Friday, September 11, 2009

စပ်မိစပ်ရာ


အခုတလော မိုးတွေပဲ သဲသဲမည်းမည်း ရွာနေတယ်။ မိုးကြိုးကလည်း ခဏခဏပစ်တယ်။ ဘယ်တွေကိုပစ်နေလဲမသိဘူး။ ဘယ်သူတွေ မိုးကြိုးမှန်ပြီး မာလကီးယားနေလဲမသိဘူး။ မိုးရွာတာကို မကြိုက်ဘူး။ အလုပ်ပျက်အကိုင်ပျက်နဲ့။ အ၀တ်တွေက မိုးစိုပြီး အောက်စော်တွေနံတယ်။ လျှော်ပြီးလှန်းရင် နေမထွက်တော့ မခြောက်ဘူး။ အတော်လေးကို စိတ်ညစ်ဖို့ကောင်းတယ်။ မိုးရွာလို့ စိတ်အညစ်ဆုံးက မိုးစရွာပြီ၊ လျှပ်စီးလက်ပြီ၊ မိုးကြိုးတစ်ချက်ပစ်ပြီဆိုတာနဲ့ မီးပျက်သွားတာပဲ။ သုံးနေတဲ့ UPS အစုတ်လေးနဲ့ ဘယ်လိုမှ အလုပ်ဆက်လုပ်လို့ မရဘူး။ စာရိုက်နေရင်းနဲ့ မီးပျက်သွားရင် အင်မတန်စိတ်တိုတယ်။ ကိုယ်က ခံစားချက်နဲ့ ရေးကောင်းနေတုန်း မီးပျက်သွားတော့ စိတ်တိုရတာနဲ့ စောစောက ခံစားချက်လေးတွေက ဘယ်ပျောက်သွားမှန်းမသိဘူး။ မီးလာတော့ ရေးလက်စကို ဆက်ရေးချင်စိတ်မရှိတော့ဘူး။ အဲဒီလိုနဲ့ Mood ပျောက်သွားပြီး ရေးလက်စတစ်ပိုင်းတစ်စ ဖြစ်နေတဲ့ ပို့စ်တွေ တော်တော်ကို များနေပြီ။ မီးပျက်သွားသော ခံစားချက်များဆိုပြီး အဲဒီရေးလက်စတွေကိုစုပြီး ပို့စ်တစ်ခုတင်မလို့ စဉ်းစားနေတယ်။

ဟုတ်မဟုတ်မသိဘူး။ ပတ်ဝန်းကျင်မှာတော့ ပြောနေကြတယ်။ တစ်သက်လုံး သာသနာ့ဘောင်မှာ နေတော့မယ်ဆိုပြီး ဘုန်းကြီးဝတ်သွားတဲ့ ပြိုင်စံမပေါ်နိုင်ငံကျော်မင်းသားကြီးကို လူထွက်ခိုင်းလိုက်ပြီတဲ့။ ကျွန်တော်စိတ်ဝင်စားပါတယ်။ သာသနာရေးဆိုင်ရာတွေနဲ့ ပတ်သက်လို့ ကျွမ်းကျွမ်းကျင်ကျင် နှံ့နှံ့စပ်စပ် ကျွန်တော်မသိပေမယ့် ဘုန်းကြီးဝတ်နဲ့ သူဟောခဲ့တဲ့၊ ပြောခဲ့တဲ့ အကြောင်းအရာတွေဟာ အတော်လေးကို စည်းလွတ်ဝါးလွတ်နိုင်လွန်းတယ်၊ ထေရ၀ါဒဗုဒ္ဓဘာသာကို တည်တံ့အောင် ကြိုးပမ်းအားထုတ်နေကြတဲ့ ရဟန်း၊ ရှင်လူတွေကို စော်ကားတယ်လို့ အစောကြီးကတည်းက မြင်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲခြင်းလို့ ကျွန်တော်က ခေါင်းစဉ်တပ်ချင်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ဟာ အတော်လေးကို ခရီးပေါက်အောင်မြင်နေတာကို ၀မ်းမြောက်ဂုဏ်ယူဖွယ် တွေ့ရပါတယ်။ ဒါပေမယ့် အားပေးတဲ့ ပရိသတ်တွေရဲ့ စည်းကမ်းမဲ့ပြုမူမှုတွေကြောင့် တာဝန်ရှိသူတွေနဲ့ ကလပ်အသင်းတွေ အတော်လေးကို ခေါင်းခြောက်နေရတယ်လို့ သိရပါတယ်။ အခုမှစတာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုကို အထူးလိုအပ်နေတဲ့အချိန်၊ တစ်ဖက်ကလည်း စည်းမရှိကမ်းမရှိ အားပေးကြတဲ့ ပရိသတ်တွေကို တားမြစ်ချင်တယ်။ အဲဒီနှစ်ဖက်ကြားမှာ ခေါင်းခြောက်နေကြရတယ်လို့ တစ်ဆင့်စကား သိရပါတယ်။

ဂျာနယ်တစ်စောင်ထဲမှာ ယူနီကုတ်အသစ်တစ်မျိုး ထပ်ထွက်တဲ့အကြောင်း၊ အခမဲ့ သုံးစွဲခွင့်ပြုမယ့်အကြောင်း ရေးထားတာကို ဖတ်လိုက်ရပါတယ်။ ပြောရလွန်းလို့ မပြောတော့ပါဘူးဗျာ။ ကျွန်တော်ကတော့ ဇော်ဂျီနဲ့ စခဲ့ရတာဖြစ်တဲ့အတွက် အခုအချိန်အထိ ဇော်ဂျီပါပဲ။ အခြားလူတွေလည်း သူတို့ကြိုက်ရာသုံးကြမှာပေါ့ဗျာ။ ဟုတ်တယ်မလား။ သြော် မေ့နေလို့.... အပေါ်မှာပြောခဲ့တဲ့ ယူနီကုတ်က open source ပါတဲ့ခင်ဗျား။

ရေဒီယိုတွေနားထောင်ရတာ အတော်လေးကို အပျင်းပြေရတယ်။ အခုတလော ရယ်စရာတွေ အပြောများနေလို့။ နောက်ဆုံးဖြစ်ခဲ့တဲ့ ကိုးကန့်ဒေသကိစ္စနဲ့ ပတ်သက်ပြီး သူတို့တွေပြက်လုံးထုတ်တာ အတော်ကိုရယ်ရတယ်ဗျ။ တတ်လည်းတတ်နိုင်လွန်းတဲ့ သူတွေပဲကွာလို့ သြချမိတယ်။ အမေရိကတို့၊ အင်္ဂလန်တို့၊ နော်ဝေတို့မှာနေပြီး ဒီကသတင်းထောက်က ပို့ချင်ရာပို့တဲ့သတင်းကို သတင်းဖြစ်ပြီးရော လွှင့်ထုတ်လိုက်တယ်။ နောက်မှ အခြေအနေတွေက သူတို့တွေပြောခဲ့သလို မဟုတ်တဲ့အခါ နောက်တစ်မျိုး ပြောင်းပြီးကြေညာတယ်။ ဟော... အခုနောက်တစ်မျိုး လေသံပြောင်းသွားကြပြန်ပြီ။ သူတို့တွေ ကိုးကန့်ဒေသဖြစ်စဉ်ဖြစ်ကတည်းက လွှင့်ခဲ့တဲ့ သတင်းကြေညာချက်တွေ၊ ဆွေးနွေးခန်းတွေကို အင်တာနက်ကနေ ကျွန်တော်သိမ်းထားတဲ့ အသံဖိုင်တွေရှိတယ်။ အခုနောက်ဆုံး လွှင့်ခဲ့တဲ့ ဖိုင်တွေက အင်တာနက်ကွန်နက်ရှင်း မကောင်းသေးတဲ့အတွက် ဒေါင်းလုတ်ဒ်ချလို့ မရသေးလို့ ကြိုးစားနေတုန်းပဲ။ အဲဒီဖိုင်တွေကို စုပေါင်းစပ်ပေါင်း Mix လုပ်ပြီး ဖိုင်တစ်ခုတင်ပေးပါဦးမယ်။ ဘယ်လောက်ရယ်စရာကောင်းတယ်ဆိုတာ ခင်ဗျားတို့ အဲဒီအချိန်ကျရင် နားထောင်ကြည့်ပေါ့ဗျာ။ သတင်းစာနောက်ဆုံးမှာ ရေးတာတွေလည်း မလွန်ဘူးထင်တယ်လို့ အခုတလော တွေးနေမိတယ်ဗျ။

စပ်မိစပ်ရာတွေပါ။ အစက ဆောင်းပါတစ်ပုဒ်ကူးပြီး တင်ပေးမလို့ပါ။ ဆရာနေဇင်လတ်ရေးတဲ့ လူတိုင်းစာတတ်ကြရင်ဆိုတဲ့ ဆောင်းပါးပါ။ အတွေးတွေ ပေးပါတယ်။ ပေါ့ပေါ့ပါးပါး ရေးထားတဲ့ လေးလေးနက်နက်ဆောင်းပါးလို့ ဆိုချင်ပါတယ်။ အပြင်မှာ မိုးကခပ်ဖွဲဖွဲလေး ဖြစ်နေလို့ မီးပျက်တော့မယ်၊ မီးပျက်တော့မယ်ဆိုပြီး စောင့်ရင်းနဲ့ စပ်မိစပ်ရာ အတွေးထဲပေါ်တာတွေ ရေးလိုက်တာပါ။ အံ့သြစရာ ကောင်းပါ့ဗျာ။ အခုဒီပို့စ်ရေးပြီးတဲ့အထိ မီးမပျက်သေးဘူး။ ဆောင်းပါးကို နက်ဖြန်မှ ဖတ်ပါတော့ဗျာ။

အဆုံးထိရောက်အောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ သောကြာနေ့။
ည ၁၁ နာရီ ၄၈ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics