော သံသမန်ဆက်ဆံရေး ထူထောင်ရန် ကြိုးစားခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံနှင့် တက်ကြွသော သံတမန်ဆက်ဆံရေးထူထောင်ရန် ကြိုးစားခြင်းမဟုတ်ဟု ယူဆကောင်း ယူဆနိုင်ပါသည်။ ပိတ်ဆို့မှုများ ရပ်ဆိုင်းခြင်းသည် Them များအပေါ် ပိတ်ဆို့မှုများ ရပ်ဆိုင်းပေးခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ရပ်ဆိုင်းခြင်းမဟုတ်ဟု ယူဆကောင်း ယူဆနိုင်ပါသည်။

အနာဂတ်မြန်မာနိုင်ငံ၏ ဂုဏ်သရေဆိုသည်မှာ မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးပင်ဖြစ်ရာ ထိုအမျိုးသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ်လိုလားသူမှန်သမျှသည် အဖြူအမည်းထောင်ချောက်၊ Us Them ထောင်ချောက်ထဲမှ ထွက်၍ တစ်ခုလုံးသဘော We ရှုထောင့်သို့ ရွှေ့ပြောင်းနိုင်ရေးသည် များစွာအရေးကြီးသောအချက် ဖြစ်ပေသည်။ Us Them ရှုထောင့်မှထွက်၍ We ရှုထောင့်ကိုပြောင်းကြည့်လျှင် အနာဂတ်နိုင်ငံရေး စနစ်သစ်နှင့် အစိုးရသစ်တို့သည် ကျွန်ုပ်တို့အားလုံး၏ ဘ၀နှင့် သက်ဆိုင်သည်ကို တွေ့မြင်နိုင်ပါသည်။

ထိုနိုင်ငံတော်သစ်နှင့် ထိုအစိုးရအဖွဲ့သစ်၏ ဂုဏ်သရေကို ကောင်းမွန်အောင် မည်သို့ပူးပေါင်းဆောင်ရွက်ပေးပါမည်ဟု We ရှုထောင့်မှနေ၍ ရိုးဖြောင့်စွာပြောဆိုခဲ့ပါလျှင် Rule of the game ကို ပြဋ္ဌာန်းသူ တပ်မတော်ဘက်မှလည်း အလေးအနက် စဉ်းစားလိမ့်မည်ဟု ယုံကြည်ပါသည်။ ရိုးဖြောင့်မှုတွင် မမြင်ရသော အင်အားများရှိသည်ဟု ယုံကြည်ပါလျှင် ပို၍ပင် စမ်းသပ်သင့်ပါသည်။ Us Them ရှုထောင့်မှ We ရှုထောင့်သို့ ပြောင်းလဲနိုင်ရေးသည် လက်ရှိတပ်မတော် ခေါင်းဆောင်များနှင့် ယုံကြည်မှုတည်ဆောက်ရေးသာမက မျိုးဆက်သစ်တပ်မတော်ခေါင်းဆောင်များနှင့် ယုံကြည်မှု တည်ဆောက်ရေးအတွက်ပါ အရေးကြီးသည်ဖြစ်ရာ ဆောလျင်စွာ ဆုံးဖြတ်ချက်ချနိုင်ခြင်းသည် အနာဂတ်အတွက် အုတ်မြစ်သစ်ချခြင်းလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤဆုံးဖြတ်ချက်မျိုးသည် နှလုံးရည်အင်အား ကြီးမားသူများသာ ဆောင်ကြဉ်းနိုင်သည့် ဆုံးဖြတ်ချက်မျိုးလည်း ဖြစ်ပေသည်။
အယ်ဒီတာ (၂၄-၈-၂၀၀၉)

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics