Friday, August 28, 2009

ကျွန်တော်နှင့် နိမိတ်ဖတ် ပညာရှင်များ - တာရာမင်းဝေ


နိမိတ်ဆိုတဲ့စကားလုံးကို အဘိဓာန်ထဲမှာ ကျွန်တော်သေသေချာချာ မဖတ်ခဲ့ဘူးပါဘူး။ ဗေဒင်ကျမ်းတွေထဲမှာ မကြာခဏ တွေ့ဖူးပေမယ့် အဲဒါကိုလည်း အမှတ်တမဲ့ပါပဲ။ ရှေ့ဖြစ်လာမယ့် အခြေအနေတစ်ရပ်အတွက် မူတည်ကောက်ယူရတဲ့ ဖြစ်ရပ်တစ်ခုလို့ပဲ အကြမ်းဖျင်း မြင်မိပါတယ်။

ငယ်ငယ်က ကျီးသာရင် ဧည့်လာမယ်ဆိုတာကို စ ကြားဖူးပါတယ်။ ကျီးသာနိမိတ်ပေါ့လေ။ နောက်တော့ ကြယ်ကြွေနိမိတ်၊ မြွေမြင်နိမိတ် စတာတွေကို တဖြည်းဖြည်းချင်း ထပ်သိလာပါတယ်။ အဆက်မစပ်မရှိ ခုန်ကူဖြစ်တဲ့ သဘောပေါ့လေ။ ဒါပေမယ့် ဟိုတလောက မကောင်းတဲ့ နိမိတ်အချို့အကြောင်း ဖတ်ရပါတယ်။ ဒဲ့ကြီးတွေပါလားဟ လို့ ဖတ်ရင်း ရယ်မိပါတယ်။

ဆိုကြပါစို့။ အဓိပ္ပါယ်မဲ့ အရူးတစ်ယောက်က ရှေ့လာရယ်ပြနေရင်... တဲ့။ ဘယ်လိုကြီးတုန်း...။ အရူးပါဆိုမှ အဓိပ္ပါယ်ရှိရှိ လာရယ်ပြနေမှာလား။ ကျန်တာတွေမှာလည်း ကန့်လန့်တိုက်တွေးစရာလေးတွေ ရှိလာပါတယ်။ အဲဒီတစ်ချို့ကို ကျွန်တော် ရေးပြပါမယ်။

သွားရင်းက ခလုတ်တိုက်ပြီး ခြေမကွဲသွားရင်...
(ဘယ်လိုလုပ် ကောင်းတော့မလဲ...။ ဘတ်စ်ကား လူကြပ်ကြပ်ပေါ်မှာ သူဘယ်လိုတက်ရပ်မလဲ)

လမ်းသွားရင်းက ဖိနပ်သဲကြိုး ပြတ်သွားရင်...
(ဖိနပ်ပြတ်တစ်ဖက်ကို ကိုင်လို့ ဘေးလူတွေ သွားဖြဲရယ်ပြရင်း ဆက်လျှောက်ရမှာပေါ့)

ရထားစီးရင်း ဘုတ်ခနဲ ပြုတ်ကျရင်...
(တွေးတောင် မတွေးရဲဘူး)

ကားပေါ်စီးသွားရင်း မျက်မှန်ပြုတ်ကျသွားရင်...
(ကိုယ့်အိမ် ကိုယ်ပြန်ရောက်ရင်တောင် ဟုတ်ရဲ့လားလို့ လက်နဲ့စမ်းကြည့်ရဦးမယ်။ အိမ်မှားပြီး မိန်းမရေ...
လာပါဦးကွ လို့ ခေါ်မိရင် ပိုတောင်ဆိုးဦးမယ်)

မတော်တဆ ခန္ဓာကိုယ်မှာ ထိခိုက်မိရင်...
(အကြင်နာတို့၊ စေတနာတို့ အမည်တပ်ထားတဲ့ ဆေးခန်းကို သွားပြီး ပါသမျှကုန်မယ်)

တစ်နေ့လုံး လက်ခါပြနေတဲ့လူတွေနဲ့ပဲ တွေ့နေရရင်...
(ဘယ်သူ့ဆီကမှ ပိုက်ဆံချေးမရတာဘဲ ဖြစ်မယ်၊ ဘူပဲ)

ကိုယ်ဝတ်ထားတဲ့ လုံချည်က ဗြန်းခနဲ ကွဲသွားရင်...
(အဟမ်း...လို့ ချောင်းဟန့်ရင်း ခပ်တည်တည်ကြီး ရှက်နေရမှာပေါ့)

သွားရင်းလာရင်း ခါးပိုက်နှိုက်ခံလိုက်ရရင်...
(တချို့လူတွေကို ရွာပြန်မယ်ဆိုပြီး ပိုက်ဆံလိုက်တောင်းရမယ့်ကိန်းပဲ)

မိန်းမနှစ်ယောက် လုံးထွေးသတ်ပုတ်ရင်း အ၀တ်အစားမဲ့ကုန်တာကို မြင်ရင်...
(ဒီလူကြီးကလည်း အသာငမ်း ရပ်ကြည့်နေတာပဲလို့ သတ်မှတ် ခံရမှာပေါ့။ ရန်ပွဲအပြီးမှာ အဲဒီမိန်းမနှစ်ယောက်ကတောင် ကိုယ့်ဆီ ဦးလှည့်ပြီး ကတ်ကတ်လန် ရန်ပြန်တွေ့နိုင်တယ်)

တံခါးဘောင်နဲ့ ခေါင်းနဲ့ ဆောင့်မိရင်...
(တော်တော် ဘု ကျတဲ့လူလို့ အပြောခံရမှာပေါ့)

မိန်းမက ယောက်ျားကို ကိုယ်ထိလက်ရောက် ရန်ပြုတာကို မြင်ရင်...
(ကိုယ့်အတွက်လည်း ရင်လေးစရာ ဖြစ်နေပြီ)

လမ်းမှာ ကားပျက်ပြီး စက်နှိုးလို့မရတော့ရင်...
(ဘေးလူတွေကို မျက်နှာချိုသွေးပြီး ကားတွန်းခိုင်းရမယ်.. ဒါပေမယ့် အတော် ကြိုးစားရမယ်)

ဘတ်စ်ကား သုံးလေးစီးကြုံလျက်နဲ့ ကိုယ်က မတက်နိုင်ခဲ့ရင်...၊ ကားတွေက ရပ်မပေးရင်...
(ကိုယ်အလေးချိန်ကို လျှော့ချရတော့မယ်)

အပြင်ထွက်ခါနီး မိန်းမက စောစောပြန်ခဲ့ဖို့ မှာရင်...
(ငါက ဘယ်သွားအလေလိုက်ရမှာလဲလို့... ဆိုပြီး မလုံမလဲနဲ့ ရန်ဖြစ်ရပြီ...)

ကဲ... ဒါတွေက အကင်းပဲရှိပါသေးတယ်။ ပြောမယ်ဆိုရင် အများကြီး ကျန်သေးတယ်။ ထားလိုက်ပါတော့... အခုလို ကျွန်တော်ရေးတာကို နိမိတ်ဖတ်ဆရာတွေကတော့ နှစ်မြို့မှာ မဟုတ်ဘူး။ ခုလို ရေးမိတဲ့အတွက် ကျွန်တော့် ရှေ့အလားအလာ ဘယ်လိုဖြစ်နိုင်မလဲ။ စာဖတ်သူကပဲ ကျွန်တော့်အတွက် နိမိတ်ဖတ်ပေးပါဦး။

( ရွှေအတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့တစ်နေ့ စာအုပ်မှ )

No comments:

Post a Comment

 
Web Statistics