Friday, September 11, 2009

စံပယ်အတွေး - တာရာမင်းဝေ


တစ်နေ့ ကျောင်းကိုအသွား လမ်းမှာ အပင်ပေါ်တက်ပြီး မာလကာသီးတွေခူးတုန်း ဆရာကြီးကို ပိုသတိထားမိလိုက်တာပဲ မေမေ....
"အာ... ဒီကောင် ဘယ်ပေါ်တက်နေတာလဲ ဆင်းစမ်း...."
ကြိမ်လုံးကြီးနဲ့ သူက အောက်က အော်လို့ သားပြန်ဆင်းလာရတယ်။ သားကို သူက ငေါက်တယ်။
"သွား.... ကိုယ့်ကျောင်းကိုယ် ဖြောင့်ဖြောင့်သွား၊ ဘာကိစ္စ သူများအပင်ကို သွားခူးနေတာလဲ"
"သား မာလကာသီး စားမလို့"
"ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ"
"ဒါဆို အောက်ကနေပဲ ခူးတော့မယ်"
အဲဒီလိုပြောပြီး တုတ်နဲ့ ရိုက်ပြီးတော့ဖြစ်ဖြစ်၊ ခဲနဲ့ ပေါက်ပြီးတော့ဖြစ်ဖြစ် ခူးမယ်လုပ်တော့လည်း သူက လက်မခံဘူး။
"မင်းမှာ အိမ်ကထည့်ပေးလိုက်တဲ့ မုန့်ဘူး ပါတယ်မဟုတ်လား။ သွား... သွား ကိုယ့်ကျောင်းကိုယ် ဖြောင့်ဖြောင့်သွား"
ခက်တော့တာပါပဲ။ သားလည်း ဘာမှမပြောချင်တာနဲ့ လှည့်ထွက်ခဲ့တယ်။ အမှန်ဆို မာလကာပင်ကြီးကို သား တက်ခူးစားလို့ရသလို သူလည်း တက်ခူးစားလို့ ရတာပဲ။ ဒါမှမဟုတ်ရင်လည်း သားခူးလာတဲ့ မာလကာသီးတွေထဲက သူ့ကို နည်းနည်း ခွဲပေးလို့ရတာပဲ။ ခုတော့ နှစ်ယောက်လုံး ငတ်ကြရတယ်။
တကယ်ဆို သားက သူများအပင်ကို ခိုးခူးတာ မဟုတ်ပါဘူး။ အပင်ပိုင်ရှင် အဒေါ်ကြီးကကို ခူးစားလေ လို့ ခွင့်ပြုထားပြီးသားပါ။ ဒါပေမယ့် သားကလည်း မတီးဘဲ မမြည်ချင်ဘူးလေ။ ဆရာကြီးက မမေးတော့ သားလည်း ပြောမပြဖြစ်တော့ဘူးပေါ့။
အဲဒီနေ့ကစပြီး သားလည်း ဆရာကြီးကို သတိထားပြီး စောင့်ကြည့်နေမိတော့တယ်။
သူက သားတို့ရဲ့ ကျောင်းအုပ်ဆရာကြီး ဆိုပေမယ့် သားတို့တွေကို ပြန်ကြောက်နေရပုံရတယ်မေမေ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ကြိမ်လုံးကြီးတစ်လုံးကို အမြဲ ကိုင်ထားတတ်တယ်။ လိုအပ်ရင် အချက်ပေးဖို့အတွက် အသံထွက်ခေါင်းလောင်းကြီး တစ်လုံးကလည်း အနားမှာ အမြဲရှိပြန်ရော။
သူ့ဘ၀က သနားဖို့ ကောင်းပါတယ် မေမေရယ်။
ကျောင်းကိုလာရင် ဖေဖေကသားကို စက်ဘီးကလေးနင်းပြီး လိုက်ပို့ပေးတာမျိုး မဟုတ်ဘူး။ သူ့ဖာသာ နင်းလာရတယ်။ သားကို မေမေခေါင်းဖြီးပေးသလိုမျိုးလည်း သူ့ကို ဘယ်သူကမှ လုပ်မပေးဘူး။ သူ့ခေါင်းကို သူ့ဖာသာ ဖြီးရတယ်။ သားတို့လို ပေါ့ပေါ့ပါးပါး ဘောင်းဘီတိုလေးဝတ်ပြီး ကျောင်းလာလို့လည်း မရဘူး။ အမြဲတမ်း ပုဆိုးကြီး စည်းထားရတယ်။ သားတို့လို သနပ်ခါး ပါးကွက်ကျားလေးလူးပြီး ကျောင်းကိုလာဖို့ဆိုတာကတော့ ဝေလာဝေးပေါ့။
သူက သားတို့လို မုန့်ဖိုးလေး ဘာလေး မရရှာဘူး။ ကျောင်းကနေ သူ့ကို တစ်လတစ်ခါ ထောက်ပံ့ကြေး ပေးထားရတယ်။ အဲဒီပိုက်ဆံကိုပဲ သူ့ခမျာ တစ်လစာ ချွေတာသုံးနေရတယ်။ ဆိုင်မှာပဲ ထမင်းကို လပေးစားတယ်တဲ့။ ခွံ့ကျွေးမယ့်သူလည်း မရှိဘူး။ သူ့ဖာသာ ဇွန်းနဲ့ ခပ်စားရတယ်။
သူက ကဗျာတွေ ဘာတွေလည်း ရေးသတဲ့ မေမေရယ်။ သားတို့ဆို ဖတ်စာအုပ်ထဲက ကဗျာကို ရွတ်လိုက်တာပါပဲ။ သူ့လို အပင်ပန်းခံပြီး ရေးစပ်မနေပါဘူး။ ဘယ့်နှယ်... မဟုတ်တာကြီး။ တစ်ခါတစ်ခါ သူ့ဆီကို သူ့မိတ်ဆွေ ကဗျာဆရာဆိုတဲ့ လူကြီးတွေ လာလည်ကြတယ်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ငြင်းကြခုံကြနဲ့။ သားတို့လို ဖိုက်စရာရှိရင် ကျောင်းဘေးလယ်ကွင်းပြင်ကိုသွားပြီး အပြတ်ဖိုက်လိုက်တာမျိုးလည်း မဟုတ်ဘူး။ ဘယ်လိုမှန်း မပြောတတ်တော့ပါဘူး။
သားတို့ကို စာပြန်သင်ဖို့အတွက် သူအိမ်မှာ စာတွေအများကြီး ကျက်ရမှာပဲနော် မေမေ။ သားတို့တောင် ဒီလောက် ကျက်ရတာ သူဆိုရင် နည်းမှာမဟုတ်ဘူး။ သူကျက်တဲ့စာတွေကို ရသွားခဲ့ပြီးရင်လည်း သားတို့လို ပါးကိုနမ်းပြီး ဂုဏ်ပြုမယ့်သူ ရှိတာမဟုတ်ဘူး။ နောက်ပြီး သူငယ်ပေးလိုက်တဲ့ ကျောင်းသားလေးတွေက မူလတန်းအောင်ပြီး အလယ်တန်း အထက်တန်းတွေကို ရောက်ကုန်ပေမယ့် သူကတော့ အတန်းမတက်ရဘူး။ မူလတန်းမှာပဲ ကျန်ခဲ့တယ်။ သူ့ဒုက္ခ ကြီးပါတယ် မေမေရယ်။ ဘယ်လိုကြီးလည်း မသိဘူးနော်။
သူက အသည်းလည်း ကွဲခဲ့ဖူးတယ်လို့ ကြားရတယ်။ ကွဲနေတဲ့ အသည်းကြီးနဲ့ အသက်ရှင် လူလုပ်နေရတယ်တဲ့။ ဆင်းရဲတဲ့ ကျောင်းဆရာမို့လို့ သူ့ချစ်သူနဲ့ ကွဲခဲ့ရတယ်ဆိုပဲ။ သူ့ကြိမ်လုံးကြီးနဲ့ လိုက်ရိုက်လိုက်တာ မဟုတ်ဘူး။ သူက ခွင့်ပြုခဲ့ပါတယ်တဲ့။ တစ်ခါတစ်ခါကျ ရုံးခန်းထဲမှာထိုင်ပြီး နံရံကို ရီရီဝေေ၀ ငေးနေတတ်တယ်။
ဒါနဲ့များတောင် မေမေက ပြောသေးတယ်။
"သား.... ကျောင်းစာကို ကြိုးစားသင်နော်"
"ဘာဖြစ်လို့လဲ"
"အဲဒါမှ ပညာတွေ အများကြီး တတ်မှာပေါ့"
"ပညာတွေ အများကြီးတတ်တော့ ဘာလုပ်မှာလဲ"
"သားတို့ကျောင်းမှာ ကျောင်းအုပ်ဆရာကြီး ပြန်လုပ်လို့ရတာပေါ့"
သားက ကပျာကရာ ခေါင်းခါငြင်းမိတယ်။
"ဟာ... မလုပ်ချင်ပါဘူး"
"ဘာဖြစ်လို့လဲ သားရဲ့"
"ဟာ... ဟင့်အင်း....... မလုပ်ချင်ပါဘူး"
ဘာဖြစ်လို့လည်းဆိုတော့ မေမေ့ကို သားမပြောပြဘူး။ ဘယ်တော့မှ မပြောပြဘူး။

( တာရာမင်းဝေ ၏ ရွှေအတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့တစ်နေ့ စာအုပ်မှ )

No comments:

Post a Comment

 
Web Statistics