တစ်လောက ရုပ်သံလိုင်းများကို စိတ်လိုလက်ရ တစ်ခုချင်းရွှေ့ကြည့်နေစဉ် World Literacy Day ကမ္ဘာ့စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုကို ကြည့်လိုက်ရပါသည်။ နိုင်ငံတော်တော်များများမှ လူငယ်များ၏ အင်တာဗျူးကို လွှင့်ထုတ်ပေးသည်။ အာရှနိုင်ငံများပါသလို အရှေ့အလယ်ပိုင်းမှလည်း ပါသည်။ အာဖရိကမှ လူငယ်လေးများလည်းပါသည်။ အချို့စာသင်ရွယ်ထက်တောင် လွန်နေသည်ကိုတွေ့ရတော့ စိတ်ထဲအတော်မကောင်း ဖြစ်မိသည်။
တိုးတက်နေသောနိုင်ငံတိုင်းကို လေ့လာလျှင် စာတတ်သူအရေအတွက် များပြားသည်ကို တွေ့ရပါမည်။ စာတတ်မြောက်မှုနှုန်းသည် နိုင်ငံတိုးတက်မှုနှုန်းနှင့် တိုက်ရိုက်အချိုးကျပါသည်။ ထိပ်တန်းရောက်နိုင်ငံကြီးများတွင် ကျောင်းကောင်းများ၊ တက္ကသိုလ်ကောင်းကြီးများ ရှိကြသည်ကို သတိမူမိနိုင်သည်။ စာမတတ်ဘဲ တိုးတက်သွားသောနိုင်ငံဟူ၍ ကမ္ဘာပေါ်တွင် တစ်နိုင်ငံတစ်ခုတလေမှ မရှိပါ။ ယနေ့အပြောများသော ပညာဟူသည့် Knowledge သည် စာတတ်ခြင်း Education မှ တိုးတက်ဖြစ်ထွန်းလာသော အရာဖြစ်ပါသည်။ ကျောင်းကြီးများတွင် အဆင့်တစ်ခုအထိ စာကိုသင်ပေး၏။ လူ့ဘ၀ ကျယ်ပြောသောတက္ကသိုလ်တွင် ဆက်လက်ပညာရှာမှီးရာ ငယ်စဉ်က တတ်မြောက်ခဲ့သော စာတတ်မှုအရည်အချင်းဖြင့် ဆက်လက်ရှာဖွေစုဆောင်းရသည်။ လုပ်ငန်းခွင်မှ အတွေ့အကြုံများက ပညာဖြစ်နိုင်သလို လက်လှမ်းမီသော စာအုပ်စာတမ်းများ ဖတ်ရှုခြင်းဖြင့်လည်း ပညာတစ်ပိုင်းတစ်စ ဖြစ်လာနိုင်သည်။ ယနေ့ခေတ်ပေါ် Web များမှာ စာတတ်လျှင် ပညာများစွာရပါသည်။ အတန်းလွန် ပညာရရှိနိုင်ရန် ငယ်ရွယ်စဉ် စာတတ်ဖို့ လိုအပ်ပါသည်။
"ကျွန်တော်စာတတ်ခဲ့ရင် မိသားစုကို ပြန်လုပ်ကျွေးနိုင်မှာပေါ့"
"ကျွန်တော်တို့လူမျိုးတွေ စာတတ်တဲ့သူများရင် တိုးတက်လာမယ်"
"စာသိပ်ဖတ်တတ်ချင်တယ်၊ ပညာရှိကြီးလည်းဖြစ်ချင်တယ်၊ အဖေ အမေက တောင်သူတွေလေ၊ စာမတတ်တော့ သိပ်ပင်ပန်းဆင်းရဲတယ်"
"ကြီးရင် ကျောင်းဆရာမလုပ်မယ်၊ ကလေးတွေကို စာပြန်သင်ပေးမယ်"
"စာတတ်ရင် နိုင်ငံခြားသွားပြီး အလုပ်လုပ်ချင်တယ်"
အရွယ်စုံ၊ အဖြေစုံပါ။ အနည်းဆုံး စာတတ်မြောက်မှု၏ တန်ဖိုးကို သိနားလည်ကြသူများ ဖြစ်သည်ကိုတော့ ကောင်းစွာတွေ့နေရပါသည်။ မည်သို့ရည်ရွယ်ချက်များ ကွဲပြားစေကာမူ ပညာဖြင့် တစ်ဦးချင်းအကျိုးမှသည် အများအကျိုးကို သယ်ပိုးနိုင်ကြောင်း ယုံကြည်ထားကြသူများအဖြစ် မြင်တွေ့နိုင်ပါသည်။ လေး၊ ငါးနှစ်သားမှသည် အရွယ်လွန် (၁၀)နှစ်ကျော်ကလေးများ အင်တာဗျူးမှ ဖြေကြသည်ကို မှတ်မိသမျှ ရေးလိုက်ခြင်းဖြစ်သည်။
၁၉၆၀ ပြည့်နှစ်ကာလများတွင် တရုတ်ပြည်ကြီး ဘာမှမဟုတ်သေး။ မော်စီတုန်း၏ ယဉ်ကျေးမှုတော်လှန်ရေးကြီးက သူ့အား အာဏာပေးခဲ့သည်မှလွဲ၍ ထိုတော်လှန်ရေးဖြင့် တိုင်းပြည်ကို ချမ်းသာအောင် မလုပ်ဆောင်နိုင်ခဲ့။ ခုနှစ် သက္ကရာဇ် အတိအကျ မမှတ်မိတော့သော်လည်း ၁၉၆၀-၇၀ ပြည့်နှစ်ကာလများ ဖြစ်သည်ကိုတော့ ကောင်းစွာအမှတ်ရသည်။ ချူအင်လိုင်းက တရုတ်မှ လူပေါင်း (၂၀၀၀၀)ကို နိုင်ငံတကာပညာရေးရယူရန် စေလွှတ်မည့်အစီအစဉ်ကို သတင်းတစ်ပုဒ်တွင် ဖတ်လိုက်ရသောအခါ တရုတ်ပြည် တစ်ချိန်ချိန်မှာ တိုးတက်တော့မည်ဟု မုဒိတာပွားဖြစ်ခဲ့ပါသည်။ ၁၉၇၀ ပြည့်နှစ်ဟုပဲထား၊ နှစ်ပေါင်း (၃၀) ကြာခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ခန့်တွင် တရုတ်ပြည်သည် တစ်ဟုန်ထိုး တိုးတက်လာသော နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိခဲ့ပါပြီ။
ပညာတန်ဖိုးထားတတ်မှု၊ မူဝါဒပြုပြင်ပြောင်းလဲနိုင်မှု မျိုးချစ်စိတ်ပြည့်ဝစွာရှိမှုများ၏ အသီးအပွင့်များဖြစ်သည်။ ပညာခေတ်တွင် ပညာဖြင့်သာ တုံ့ပြန်ရန် အကောင်းဆုံးဖြစ်ပါသည်။ အာဖရိကနိုင်ငံတချို့ ဆက်လက်မွဲတေနေခြင်းမှာ ပညာကို တန်ဖိုးမထားတတ်သေး၊ စာကို တန်ဖိုးမထားတတ်သေးဟုဆိုလျှင် ရပါသည်။ ခေါင်းဆောင်တို့၏ အကြားအမြင်တစ်ခုတည်းက တိုင်းပြည်ကို ဆွဲလည်းတင်နိုင်သလို စုပ်စုပ်မြုပ်အောင်လည်း ပစ်ချနိုင်ပါသည်။ ၁၉၇၀ ပြည့်နှစ်ကာလများတွင် အရှေ့အလယ်ပိုင်းဒေသသည် ရေနံဈေးများ မြင့်တက်ခဲ့မှုကြောင့် ၀င်ငွေမြောက်မြားစွာ ရရှိခဲ့ဖူးသည်။ ပညာအခြေမခံသော ဦးဆောင်မှုက များပြားစွာရရှိလာသောငွေများကို တော်သင့်စွာ စီမံခန့်ခွဲနိုင်ခြင်း မရှိခဲ့၊ မလဟဿ ဖြုန်းတီးခဲ့သည်။ အုပ်စိုးသူတို့၏ နောက်မျိုးဆက်များကို အနောက်တိုင်း၏ ခေတ်ပေါ်စီမံခန့်ခွဲရေးကျောင်းကြီးများကို စေလွှတ်ပညာသင်ကြားစေခဲ့ရာ အမြင်အတွေးများ ပွင့်လင်းခဲ့ပြီး ယခုအခါ ရေရှည်တိုင်းပြည်အတွက် ပြန်လည်အကျိုးရှိစေမည့် စီမံကိန်းများတွင် ရေနံမှရသော ငွေများကို ပြန်လည်မြှုပ်နှံခဲ့ပါသည်။ အဘူဒါဘီ၊ ဒူဘိုင်းနိုင်ငံများမှာ တစ်ချိန်တွင် အနောက်နိုင်ငံများကပင် ပြန်လည်၍ သြချရလောက်မည့် နိုင်ငံများ ဖြစ်လာကြပါလိမ့်မည်။
Fareed Zakaria ၏ Post American World ကို ရေးဖြစ်တော့ ကမ္ဘာ့သမိုင်းကို တစ်စွန်းတစ်စ သိခွင့်ရလိုက်သည်။ သက္ကရာဇ် ၁၄၀၅ ခုနှစ်တွင် တရုတ်ပြည်၌ ရေတပ်ဗိုလ်ချုပ် ကျန်ဟေး Zheng He က ရေကြောင်းခရီး စွန့်စားရှာဖွေခရီးကို ဆောင်ရွက်ရာတွင် သူ့သင်္ဘောအုပ်စု၌ သင်္ဘောပေါင်း (၃၁၇)စီးနှင့် လူပေါင်း (၂၈၀၀၀)ကျော် ပါဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ်ရောက်မှ (နှစ်ပေါင်း ၉၀ နီးပါးနောက်ကျပြီး) လူတိုင်းသိသော ကိုလံဘတ်စ် Christopher Columbus က ရေကြောင်းခရီးဖြင့် နယ်မြေသစ်ရှာပုံတော် ဖွင့်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကျန်၏ သင်္ဘောများမှာ ပျမ်းမျှပေ (၄၀၀)ကျော် ရှည်လျားကြပြီး ကိုလံဘတ်စ်၏ အကြီးဆုံးသင်္ဘောဖြစ်သော Santa Maria ထက် (၄)ဆကျော် ကြီးမားသည်။ ဗိုလ်ချုပ်ကျန်၏ အသေးဆုံးသင်္ဘော ရွက်(၅)ခုတပ် သင်္ဘောကပင် ကမ္ဘာကျော်စပိန်တို့၏ သင်္ဘောထက် (၂)ဆကျော် ကြီးသေးသည်။
ထိုစဉ် တရုတ်တို့မှာ ယဉ်ကျေးမှုအရရော၊ စာပေအရာမှာရော၊ နည်းပညာပိုင်းမှာပါ ကမ္ဘာ့ထိပ်တန်း ဖြစ်ခဲ့ဖူးသည်။ ပညာကို တန်ဖိုးထားတတ်သော၊ အမြင်ကျယ်သော မင် မင်းဆက် Ming Dynasty တွင် တရုတ်တို့၏ ရေတပ်မတော်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးဖြစ်ခဲ့သည်။ သင်္ဘောတည်ဆောက်ရေးနည်းပညာများ ထိပ်တန်းမှာဖြစ်သည်။ ၁၉၄၀ ပြည့်နှစ်ကာလတွင် နောက်မင်းဆက်တစ်ခု တက်လာသောအခါ အမြော်အမြင် နည်းပါးမှုကြောင့် ရွက်နှစ်ရွက်ထက်ပိုသော သင်္ဘောများကို တည်ဆောက်ခွင့်မရှိကြတော့။ နောက်ပိုင်းမင်းဆက် ၁၆၄၄ ခုနှစ်တွင် Qing မင်းဆက် တက်လာသောအခါ တီထွင်မှု၊ ကုန်သွယ်ရေး စသည်တို့ကို အားမပေးတော့။ ကမ္ဘာကြီး၏ရှေ့မှာနေခဲ့သော တရုတ်တို့သည် နှစ်ပေါင်း (၂၀၀)အတွင်း ကမ္ဘာကြီး၏နောက်သို့ ရောက်သွားတော့၏။
ထိုအချိန်တွင် ပညာကိုဦးစားပေးသော၊ စူးစမ်းမှုကိုအားပေးသော၊ တီထွင်မှုကိုအားပေးသော အနောက်နိုင်ငံ အုပ်ချုပ်ရေးစနစ်က သူတို့တိုင်းပြည်ကို ကမ္ဘာ့ရှေ့တန်းရောက်အောင် ဆွဲတင်နိုင်ခဲ့ကြသည်။ အနောက်ဘက်က တီထွင်လိုက်သော စက်မှုအစိတ်အပိုင်းများဖြင့်ပြုလုပ်သည့် နာရီပေါ်လာသောအခါ တရုတ်တို့မှာ ရေနာရီ၊ နေနာရီကိုသာ သုံးစွဲနိုင်သောဘ၀မှ မတက်နိုင်သေးတော့ချေ။ ကမ္ဘာတွင် စက္ကူ၊ ယမ်းကို ဦးစွာရှာဖွေတွေ့ရှိ အသုံးချခဲ့သော တရုတ်တို့သည် ဒတ်ခ်ျတို့ယူလာသောအမြောက်ကို မပစ်တတ်တော့ချေ။ ရင်နာစရာကောင်းစွ။
မြန်မာပြည်မှာလည်း ဤဖြစ်စဉ်မျိုး ရှိခဲ့ဖူးသည်။ ကနောင်မင်း၏ ရေမြှုပ်ဗုံးစမ်းသပ်ချက် အောင်မြင်မှုနောက်ပိုင်း ပိတ်ပင်ခြင်းသာမရှိခဲ့ပါက အတော်ခရီးရောက်နိုင်နေမည်ဖြစ်သည်။ ကံတရားပေါ် အပြစ်ပုံရမည်လား၊ မြော်မြင်မှု အားနည်းကြသည့်အဖြစ်ကိုပင် အပြစ်တင်ရမည်လား။
သိပ္ပံပညာရှင်အရေအတွက် နည်းသေးသည်။ တီထွင်ကြံဆမှု ကမ္ဘာကို ရင်ဘောင်မတန်းနိုင်သေး။ ပညာရှင်များကို မွေးထုတ်ပေးသည့် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများ တရုတ်တို့တွင် မရှိသေး။ နိုင်ငံရေးစနစ်၏ အားပေးမှုအပိုင်းကို လေ့လာလျှင် တရုတ်တို့ အတော်အားနည်းနေပါသေးသည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် XY မျဉ်းနှစ်ကြောင်းပုံစံဖြင့် လေ့လာလျှင် လွယ်ကူသည်။ တစ်ကြောင်းက နိုင်ငံရေးလွတ်လပ်ခွင့်နှင့် တစ်ကြောင်းက စီးပွားရေးလွတ်လပ်ခွင့် ဖြစ်ပါသည်။ ၁၉၉၀ - ၂၀၀၀ ပြည့်နှစ်အတွင်း (၁၀)နှစ်စာ နိုင်ငံများကို လေ့လာသောအခါ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သော အင်္ဂလန်သည်ပင်လျှင် ၁၉၉၀ ပြည့်နှစ်၌ နိုင်ငံရေးလွတ်လပ်ခွင့်အပြည့်အ၀ ရရှိခဲ့သော်လည်း စီးပွားရေးလွတ်လပ်ခွင့် (အခွင့်သာမှု)၌ ၂၀၀၀ ပြည့်နှစ်ကျမှ အပြည့်အ၀ရခဲ့သည်ကို တွေ့ရသည်။
အင်္ဂလန်နှင့် ဆန့်ကျင်ဘက်အဖြစ် တရုတ်တို့က ၁၉၉၀ ပြည့်နှစ်တွင် စီးပွားရေးလွတ်လပ်ခွင့် (၅၀)ရာခိုင်နှုန်း Mixed Economy ရရှိကြပြီး ၂၀၀၀ ပြည့်နှစ်တွင်ကျမှ တကယ့် Free Market Economy အဆင့်ကို ရောက်ခဲ့သည်။ ထို (၁၀)နှစ်အတွင်း နိုင်ငံရေးလွတ်လပ်ခွင့် သိသာစွာ တိုးတက်သည်ကို မတွေ့ရ။
ဟန်ဂေရီက သွားရာလမ်းကြောင်း မှန်သည်။ ၁၉၉၀ ပြည့်နှစ်တွင် စီးပွားရေးရော၊ နိုင်ငံရေးမှာပါ လွတ်လပ်ခွင့် တစ်ဝက်ခန့်စီရပြီး ၂၀၀၀ ပြည့်နှစ်တွင် နှစ်မျိုးလုံး၌ အပြည့်အ၀ရရှိထားသည်။ ယနေ့ကာလသည် ဘယ်အရာမှ သီးခြားလွတ်ကင်း၍ အတည်ဖြစ်ကြ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ ရောယှက်နေကြ၏။ ကမ္ဘာဆန်ခြင်းဟူသော Globalization သည်ပင် ဤအရာများစွာကို ပေါင်းစည်းပေးခြင်းလည်း မည်သည်။ တရုတ်တို့၏ တိုးတက်မှုသည် အထွားလွန်ပြီး ခြေမခိုင်သေးသော ကလေးငယ်ကဲ့သို့သာ ရှိသေးသည်ဟု နောက်ဆုံးသုံးသပ်နိုင်သည်။
ပညာမိုးမွှန်အောင် ပြောသောခေတ်တွင် အခြေခံအားဖြင့် လူတိုင်း စာတတ်သင့်ပါသည်။ သာမန်ရေးတတ်၊ ဖတ်တတ်သည်ပင် နောက်ပိုင်း ပညာဖြစ်ရာ လှေခါးထစ်များဖြစ်၏။ အတန်းကုန်အောင် ဘာသာစုံသင်ခွင့်ရခြင်းသည် အတွေးအခေါ်တို့ကို ဖြစ်ထွန်းစေသည်။ အယူအဆတို့ကို မှန်ကန်စေသည်။ အမြော်အမြင်တို့ကို ထက်မြက်စေပါသည်။
ခေတ်သစ်သည် ဓားကိုင်မြင်းစီးပြီး ရဲသူနိုင်ခေတ် မဟုတ်တော့ပါ။ လက်ထိပ်သွေးဖောက်၍ သတ္တိကို စမ်းသပ်ရမည့်ခေတ်ထက် ကျော်လွန်နေပြီဖြစ်ပါသည်။ ခလုတ်တစ်ချက်၊ လက်ညှိုးတစ်ကုပ်မှာ လူ့အသက်ပေါင်းများစွာ ဇီဝိန်ခြွေသောခေတ်ဖြစ်ပါသည်။ ထို့ထက်ပိုဉာဏ်ကြီးသူများက ခလုတ်တစ်ချက်နှိပ်ရုံဖြင့် တစ်နိုင်ငံလုံး ပြာပုံဖြစ်အောင်လုပ်နိုင်သော ခေတ်ဖြစ်လာပါပြီ။ ဤအရာအားလုံး၊ စွမ်းရည်အားလုံးကို ပညာမှရရှိခဲ့ကြခြင်း ဖြစ်သည်။
ပညာနည်းသူတို့က နှစ်ပေါင်းများစွာ စိုက်ရသောသစ်ကို အလုံးအတိုင်းရောင်းကြပါသည်။ ပညာအနည်းငယ် ရှိသူတို့က ထိုသစ်ကိုပြုပြင်၍ တန်ဖိုးမြှင့်ကာ ရောင်းနိုင်လာသည်။ ပညာကြီးသူတို့က တန်ဖိုးအကြီးဆုံးမြှင့်၍ ကြီးစွာအမြတ်ရအောင် စွမ်းဆောင်နိုင်ကြသည်။ ထိုသစ်ပင်ကို စိုက်စရာမလိုပါ။ ပညာဖြင့် တစ်ရက်တစ်မနက် ထည့်သွင်းလိုက်ရုံသာ ဖြစ်ပါသည်။
ပညာစွမ်းရည်မပြည့်သော နိုင်ငံများက ရေနံကို ရေနံစိမ်းအတိုင်း ရောင်းရပါသည်။ ပညာအသုံးပြုနိုင်သူတို့က ထိုရေနံကိုချက်ပြီး အသင့်သုံးလောင်စာအဖြစ် တန်ဖိုးမြှင့်ကြပါသည်။ ပညာကြီးသူတို့က စက်ဆီ၊ ချောဆီအဖြစ် ပြုပြင်မွမ်းမံ၍ ဈေးကြီးကြီးဖြင့် ရောင်းချနိုင်ကြပါသည်။ ပညာဖြင့် ဈေးကွက်ကို ထိန်းချုပ်ထားသည်။ ဤမျှသော အခြေအနေကပင် ပညာတန်ဖိုးကို ရောင်ပြန်ဟပ် ပြောပြနိုင်လျှင်၊ ရှုပ်ထွေးသော မဟာဗျူဟာအဆင့်တွင် ပညာရှိသူနှင့် ပညာမဲ့သူ မည်သို့ရှိမည်နည်းကို တွေးဆနိုင်မည်ဖြစ်သည်။ မလိုအပ်လျှင် ဘယ်သူမှ သင်ကြားကြမည်မဟုတ်ပါ။ သဲသဲမဲမဲ ပညာသင်ကြားကြခြင်းမှာ ပညာတန်ဖိုးကို အမှန်တကယ် သိသောကြောင့်သာ ဖြစ်ပါသည်။ ပညာသည်
- အရည်အချင်းတစ်ရပ်ကို ဖြစ်စေသည်။
- မြော်မြင်မှုကို ရစေသည်။
- မှန်ကန်သော ဦးဆောင်နိုင်စွမ်းကို ပေးသည်။
No comments:
Post a Comment