Monday, August 31, 2009

ပြောပါရစေခင်ဗျာ - ကိုဉာဏ် (ပန်းလောင်မြေ)


ဒီပို့စ်ကိုရေးရခြင်းရဲ့ မူလရည်ရွယ်ချက်က ဒီအပတ်ထုတ် The Voice Weekly ဂျာနယ်မှာ ကျွန်တော်သဘောကျတဲ့ ဆောင်းပါးတွေ အများကြီးပါလာတဲ့အတွက် အဲဒီဆောင်းပါးတွေကို ကူးယူတင်ပေးလိုက်တဲ့အကြောင်း အသိပေးခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ရေးနေရင်း အတွေးတွေ ၀င်လာတာကြောင့် ခေါင်းထဲကို အလုအယက် တိုးဝင်လာနေတဲ့ အတွေးတွေကို အနိုင်ပေးလိုက်တဲ့အနေနဲ့ အောက်မှာပါတဲ့စာတွေကို ဆက်ရေးဖြစ်သွားတယ်ဆိုတာကို ပြောလိုပါတယ်။

လူဆိုတာ အသက်အရွယ်ကိုလိုက်ပြီး စိတ်ခံစားမှု၊ အတွေးအမြင်၊ ခံယူချက်တွေ ပြောင်းလဲသွားတတ်တယ်ဆိုတာကို လက်ခံခဲ့တာ အတော်လေးကြာတဲ့ အသက်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ ကျွန်တော်ဟာ တစ်ခါတစ်လေမှာ အခြားလူတွေထက်များ ပြောင်းလဲမှုများတတ်သလားလို့ စဉ်းစားမိပါတယ်။ အနီးစပ်ဆုံးအနေနဲ့ ကျွန်တော်နေတဲ့ အခန်းကိုတောင် အနည်းဆုံး တစ်လတစ်ခါလောက် decoration ပြောင်းလဲတတ်တဲ့လူ ဖြစ်ပါတယ်။ တစ်ခါတစ်လေဆိုရင် နှစ်ပတ်သုံးပတ်လောက်နဲ့ အချိန်ရရင် ရသလို အခန်းပြင်ဆင်မှုကို လုပ်တတ်ပါတယ်။ စားပွဲတွေကို ဟိုနေရာကနေ ဒီနေရာကိုရွှေ့၊ ပန်းအိုးတွေကို ဒီနေရာကနေ ဟိုနေရာကိုရွှေ့၊ စာအုပ်ပုံတွေကို ဒီနေရာကနေ ဟိုနေရာကိုပြောင်း၊ တီဗီကြည့်တဲ့အခန်းကို ဟိုဖက်လှည့်ရာကနေ ဒီဖက်လှည့်တဲ့ပုံစံပြောင်း စသည်ဖြင့် စုံလို့ပါပဲ။ သူငယ်ချင်းတွေကတော့ မှတ်ချက်ပေးပါတယ်။ မင်းက တော်တော်ကို ဂနာမငြိမ်တဲ့ကောင်ပဲတဲ့။ ထားပါတော့လေ။ ဒါက သူတို့သဘောထားပါ။ ကျွန်တော့်အနေနဲ့ကတော့ ပုံစံတစ်မျိုးတည်းမှာ တစ်သမတ်တည်း အပြောင်းအလဲမရှိနေရတာကို လုံးဝမနှစ်သက်ပါဘူး။ သူငယ်ချင်းတွေပြောသလို ဂနာမငြိမ်တဲ့လူတော့လည်း မဟုတ်ဘူးဆိုတာ ကိုယ်တိုင်သိပါတယ်။ ရှင်းမပြချင်လို့ ရှင်းမပြတာပဲ ရှိပါတယ်။

မဆိုင်တာတွေက ပါလာပြန်ပါတယ်။ ဆိုင်တာကိုဆက်ပါမယ်။ ကျွန်တော်ငယ်ငယ်က သူလိုကိုယ်လိုပါပဲ ပုံပြင်တွေထဲက သူရဲကောင်းတွေကို အားကျခဲ့ရတယ်။ နည်းနည်းလေး အရွယ်ရောက်လာတော့ ကာတွန်းစာအုပ်တွေထဲက လူစွမ်းကောင်းတွေကို အားကျပြီး ရူးသွပ်ခဲ့ရပြန်ရော၊ ဟော... နည်းနည်းလေး သိတတ်တဲ့အရွယ်ရောက်တော့ ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲမှာပါတဲ့ ဇာတ်ကောင်တွေကို အတုယူအားကျရပြန်ရော။ အဲဒီလိုနဲ့ ပြောင်းလာလိုက်တာ ကျွန်တော်အားကျခဲ့ရတာတွေက နည်းမှမနည်းတာကလား။ အခုမှသာ ဘယ်သူ့ကိုအားကျတယ် ဘယ်ဝါ့ကို အားကျတယ်ဆိုတာမျိုး သိပ်မဖြစ်တော့ဘဲ ငြိမ်သွားတာပါ။ ဒါတောင် အမေရိကန်သမ္မတသစ် ဘားရက်အိုဘားမားကို ဘယ်လိုဖြစ်တယ်မသိဘူး၊ သူ့အကြောင်းတွေလိုက်ရှာဖတ်၊ သူ့သတင်းတွေ နားထောင်လိုက်၊ စာစောင်တွေမှာ ဖတ်လိုက်နဲ့ အတော်လေးကို သဘောကျနေမိပြန်တယ်။ သူ့လိုဖြစ်ချင်တာလားဆိုတော့လည်းေ၀၀ါးဝါးပဲ။ ဒါဆိုရင် ဘာဖြစ်တာလဲ။ သူ့ရဲ့ လုပ်ရပ်တွေကို သဘောကျတာလား။ ဒါလည်း မဖြစ်နိုင်ဘူး။ သူဘာပဲလုပ်လုပ် ကိုယ့်အတွက် ဘာမှအကျိုးသက်ရောက်တာမှ မဟုတ်တာ။ ကိုယ်က အမေရိကန်နိုင်ငံသားလည်းမဟုတ်။ အမေရိကန်သရဏံဂစ္ဆာမိဆိုပြီး အလုံးစုံအားကိုး ကိုးကွယ်တဲ့လူလည်းမဟုတ်။ ဒါဆိုရင် ဘာကိုသဘောကျတာလဲ။ အမေရိကန်သမ္မတဖြစ်အောင် ကြိုးစားအားထုတ်ခဲ့တဲ့ သူ့ဘ၀ကို လေးစားအားကျတာလား။ ဒီမေးခွန်းမှာလည်း သေချာရေရာတဲ့အဖြေကို ကျွန်တော်မပေးနိုင်ပါဘူး။ သေချာတာကတော့ ယနေ့ကမ္ဘာမှာ အရေးအပါဆုံး၊ ပေါ်ပြူလာအဖြစ်ဆုံး၊ နာမည်အကြီးဆုံးလူ ဖြစ်နေတဲ့အတွက် ကျွန်တော်ကြိုက်တာမဟုတ်ဘူးဆိုတာပါပဲ။

ထားပါတော့။ ပြောချင်တာက အသက်အရွယ်အလိုက် ပြောင်းလဲလာတာကိုပါ။ နောက်တစ်ခု ကျွန်တော်သတိထားမိတာက အခြေအနေကိုလိုက်ပြီးလည်း စိတ်ဝင်စားမှုတွေ၊ ခံစားချက်တွေ ပြောင်းလဲတတ်တယ် ဆိုတာပါပဲ။ ကျောင်းသားဘ၀က တိုးတက်ရေးစာပေတွေ၊ အဆိုအမိန့်တွေ၊ လမ်းညွှန်ချက်တွေကို ကြိုက်တယ်။ တက္ကသိုလ်ရောက်တော့ ရသစာပေတွေ၊ ဗဟုသုတစာပေတွေကို တစိုက်မတ်မတ် ဖတ်မိပြန်ပါရော။ အလုပ်ခွင်ထဲရောက်တော့ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ စာပေတွေ၊ လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာ့သတင်းတွေ၊ အလုပ်ခွင်နဲ့ဆိုင်တဲ့ ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို လေ့လာလိုက်စား ဖတ်ရှုဖြစ်ပြန်ပါတယ်။ နည်းနည်းလေး အသက်အရွယ်လေးလည်းရ၊ အလုပ်ခွင်မှာလည်း ထိုက်သင့်တဲ့အဆင့်လေးတစ်ခုကို ရောက်လာတော့ တရားစာပေတွေကိုလည်းဖတ်ဖြစ်တယ်၊ ခေါင်းဆောင်မှုစာပေဆိုလည်း ဖတ်တာပဲ၊ ဗဟုသုတဆိုင်ရာလည်း ရှာဖတ်တာပဲ၊ ရသဆိုင်ရာလည်း ကြိုက်နေပြန်တာပဲ၊ ကိုယ့်ရဲ့အလုပ်ကို အထောက်အကူပြုတဲ့ ပညာရပ်ဆိုင်ရာစာပေတွေကိုလည်း မဖတ်မဖြစ် ဖတ်ရပြန်ရော။ အခုအချိန်မှာ သေချာတာတစ်ခုကတော့ ကျွန်တော်ဟာ ဘယ်လိုစာမျိုးကိုပဲ ဖတ်မယ်ဆိုတဲ့ အစွဲအလန်းစိတ်မရှိတော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အကြောင်းအရာ၊ အဖြစ်အပျက်အားလုံးကို ကျွန်တော် စိတ်ဝင်စားတဲ့အတွက်ပါ။ ဒါကြောင့်လည်း ကျွန်တော့်ဘလော့ဂ်မှာ ကြက်သွန်နီဈေးတက်တဲ့ အကြောင်းရော၊ ကြက်ဥအတု ကိစ္စရော၊ ဘောလုံးပြိုင်ပွဲအကြောင်းတွေရော၊ နိုင်ငံရေးနဲ့သက်ဆိုင်နေတာတွေရော၊ ရသစာပေနဲ့ဆိုင်တာတွေရော၊ ကဗျာလိုလို စာလိုလိုတွေရော၊ ဆုံးမစာတွေရော၊ ဟာသစာပေတွေရော၊ စုံစီနဖာ ဖြစ်နေတာဖြစ်ပါတယ်။ အရူးလွယ်အိတ်လိုဖြစ်နေတယ်ဆိုရင် ပိုမှန်မလားမသိပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အရူးတွေလို ဟိုဟာတွေ့ ဟိုဟာစိတ်ဝင်စား၊ ဒီဟာတွေ့ရင် ဒီဟာစိတ်ဝင်စား ဖြစ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။

တစ်ပတ်တစ်ပတ်ကို ကျွန်တော်ဖတ်တဲ့ ဂျာနယ်က (၉)စောင်ရှိပါတယ်။ ဒါက ပုံမှန်ဝယ်ဖတ်နေတဲ့ အရေအတွက်ပါ။ စာအုပ်ဆိုင်မှာ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ထိုင်ဖတ်တဲ့စာစောင်တွေ မပါပါဘူး။ တစ်ခါတစ်လေမှာ စာအုပ်ဆိုင်မှာ ထိုင်ဖတ်ရင်း သိမ်းထားသင့်တယ်ထင်တဲ့ ဂျာနယ်တွေ့ရင် ထပ်ပြီးဝယ်လာဖြစ်တာတွေ ရှိပါသေးတယ်။ နေ့စဉ်ဖတ်တာက မြန်မာ့အလင်းရယ်၊ The New Light of Myanmar ရယ်ပါ။ လစဉ်မှာပြီးဖတ်တဲ့ မဂ္ဂဇင်းက သုံးမျိုးလောက် ရှိပါတယ်။ ကျွန်တော်ဒီအကြောင်းတွေကိုပြောရတာ အကြောင်းရှိပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာ တင်ပေးနေတဲ့ ပို့စ်တွေဟာ မိတ်ဆွေအချို့ ပြောသလို ကိုယ်ပိုင်ပို့စ် အင်မတန်နည်းပါတယ်။ အားလုံးနီးပါးလောက်ဟာ စာအုပ်တွေထဲကနေ ပြန်ကူးပြီး တင်ပေးနေတာပဲကွာလို့ ပြောကြတာလည်း မှန်ပါတယ်။ အဲဒီလိုပြောတဲ့အတွက်လည်း စိတ်မဆိုးပါဘူး။ ၀မ်းတောင်သာသေးတယ်လို့ဆိုရင် အဲဒီလိုပြောတဲ့လူတွေက သူတို့ကို အရွဲ့တိုက်တယ်လို့ ထင်သွားနိုင်လို့ မပြောတာပါ။ ဆိုချင်တာက ကျွန်တော်ဒီလို ပြန်ကူးပြီးတင်ပေးနေတဲ့ပို့စ်တွေဟာ ဟိုစာစောင်ဖတ်လိုက်၊ အဲဒီထဲမှာ ပါတဲ့ဟာကို အလွယ်တကူလေး ကွန်ပျူတာမှာပြန်ရိုက်ပြီး ကူးတင်လိုက်လုပ်နေတာ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။ ကျွန်တော်ဖတ်သမျှ စာစောင်တွေထဲကသာ ပါသမျှကို ပြန်ပြီးကူးတင်ပေးမယ်ဆိုရင် ကျွန်တော့်ဘလော့ဂ်မှာ တစ်နေ့တစ်နေ့ကို ပို့စ်အခု ၂၀ လောက် တက်ပါလိမ့်မယ်။ အနည်းဆုံးပါ။ အဲဒီလောက်လည်း ကျွန်တော်အချိန်မပေးနိုင်ပါဘူး။ တင်ပေးတဲ့ဟာတွေဟာ တွေ့ကရာစာတွေကို ပို့စ်ဖြစ်ရင်ပြီးရော တင်ပေးနေတာမဟုတ်ဘူး ဆိုတာကို ပုံမှန်ဖတ်နေတဲ့လူတွေဆိုရင် သိပါတယ်။ ဖတ်ဖြစ်တဲ့အထဲကမှ ကျွန်တော်ကြိုက်တဲ့ အကြောင်းအရာတွေကို၊ အဲဒီလို ကြိုက်တဲ့အထဲကမှ အခြားလူတွေအတွက်လည်း ဖတ်ပြီးရင် တစ်ခုခု ကျန်စေမယ့် စာတွေကိုပဲ ရွေးပြီး တင်ပေးတာဖြစ်ပါတယ်။ ဘယ်စာစောင်၊ ဘယ်မဂ္ဂဇင်းကိုမှ ကြော်ငြာပေးနေတာ မဟုတ်သလို၊ သူတို့ကို အရောင်းမြှင့်တင်ရေး လုပ်နေတာလည်း မဟုတ်ပါ။ ဘယ်မဂ္ဂဇင်း၊ ဘယ်စာစောင်နဲ့မှ မရင်းနှီးသလို စာပေနယ်က ဘယ်သူနဲ့မှလည်း သိကျွမ်းခင်မင်ခြင်း မရှိပါဘူး။ ဘယ်စာစောင်မှာမှလည်း ကျွန်တော်စာတွေရေးပြီး စာမူပို့နေတာ မရှိသလို၊ ကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေနဲ့ ဆက်နွယ်နေတဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေလည်း မရှိပါဘူး။ စာမူတွေကို ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းတာလည်း မဟုတ်ဘဲနဲ့ ကူးရေးပြီးတင်နေတာ အခန့်မသင့်ရင် မူပိုင်ခွင့်ဆိုတာတွေဘာတွေနဲ့ ငြိစွန်းနိုင်ပါသေးတယ်။

မပြောချင်ပေမယ့် ပြောရပါဦးမယ်။ မပြောချင်ဘူးဆိုတာက အခြားလူတွေကို ထိခိုက်မှာစိုးတဲ့အတွက်ပါ။ ပထမဆုံး ကျွန်တော့်ခံယူချက်ကို ပြောပါမယ်။ မတူညီတာတွေကို ကျွန်တော်တန်ဖိုးထားပါတယ်။ ဥပမာဗျာ - အမေရိကန်နိုင်ငံသား တစ်ယောက် ဟမ်ဘာဂါ ကြိုက်တာဟာ သူ့ကိုယ်ပိုင်အခွင့်အရေးဖြစ်ပါတယ်။ အဲဒီလိုပဲ မြန်မာတစ်ယောက် ငါးပိရည်ကျို ကြိုက်တာလည်း မြန်မာ့အခွင့်အရေးဖြစ်ပါတယ်။ အဲဒါကို အမေရိကန်တွေစားတဲ့ ဟမ်ဘာဂါဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူး၊ ကယ်လိုရီတွေ ဘယ်လောက်များတယ်၊ ဘာတွေက ရေရှည်စားရင် ဘာဖြစ်နိုင်တယ်စတာတွေ ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ အဲဒီလိုပဲ မြန်မာတွေစားတဲ့ ငါးပိရည်ဆိုတာ အင်မတန်ညစ်ပတ်တယ်၊ အနံ့အသက်ကလည်း ကောင်းတာမဟုတ်ဘူး၊ နံစော်နေတာပဲစသည်ဖြင့် ပြောလာရင်လည်း လက်ခံမှာမဟုတ်ပါဘူး။ အမေရိကန်လည်း သူကြိုက်တာ သူစားသလို၊ မြန်မာလည်း မြန်မာကြိုက်တာမြန်မာစားတယ်၊ ဒါပဲဖြစ်ပါတယ်။ ပြောချင်တာက ခင်ဗျားတို့လည်း ခင်ဗျားတို့ကြိုက်တာ ခင်ဗျားတို့လုပ်တယ်၊ ကျွန်တော်လည်း ကျွန်တော်ကြိုက်တာ ကျွန်တော်လုပ်တယ်။ အဲဒီအတွက် ကျွန်တော်ဘာမှမပြောလိုဘူးဆိုတာကို ဆိုလိုချင်တာပါ။ အဲ... ဒါပေမယ့် သူ့နေရာနဲ့သူတော့ ရှိပါတယ်။ ကိုယ့်ရဲ့လွတ်လပ်ခွင့်၊ ကိုယ့်ရဲ့အခွင့်အရေးဟာ အခြားလူအတွက် အနှောင့်အယှက် မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အမေရိကားမှာလုပ်တဲ့ ညစာစားပွဲမှာ ငါးပိရည်ကျိုစားချင်တယ်လို့ မပူစာပါနဲ့။ အဲဒီလိုပဲ ကိုယ့်ဘာသာယူလာပြီး အဲဒီညစာစားပွဲမှာလည်း ပါလာတဲ့ ငါးပိရည်ကျိုကို ချမစားပါနဲ့။ အမေရိကန်ကလည်း ထို့အတူပါပဲ။ မြန်မာပြည်မှာဆိုရင် မြန်မာပြည်မှာလိုပဲ ကျင့်ကြံရပါမယ်။

ပြောချင်တာကိုဆက်ပါမယ်။ အထက်မှာပြောခဲ့သလို အချို့တွေက ကျွန်တော့်ဘလော့ဂ်ဟာ ကိုယ်ပိုင်ဖန်တီးမှုမရှိဘူး။ စာအုပ်တွေထဲကဟာတွေကိုပဲ ပြန်ကူးပြီး တင်ပေးနေတာပဲလို့ ပြောကြတာကို ဆက်ချင်တာပါ။ ကိုယ်ပိုင် ဖန်တီးမှုဆိုတာ ဘာလဲလို့ မေးချင်ပါတယ်။ စာအုပ်ထဲက ပါတဲ့ဟာတွေမဟုတ်ဘဲ ကိုယ့်စိတ်ကူးထဲမှာ ရှိသမျှကိုချရေးပြတာဟာ ကိုယ်ပိုင်ဖန်တီးမှုလား၊ ကိုယ်နေ့စဉ်ကြုံနေရတာတွေကို ပြန်ရေးပြတာဟာ ကိုယ်ပိုင်ဖန်တီးမှုလား၊ စာတစ်ပုဒ်ကိုဖတ်ပြီး အဲဒီစာအပေါ်မှာ ကိုယ်ဘယ်လို ထင်မြင်တယ်၊ ယူဆတယ်ဆိုတာကို ပြန်ရေးပြနေတာဟာ ကိုယ်ပိုင်ဖန်တီးမှုလား။ ဘယ်သူ့ကိုမှ စော်ကားလိုခြင်းမရှိဘဲ ကျွန်တော်ပြောပါ့မယ်။ အဲဒီလောက် လွယ်တဲ့အလုပ်ကို ကျွန်တော်မလုပ်နိုင်စရာ အကြောင်းဘာမှ မရှိဘူးဆိုတာပါပဲ။ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်မှာ နေ့စဉ်တပည့်တွေနဲ့ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ ရယ်စရာတွေ၊ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေမှ အများကြီးပါပဲ။ နေ့စဉ် ကျွန်တော်ကြုံနေရတဲ့ အဖြစ်အပျက်တွေကိုရေးရင်တောင် တစ်နေ့တစ်နေ့ကို ရေးလို့နိုင်မှာမဟုတ်ပါဘူး။ စာအုပ်တွေဖတ်ပြီး ခံစားမိတဲ့၊ တွေးမိတဲ့ အတွေးတွေကို ရေးဖို့လား။ ပိုတောင်များသေးတယ်။ တစ်နေ့တစ်နေ့ ကျွန်တော်ဖတ်သမျှစာတွေကိုသာ တွေးမိတဲ့ဟာတွေ ရေးရမယ်ဆိုရင် ဘေးမှာ ကွန်ပျူတာရိုက်ဖို့ စာရေးမ လေးယောက်လောက် ခေါ်ထားရလိမ့်မယ်။ ဒီနေ့ ကျွန်တော် ဘာတွေစားတယ်၊ ဘယ်ဆိုင်ကိုရောက်ဖြစ်တယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘာသတင်းတွေကြားတယ်၊ ဘာတွေက ဘယ်ဈေးနှုန်းရှိတယ်ဆိုတာမျိုး ကျွန်တော်ရေးတတ်ပါတယ်။ တမင်မရေးတာလို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်ရေးရင်ရော ခင်ဗျားတို့က စိတ်ဝင်စားမယ်လို့ထင်လို့လား။ အခြားဘလော့ဂ်တွေမှာ အဲဒါမျိုးတွေ လိုက်ဖတ်လို့ ရနေတာပဲ။ အဲဒီဘလော့ဂ်တွေကို သွားဖတ်ပါ။ ကျွန်တော့်ဘလော့ဂ်မှာတော့ အဲဒါမျိုးတွေ ဖတ်ရမယ်မထင်ပါဘူး။ အဲဒီလို ရေးနေတဲ့လူတွေကို ကျွန်တော်စော်ကားတာမဟုတ်ကြောင်း ထပ်မံပြောကြားလိုပါတယ်။ စော်ကားသလို၊ စောင်းမြောင်းသလို ဖြစ်နေရင်လည်း ကျွန်တော် တရားဝင် အနူးအညွတ်တောင်းပန်ပါတယ်။ ဘယ်သူ့ကိုမှ ရည်ရွယ်ခြင်း မဟုတ်ပါ။ ကျွန်တော့်အကြောင်းကို ကျွန်တော်ရှင်းပြခြင်းသာ ဖြစ်ပါတယ်။

ဘလော့ဂ်ကို လူတန်းစားပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ ရေးကြပါတယ်။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ပါ။ ဘလော့ဂ်ဆိုတဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ကြပါတယ်။ ကိုယ့်အယူအဆနဲ့ကိုယ်ပါ။ ကျွန်တော်ဘလော့ဂ်ရေးရခြင်း ရည်ရွယ်ချက်တွေက အခြားလူတွေနဲ့ တူချင်မှတူပါလိမ့်မည်၊ ထို့အတူ ဘလော့ဂ်ဆိုသောအဓိပ္ပါယ်ကို ကျွန်တော်၏ ဖွင့်ဆိုချက်သည်လည်း အခြားသူများနှင့် ကွဲလွဲကောင်းကွဲလွဲနေပါလိမ့်မည်။

ကျွန်တော်ဘာကြောင့် ဘလော့ဂ်ရေးသနည်း။ ပထမဆုံး ကိုယ့်ဘာသာကိုယ်ဖတ်ဖို့အတွက်ပါ။ ကိုယ်ကြိုက်တဲ့စာတွေကို ဗလာစာအုပ်မှတ်စုထဲမှာ ကူးရေးရတာထက် ကွန်ပျူတာနဲ့ရိုက်ရတာက ပိုမြန်ပြီး ပိုသက်သာလို့ပါ။ အဲဒီအတွက် သွားလေရာကို မှတ်စုစာအုပ်ကြီးတွေ သယ်သွားရတဲ့ဒုက္ခ၊ အဲဒီမှတ်စုစာအုပ်တွေကို ရေစို၊ ခြကိုက်၊ ပိုးစားမဖြစ်အောင် ထိန်းသိမ်းရတဲ့ကိစ္စ၊ ငှားပြီးပြန်မပေးမှာကြောက်ရတဲ့ဒုက္ခတွေကနေ ကင်းဝေးသွားပါတယ်။

နောက်ကျွန်တော့်ရဲ့ မျိုးဆက်သစ်သားသမီးတွေကို ပြချင်လို့၊ နောင်တစ်ချိန်မှာ ဒီဘလော့ဂ်ကို သူတို့တွေဖတ်စေချင်လို့ ရေးပါတယ်။ ဘယ်လိုစာတွေဖတ်ပါဆိုတာကို ကျွန်တော်မပြောတော့ဘဲ သူတို့ကို ကျွန်တော့်ဘလော့ဂ်ကို ဖတ်ခိုင်းချင်လို့ပါ။ နောက်ဆုံး သူတို့က ကျွန်တော်နဲ့ ၀ါသနာချင်း၊ စရိုက်ချင်း၊ စိတ်ဝင်စားမှုချင်း မတူရင်တောင် ကျွန်တော်ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေစိတ်ဝင်စားခဲ့တယ်ဆိုတာကို အနည်းဆုံးတော့ သူတို့လေ့လာနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော့်သူငယ်ချင်းတွေအတွက် ရေးပါတယ်။ အချို့တွေဟာ စာအုပ်ဖတ်ရမှာကို တီကောင်ကို ဆားနဲ့တို့သလို အင်မတန် ၀န်လေးပါတယ်။ အဲဒီအတွက် ကျွန်တော်က စာအုပ်တွေကို မဖတ်ခိုင်းတော့ဘဲ ကောင်းမယ်ထင်တာလေးတွေကို ဘလော့ဂ်မှာတင်ပေးပါတယ်။ ပြီးရင် ဘယ်ပို့စ်လေးကိုဖတ်ကြည့်စမ်းပါဆိုပြီး သူတို့ကို ညွှန်းလိုက်ပါတယ်။ အများစုဟာ အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်ပြီး၊ ကွန်ပျူတာနဲ့ နပန်းလုံးနေကြသူတွေဖြစ်တဲ့အတွက် သူတို့နားတဲ့အချိန်မှာ ဘလော့ဂ်ကိုဝင်ဖတ်ဖို့လောက်ကိုတော့ အချိန်ပေးကြပါတယ်။ တကူးတက စာအုပ်ကို မဖတ်ကြပေမယ့် အွန်လိုင်းပေါ်က ဘလော့ဂ်စာမျက်နှာတွေကို ဖတ်ဖို့အတွက်တော့ သူတို့တွေ အချိန်ပေးကြတာ တွေ့ရပါတယ်။ တစ်ခါတစ်လေများဆိုရင် ဘယ်ဘလော့ဂ်မှာ တက်နေတဲ့ ပို့စ်အသစ်ဟာ ကောင်းတဲ့အကြောင်း၊ ဘယ်ဘလော့ဂ်မှာတော့ မင်းကိုဆော်ထားတယ်ကွ ဆိုတာမျိုးကို သူတို့က လက်တို့တတ်ပါသေးတယ်။ ပြောရမယ်ဆိုရင် စာအုပ်တွေဖတ်တဲ့နေရာမှာသာ ကျွန်တော်က သူတို့တွေထက် အရေအတွက် များချင်များပါမယ်။ အွန်လိုင်းပေါ်မှာရှိတဲ့ ဘလော့ဂ်တွေ၊ အင်တာနက်စာမျက်နှာတွေမှာတော့ သူတို့ပုံမှန်ဖတ်နေကျ စာမျက်နှာတွေဟာ ကျွန်တော့်ထက် အဆများစွာ များတာကို တွေ့ရပါတယ်။ ကျွန်တော်က အင်တာနက်သုံးတဲ့အချိန်ကျမှ ဖတ်ရတာဖြစ်တဲ့အတွက် အကုန်လုံးကို မဖတ်နိုင်ပါဘူး။ ကိုယ်ကြိုက်တဲ့ ဘလော့ဂ်လေး လေးငါးဆယ်ခုကိုသာ ရတဲ့အချိန်လေးမှာ အပြေးအလွှားဖတ်ရတာ ဖြစ်ပါတယ်။ ဒီကြားထဲ ကွန်နက်ရှင်းမကောင်းတဲ့ အချိန်နဲ့များကြုံရရင် အင်မတန်ကို စိတ်ညစ်ရပါသေးတယ်။ နဂိုက စာဖတ်ဖို့ရည်ရွယ်ထားတာလေးပါ ပျောက်သွားလောက်အောင်ကို စိတ်ညစ်ခဲ့ရတာတွေကလည်း နည်းမှမနည်းတာ။

နောက်တစ်ခုက ကိုယ်တင်ချင်တဲ့ပို့စ်ကို ကိုယ်တင်ချင်တဲ့အချိန်မှာ တင်လို့ရတဲ့အတွက် ဘလော့ဂ်ရေးပါတယ်။ တစ်ခါတစ်လေ စိတ်ညစ်နေတဲ့အခါ စိတ်ညစ်တဲ့ပို့စ်ရေးလို့ရပါတယ်။ ပျော်နေတဲ့အခါ ပျော်တဲ့အကြောင်း ရေးလို့ရပါတယ်။ တစ်ယောက်ယောက်ကို အမြင်မကြည်ဖြစ်နေရင် အဲဒီလူအကြောင်းကို ဘလော့ဂ်ရေးပြီး ရင်ဖွင့်လို့ရပါတယ်။ ပြီးတော့ ကိုယ်ရေးပြီးတင်လိုက်တဲ့ပို့စ်ကို အချိန်အကြာကြီး စောင့်စရာမလိုဘဲ ချက်ချင်းမြင်တွေ့ခွင့်ရတာကို သဘောကျလို့ ရေးပါတယ်။ နောက်ပြီး ကိုယ်တင်ထားတဲ့၊ ကိုယ်စုထားတဲ့အကြောင်းအရာတွေကို အခြားသူတွေကို အလွယ်တကူ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှနိုင်တဲ့အတွက် ဘလော့ဂ်ရေးပါတယ်။ ကဲ... မြင်တယ်မဟုတ်လား။ ဘယ်လောက်များ ကဘောက်တိကဘောက်ချာနိုင်လိုက်ပါတဲ့ ကျွန်တော့်ရဲ့ အကြောင်းရင်းတွေပါလဲ။

အပေါ်ကဟာတွေက ကျွန်တော်ဘလော့ဂ်ရေးရခြင်းရဲ့ အဓိကအကြောင်းတွေပါ။ တစ်ခါတစ်လေမှာ ကျွန်တော်ကြိုက်တဲ့အကြောင်းအရာတွေကို ရေးပါတယ်။ သူများတွေစိတ်ဝင်စားစား၊ မ၀င်စားစား ပို့စ်တင်ပါတယ်။ ကိုယ်ကြိုက်အကြောင်းအရာပေါ့။ တစ်ခါတစ်လေတော့ အခြားသူတွေက ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့ (အမှန်က မြှောက်ပေးပြီး ညာခိုင်းကြတာပါ) အကြောင်းအရာတွေကို ပို့စ်တင်ပါတယ်။ သူများအကြိုက်ပေါ့။ ဒါပေမယ့် အများအားဖြင့်ကတော့ ကျွန်တော်ကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေကို အခြားသူတွေကိုပါ မျှဝခံစားစေချင်တဲ့အတွက် ဘလော့ဂ်ပို့စ်တွေ ရေးပါတယ်။ သေချာပေါက် ပြောရဲပါတယ်။ ကျွန်တော့်ဘလော့ဂ်က ပို့စ်အားလုံးရဲ့ ၈၀% ဟာ ကျွန်တော်ဖတ်ရသလို အခြားလူတွေကိုလည်း ဖတ်စေချင်တဲ့အတွက် တင်ပေးထားတဲ့ဟာတွေပါ။ ဘလော့ဂ်ပေါ်တင်မှတော့ အခြားလူတွေကို ဖတ်ရအောင်ပေါ့ဟဆိုပြီး ခင်ဗျားက ရယ်ချင်ဦးမယ်ထင်ပါတယ်။

ဘာဖြစ်လို့ အဲသလိုပြောရသလဲဆိုတော့ တစ်နေ့ကို ဘလော့ဂ်ပို့စ်ရေးဖို့အတွက် ကျွန်တော်အချိန် (၂)နာရီလောက် ပေးရပါတယ်။ ဒီအတိုင်းဖတ်ရင်တော့ ခင်ဗျားက ရယ်ချင်ရယ်နေပါလိမ့်မယ်။ တစ်နေ့ကို အချိန်(၂)နာရီလောက် ပေးရတာများ ရေးကြီးခွင်ကျယ်လုပ်လို့ဆိုပြီးတော့ပေါ့။ ကျွန်တော့်အတွက်ကတော့ တကယ့်ကို ရေးကြီးခွင်ကျယ်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ စာသင်နေရတဲ့ ကျောင်းဆရာဖြစ်နေတဲ့အတွက်ကြောင့်ပါ။ တစ်ပတ်ကို တနင်္လာကနေ သောကြာနေ့အထိ ငါးရက်လုံး စာသင်ရပါတယ်။ အတန်းငယ်လေးတွေကို စာသင်ရတာဆိုရင်လည်း အကြောင်းမဟုတ်ပါဘူး။ အခုဟာက တက္ကသိုလ်ကျောင်းသားတွေကို စာသင်ရတာဖြစ်တဲ့အတွက် ကိုယ်သင်ရမယ့် နောက်တစ်နေ့ သင်ခန်းစာအတွက် ပြင်ဆင်ရတာ အင်မတန် ပင်ပန်းပါတယ်။ နောက်ပြီးတော့ အချက်အလက်တစ်ခုကို အသေမှတ်ထားပြီး သင်ကြားပေးလို့ရတဲ့ သမိုင်း၊ ပထ၀ီတို့လို ဘာသာရပ်တွေသင်ရတာ မဟုတ်ဘဲ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲလာနေတဲ့ အိုင်တီနည်းပညာနဲ့ပတ်သက်ပြီး သင်ကြားနေရတာဖြစ်တဲ့အတွက် ကျောင်းသားတွေကို ပြောဖို့အတွက် ကိုယ်တိုင်က အမြဲတစေလေ့လာ ဆည်းပူးနေရတာဖြစ်ပါတယ်။ ( မှတ်ချက်။ သမိုင်း၊ ပထ၀ီစသော ဘာသာရပ်များကို စော်ကားခြင်းမဟုတ်ပါ။ ကျွန်တော့်အတွေးအရ ဥပမာပေးလိုခြင်း သက်သက်သာဖြစ်ပါသည်။ )

ရုံးဖွင့်ရက်ဖြစ်တဲ့ တနင်္လာကနေ သောကြာနေ့အထိမှာ နေ့စဉ်ကျွန်တော့်အတွက် ကိုယ်ပိုင်ချိန်က ညနေ ၄ နာရီလောက်ကနေ စတင်ပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့အတွက်နဲ့ ရေးမိုးချိုး။ ထမင်းစားဖို့အတွက်က အချိန် (၂) နာရီလောက် ပေးရပါတယ်။ ပြီးရင် စာအုပ်ဆိုင်သွားပြီး မှာထားတဲ့ဂျာနယ်တွေယူ၊ ဆိုင်မှာ ဖတ်စရာရှိတာဖတ်တာက နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက် ကုန်ပါတယ်။ အဲဒီနောက် သူငယ်ချင်းတွေနဲ့ ဆုံရပ်ဖြစ်တဲ့ လက်ဘက်ရည်ဆိုင်မှာ ပုံမှန်အားဖြင့် တစ်နာရီလောက် အချိန်ပေးရပါတယ်။ လက်ဘက်ရည်ဆိုင်မှာ ဟေးလားဝါးလား လုပ်နေတဲ့လူငယ်တွေကိုပဲ မြင်ဖူးတဲ့လူတွေအတွက်ကတော့ နှာခေါင်းရှုံ့ချင်စရာပါ။ ကျွန်တော့်အတွက်ကတော့ အဲဒီလို လက်ဘက်ရည်ဆိုင်မှာ ထိုင်နေရတဲ့အချိန်ဟာ တကယ့်ကို အဖိုးတန်လှပါတယ်။ သတင်းစုံ (တစ်ခါတစ်လေလည်း အတင်းစုံပေါ့) ကြားရပါတယ်၊ နည်းပညာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာကို နားထောင်ရပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာပြပွဲရှိတယ်၊ ဘာပွဲတော်ရှိတယ်ဆိုတာလည်း လက်ဘက်ရည်ဆိုင်ကနေ ကြားရတတ်ပါတယ်။ တစ်ခါတစ်လေ ရှေ့မီနောက်မီ အဘိုးကြီးတွေရောက်လာတတ်ပြီး သူတို့ဆီကနေ ကျွန်တော်တို့ မသိမမီလိုက်တဲ့ သမိုင်းတွေ အများကြီး နားထောင်ရပါတယ်။ အင်မတန်မှကို စိတ်ဝင်စားစရာကောင်းပါတယ်။ နောက်ဆုံး ဘာမှထွေထွေထူးထူး မပြောဖြစ်ရင်တောင် တစ်နေ့တာ ပင်ပန်းနေတာတွေကို ခဏတာ စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်ရသလို ဖြစ်သွားတဲ့အတွက် အနည်းနဲ့အများတော့ စိတ်ကျေနပ်သွားပါတယ်။ လက်ဘက်ရည်ဆိုင်က ပြန်လာရင် အင်တာနက်သုံးတာက (၂/၃)နာရီလောက် အချိန်ပေးရပါသေးတယ်။ တစ်ခါတစ်လေ တမေ့တမောနဲ့ ဒီထက် ပိုသွားတာလည်း ရှိတတ်ပါတယ်။ အခန်းကိုလည်းပြန်ရောက်ရော အနည်းဆုံးက ည ၁၀ နာရီ၊ ၁၁ နာရီဖြစ်နေပါပြီ။ နောက်တစ်နေ့သင်ရမယ့်စာတွေကို အရင်ဖတ်ရပါတယ်။ အဲဒီသင်ခန်းစာ သင်တဲ့အချိန်မှာ ပြောဖို့အတွက် အင်တာနက်ကနေ ဒေါင်းလုဒ်ချလာတာရှိရင် ဘာသာပြန်ရပါသေးတယ်။ မသိတဲ့စာလုံးတွေရှာရ၊ အနက်မထင်တဲ့ဟာတွေကို စဉ်းစားရနဲ့ အချိန်ကန့်သတ်ချက်မရှိပါဘူး။ နက်ဖြန်သင်ရမယ့် သင်ခန်းစာကို ကျေညက်အောင်ဖတ်ပြီးပြီ၊ ပြင်ဆင်ပြီးပြီဆိုမှ စိတ်ကပေါ့သွားတတ်ပါတယ်။ တစ်ခါတစ်လေများဆိုရင် အိမ်စာစစ်ဖို့ စာအုပ်တွေပါလာတဲ့အခါ အဲဒီစာအုပ်တွေကို စစ်ဖို့အတွက် အချိန်ပေးရပါသေးတယ်။ အဲဒါတွေပြီးပြီဆိုမှ စာဖတ်ခြင်းလုပ်ငန်းကို စတင်နိုင်ပါတယ်။ သတင်းစာတွေကို အရင်ဖတ်ပါတယ်။ ပြီးရင် ဂျာနယ်တွေဖတ်ပါတယ်။ ကြိုက်တဲ့အကြောင်းအရာတွေကို မှတ်ထားပြီး ဖတ်ရတာပါ။ ပြီးပြီဆိုမှ ဘလော့ဂ်မှာ တင်ပေးဖို့ အကြောင်းအရာရွေးပြီး ပို့စ်တွေရေးရတာပါ။ အကုန်ပြီးလို့ အိပ်မယ်ဆိုပြီး နာရီကြည့်မိတဲ့အခါ နာရီလက်တံအတိုလေးဟာ ဘယ်သောအခါမှ နံပါတ် ၁၂ နဲ့ ၆ ရဲ့ ဘယ်ဖက်မှာ မရှိခဲ့ဖူးပါ။ အမြဲတမ်း ညာဖက်ခြမ်းမှာ ရှိနေတာချည်းပါပဲ။ အဲဒီအချိန်ကျမှ ကျွန်တော် အိပ်စက်ရပါတယ်။

ညဥ့်နက်မှ အိပ်တဲ့အတွက် နောက်နေ့ကျရင် အေးအေးဆေးဆေး အိပ်ရတယ်လို့များ မအောက်မေ့လိုက်ပါနဲ့။ ထချင်သည်ဖြစ်စေ၊ မထချင်သည်ဖြစ်စေ မနက် ၈ နာရီဆိုတာနဲ့ ရုံးတက်နေရပါပြီ။ အဲဒါကြောင့်လားမသိပါဘူး စနေနေ့လိုမျိုးဆိုရင် ကျွန်တော့်ရဲ့ အိပ်ယာထချိန်ဟာ နေ့လည် ၁၁ နာရီ၊ သို့မဟုတ် ၁၂ နာရီဝန်းကျင်မှ ဖြစ်တတ်ပါတယ်။ မသိတဲ့လူတွေများ အဲဒီလိုနေ့မှာ ကျွန်တော့်ဆီရောက်လာခဲ့ရင် အတော်ကိုအပျင်းကြီးတဲ့ကောင်လို့ ပြောကြမှာ သေချာပါတယ်။ တစ်ခါတစ်လေများဆိုရင် နေ့လည်စာကို ၁ နာရီ ၂ နာရီလောက်မှ ထစားတာပါ။ အဲဒီလို အိပ်လိုက်တဲ့အတွက် တစ်ပတ်လုံး အိပ်ရေးပျက်ထားတာတွေဟာ ပြန်များပြည့်သွားသလားမသိပါဘူး။ မဖြစ်နိုင်မှန်းတော့ သိပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ အဲဒီလိုထင်တဲ့အတွက် ကျေနပ်သွားတာတော့ အမှန်ပါပဲ။

စာလည်းအတော်ကို ရှည်သွားပါတယ်။ ပြောချင်တာကတော့ အခုလို စာအုပ်တွေ၊ စာစောင်တွေထဲကနေ ပြန်ကူးပြီး ပို့စ်တွေ တင်ပေးနေတာဟာ ကျန်တဲ့လူတွေ ဖတ်စေချင်လို့ဖြစ်ပါတယ်။ ဖတ်မိရင်လည်း တစ်ခုခု ကျန်ခဲ့မယ်ထင်လို့ ပြန်ရိုက်ပြီးတင်ပေးတာပါ။ မဟုတ်ရင် ကျွန်တော့်ဘာသာကျွန်တော် ဖတ်ပြီးရင် ပြီးတာပါပဲ။ ဖတ်စရာရှိတာဖတ်တယ်၊ မှတ်စရာရှိတာမှတ်တယ် ဒါပဲဖြစ်ပါတယ်။ အခုလို လက်အညောင်းခံ၊ ဇက်ကြောအတက်ခံ၊ အချိန်အကုန်ခံပြီး ပို့စ်တွေ တင်ပေးနေတာဟာ အခြားလူတွေလည်း ကျွန်တော်ဖတ်သလို ဖတ်စေချင်တဲ့အတွက်၊ ကျွန်တော်သိသလို သိစေချင်တဲ့အတွက် တင်ပေးနေခြင်းသာဖြစ်ကြောင်းပါခင်ဗျာ။

အခုလို စိတ်ရှည်ရှည်ထားပြီး ကျွန်တော်အံထုတ်ထားတာတွေကို ဖတ်ပေးတဲ့အတွက် ကျေးဇူးစကားဆိုပါတယ်။ ကျွန်တော့်ရဲ့ ခံစားချက်တစ်စိတ်တစ်ပိုင်းကို မြင်နိုင်မယ်လို့ ထင်မြင်မိပါတယ်။ ဘယ်သူတွေဘာပဲပြောပြော ကျွန်တော့်ဘလော့ဂ်ကို စိတ်ဝင်တစားဖတ်နေတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်ပို့စ်တွေ တင်ပေးနေဦးမှာပါ။ အဲဒီလို ဆက်တင်ပေးနေခြင်းအကြောင်းကတော့ လူကိုယ်တိုင်သော်လည်းကောင်း၊ အီးမေးလ်နဲ့သော်လည်းကောင်း၊ ဂျီတော့ခ်မှာ သော်လည်းကောင်း ကျွန်တော့်ကို အားပေးကြတဲ့လူတွေကြောင့်ပါ။ သူတို့တွေရဲ့ ကောင်းတယ်ကွာ၊ မိုက်တယ်ကွာ၊ စိတ်ဝင်စားဖို့ကောင်းတယ်ကွ၊ ဆက်လုပ်ပါ၊ သဘောကျတယ် စတဲ့စကားလုံးတွေဟာ ကျွန်တော့်ကို မြောက်မြားစွာသော အားအင်တွေကို ဖြစ်စေပါတယ်။

အဲဒီလိုဆိုတဲ့အတွက် ကျွန်တော့်ကို ဝေဖန်ကြသူတွေကို ကျွန်တော်က မုန်းတီးနေတယ်လို့ မထင်စေချင်ပါ။ အနက်ရောင် ၀တ်စုံပေါ်တွင် အဖြူစင်းလေးများပါခြင်းသည်လည်းကောင်း၊ အဖြူရောင်ဝတ်စုံပေါ်တွင် အနက်ရောင်စင်းလေးများ ပါခြင်းသည်လည်းကောင်း စိတ်ဝင်စားစရာကောင်းပါသည်။ တစ်မျိုးကြည့်ကောင်းစေပါသည်။ ထို့အတူ အုန်းထမင်း၊ ထောပတ်ထမင်းကျွေးရာတွင် သရက်ချဉ်သုပ်လေး ပါခြင်းသည်လည်းကောင်း၊ ကြက်ဆီပြန်၊ ၀က်ဆီပြန်ဟင်းတွေနှင့် ကျွေးသောထမင်းဝိုင်းတွင် ငါးပိရည်ချိုလေးနှင့် အတို့အမြှုပ်လေးများပါခြင်းသည်လည်းကောင်း ပိုမိုမြိန်စေသည်ကို သတိပြုမိလိမ့်မည်ထင်ပါသည်။ ယခုလည်းထိုသို့ပင်ဖြစ်ပါသည်။ ကျွန်တော့်ကို ဝေဖန်ကြသူများ၊ ရှုံ့ချကြသူများသည်လည်း ကျွန်တော့်ဘလော့ဂ်ကို ပိုမိုကောင်းမွန်အောင် တစ်ထောင့်တစ်နေရာမှ ပါဝင်ရေးခြယ်ပေးနေကြသော အနက်ရောင်စင်းလေးများ၊ အဖြူရောင်စင်းလေးများ၊ သရက်ချဉ်လေးများဖြစ်သည်ဟု ခံယူထားပါကြောင်းနှင့် သူတို့ကိုလည်း ကျေးဇူးတင်ပါကြောင်း အလေးအနက် ပြောပါရစေခင်ဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် သြဂုတ်လ ၃၀ ရက်၊ တနင်္ဂနွေနေ့။
ည ၁၀ နာရီ ၅၇ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics