Monday, September 21, 2009

မန်ယူအကြောင်းပြောဦးမယ် - ကိုဉာဏ် (ပန်းလောင်မြေ)


ပထမဆုံးအနေနဲ့ အခုဒီပို့စ်ကို ဖတ်နေတဲ့သူဟာ မန်ယူပရိသတ်မဟုတ်ရင်၊ အထူးသဖြင့် မန်ယူကို မုန်းတီးသူတစ်ယောက်ဖြစ်နေရင် ဆက်မဖတ်ဖို့ အကြံပေးလိုပါတယ်။ ကျွန်တော်ဟာ မန်ယူပရိသတ်တစ်ယောက်ဖြစ်တဲ့အတွက် မန်ယူအပေါ်မှာ အကောင်းမြင်စိတ်တွေများနေနိုင်ပြီး ပို့စ်ရေးသားတဲ့နေရာမှာ အခြားသော အသင်းပရိသတ်တွေအတွက် သဘောမတူနိုင်တာတွေ၊ အငြင်းပွားနိုင်တာတွေ ရှိနိုင်တာကြောင့်ပါ။ ကိုယ်အားပေးတဲ့အသင်းကို အစွဲကြီးနဲ့ရေးတဲ့ပို့စ်ဖြစ်ကြောင်း ကြိုပြီးတော့ ၀န်ခံပါရစေ။

မန်ချက်စတာယူနိုက်တက် ( ၄ ဂိုး - ၃ ဂိုး ) မန်ချက်စတာစီးတီး
မန်ယူအသင်းမှ ဂိုးသွင်းသူများ - ရွန်းနေ (၁)ဂိုး၊ ဖလက်ချာ (၂)ဂိုး၊ အိုဝင် (၁)ဂိုး
မန်စီးတီးအသင်းမှ ဂိုးသွင်းသူများ - ဘယ်ရီ (၁)ဂိုး၊ ဘယ်လာမီ (၂)ဂိုး
ထိုပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆု - ဖလက်ချာ

မနေ့ည (တနင်္ဂနွေည)က ကန်သွားတဲ့ မန်ချက်စတာဒါဘီပွဲမှာ ကျွန်တော့်ရဲ့ အသည်းစွဲ မန်ချက်စတာယူနိုက်တက်အသင်းက မန်ချက်စတာစီးတီးအသင်းကို လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ထုံးစံအတိုင်း သို့လောသို့လော ပူညံပူညံနဲ့ ဝေဖန်သံတွေ၊ မေးခွန်းတွေ ဆူညံနေပေမယ့် မန်ယူနိုင်သွားတဲ့အတွက် ကျွန်တော်အတော်ကို ပျော်ပါတယ်။ ပိုပြီးပျော်စရာကောင်းတာက အနိုင်ဂိုးကို သာမန်ပွဲကစားချိန် မိနစ်ကိုးဆယ်အတွင်းမှာမဟုတ်ဘဲ နာကျင်အချိန်ပိုပေးထားတဲ့ ပြီးခါနီးအချိန်လေးမှာ သွင်းသွားတာကိုပါ။ ဟိုးအရင်ကာလတွေဆီက နောက်ဆုံးမိနစ်အထိ စောင့်ကြည့်ရတဲ့ မန်ယူအသင်းဟာ သုံးမိနစ်မန်ယူ (အချိန်ပိုသုံးမိနစ်မှာ ဂိုးသွင်းတတ်လွန်းလို့ပါ) ဆိုပြီး အင်မတန်ကျော်ကြားခဲ့တာပေါ့။ အခုလည်း နောက်ဆုံးစက္ကန့်အထိ နိုင်လိုစိတ်ပြင်းပြမှုနဲ့အတူ တိုက်ပွဲဝင်သွားတာ အင်မတန်မှကို ချီးကျူးစရာဖြစ်ပါတယ်။

ဒီဒါဘီပွဲမှာ မန်ယူအနေနဲ့ အနိုင်သုံးမှတ်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော်က ယုံကြည်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပထမပိုင်းမှာသာ မန်ယူအသင်းကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းတစ်ပိုင်းလုံးလောက်နီးနီးဟာ မန်ယူအသင်းရဲ့ ကစားကွက်အောက်မှာ စီးမြောခဲ့ရတာပါ။ မန်ချက်စတာစီးတီးအသင်းရဲ့ အဓိကအမှားက သရေတစ်မှတ်ကို မျှော်မှန်းခဲ့တာဖြစ်ပြီး မန်ယူအသင်းရဲ့ အဓိကတွန်းအားကတော့ အနိုင်သုံးမှတ်ကို ရအောင်ယူရမယ်ဆိုတဲ့ တိုက်ပွဲဝင်စိတ်ပဲ ဖြစ်ပါတယ်။

အဒီဘာရောမပါတဲ့ မန်စီးတီးဟာ ချည့်နဲ့တယ်လို့ အချို့ကပြောကြပါတယ်။ ကျွန်တော်ကတော့ မဆိုင်ဘူးလို့ ဆိုချင်ပါတယ်။ ဘောလုံးပွဲရလဒ်တွေဟာ တစ်ခါတစ်ရံမှာ အသင်းမှာ ဘယ်သူတွေပါတယ်၊ မပါဘူးဆိုတာနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ဘောလုံးသမားကောင်းတွေပါတဲ့အသင်းတိုင်းဟာ အနိုင်ရရမယ်ဆိုတဲ့ ဖော်မြူလာသာရှိရင် အသင်းငယ်လေးတွေအနေနဲ့ အသင်းကြီးတွေကို အနိုင်ရစရာ အကြောင်းမရှိပါဘူး။ ဘန်လေအသင်းဟာ မန်ယူအသင်းကို အနိုင်ရခဲ့တာ၊ ဂရိအသင်းဟာ ကမ္ဘာ့အကောင်းဆုံး ဥရောပအသင်းတွေကို ကျော်ဖြတ်ပြီး ဥရောပချန်ပီယံဖြစ်ခဲ့တာတွေဟာ သက်သေပါ။ ပြောကြမယ်ဆိုရင် ဒီနှစ်မန်ယူမှာ ရိုနယ်လ်ဒိုမပါပါဘူး။ တိဗက်ဇ်လည်း မန်စီးတီးမှာ ရောက်နေပါပြီ။ ပေါစခိုးလ်ကလည်း ပွဲပယ်ခံထားရပါတယ်။ ပထမဂိုးသမား ဗန်ဒါဆားကလည်း ဒဏ်ရာကြောင့် မကစားနိုင်ပါဘူး။ ပြောချင်တာကတော့ ဒါဘီပွဲတွေမှာ အသင်းရဲ့ လူအင်အားအခြေအနေဟာ သိပ်ပြီးစကားမပြောဘူးဆိုတာကိုပါပဲ။ ဒါဘီပြိုင်ပွဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလိုလိုကို ပြိုင်ဆိုင်မှုပြင်းထန်ပြီးသားဖြစ်ပါတယ်။ ပိုပြီးဆိုးတာက အခုပွဲဟာ အပြင်းထန်ဆုံး ဒါဘီပွဲစဉ်တွေထဲက တစ်ခုဖြစ်နေလို့ပါ။ တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စားနေတဲ့ ဒါဘီပါ။ မနှစ်ကတုန်းက မန်ယူကွင်းမှာပဲ မန်စီးတီးက အနိုင်ယူသွားတာကို မှတ်မိနေပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမား ရိုနယ်လ်ဒိုလည်း ပါတာပါပဲ။ တိဗက်ဇ်လည်း မန်ယူမှာရှိပါသေးတယ်။ မန်စီးတီးဟာလည်း အခုလို ငွေကိုရေလိုသုံးပြီး ပြင်ဆင်မှုတွေလုပ်ရသေးတာ မဟုတ်ပါဘူး။ ရှိတဲ့လူအင်အားနဲ့ ဒါဘီပွဲပီပီ ပြိုင်ဆိုင်မှု ပြင်းပြင်းနဲ့ အနိုင်ယူသွားတာပါ။ ဒါတွေကို ပြောနေရတာက အခြားမဟုတ်ပါဘူး။ မန်ယူရှုံးတုန်းက ကျွန်တော်တို့တွေ ဘာမှပြောခဲ့ကြတာမဟုတ်ပါ။ ဘယ်သူ့ကိုမှလည်း လက်ညှိုးမထိုးခဲ့ကြပါ။ အခုမန်ယူ နိုင်ကာမှ အဒီဘာရောမပါလို့၊ ရော်ဘင်ဟို နာနေလို့ စသည်ဖြင့် ပြောနေကြတာတွေကို ရပ်စေချင်တာပါ။

ပထမပိုင်းမှာ ပွဲဟာအကြိတ်အနယ်ရှိခဲ့ပါတယ်။ မန်ယူက အလယ်တန်းကို အားပြုကစားခဲ့ပြီး ရွန်းနေနဲ့ ဘာဘာတော့ဗ်ကို တိုက်စစ်မှာတင်ကစားခဲ့ပါတယ်။ မန်စီးတီးကတော့ ခံစစ်ကိုသေချာပြင်ဆင်ထားခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့သာ မန်ယူကို ခြိမ်းခြောက်မှုပြုလုပ်ခဲ့ပါတယ်။ ပထမပိုင်းကစားပုံအရ မန်စီးတီးရဲ့ နည်းဗျူဟာ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ လွတ်ထွက်သွားသမျှ မန်စီးတီးရဲ့ တန်ပြန်တိုက်စစ်ဆင်မှုတွေဟာ မန်ယူနောက်တန်းနဲ့ ဂိုးသမားအတွက် အလုပ်ရှုပ်စေခဲ့ပါတယ်။

ပွဲအစ သုံးမိနစ်မှာ ရွန်းနေက အီဗရာရဲ့ အံ့ဖွယ်ဖန်တီးပေးမှုကနေတစ်ဆင့် စကေးလ်ပြပြီး နောက်တန်းလူတွေကြားကနေ ဖောက်ထွက်ကာ အဖွင့်ဂိုးကို သွင်းယူပြပါတယ်။ လက်ပစ်ဘောပစ်တာကို အာရုံမစိုက်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းသားတွေရဲ့ ပေါ့လျော့မှုနဲ့ အတွေ့အကြုံပိုင်းမှာ သမ္ဘာရင့်တဲ့ မန်ယူကစားသမားတွေရဲ့ လာဘ်မြင်မှုကြောင့် ရခဲ့တဲ့ဂိုးဖြစ်ပါတယ်။ ဒါပေမယ့်လို့ မန်ယူပရိသတ်တွေ ပျော်လို့မှ မဆုံးသေးခင်မှာပဲ မန်ယူဂိုးသမား ဖော်စတာရဲ့ အူကြောင်ကြားလုပ်မှုကြောင့် တိဗက်ဇ် ဖန်တီးပေးမှုကနေတစ်ဆင့် ဘယ်ရီက ချေပဂိုးသွင်းသွားခဲ့ပါတယ်။ ဒီဂိုးဟာ မန်ယူဂိုးသမားဖော်စတာရဲ့ ညံ့ဖျင်းပေါ့လျော့မှုကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။ ကိုယ့်ဘက်က ကစားသမားက ပြန်ပေးတဲ့ဘောလုံးကို အပြင်ကို ကန်ထုတ်ပြီး လက်ပစ်ဘောဖြစ်စေ၊ ထောင့်ကန်ဘောဖြစ်စေ ပြုလုပ်လို့ ရတာကို ပေါ့ပေါ့ဆဆနဲ့ ဂိုးစည်းအတွင်းကိုယူပြီး ဖမ်းဖို့ကြိုးပမ်းခဲ့တဲ့အတွက် ပေးလိုက်ရတဲ့ဂိုးဖြစ်ပါတယ်။ နောက်တန်းကစားသမား ဗီဒစ်လည်း လျှောထိုးဖျက်ထုတ်သေးပေမယ့် ဘောလုံးအရှိန်ကို မီအောင်မဖျက်နိုင်လိုက်ပါဘူး။ အဲဒီဂိုးကို ပေးလိုက်ရတဲ့အတွက် ဖော်စတာဟာ ယုံကြည်မှုနဲ့ တည်ငြိမ်မှုပျက်ပြားသွားပြီး စိတ်လှုပ်ရှားမှုတွေ လွန်ကဲသွားခဲ့တယ်လို့ မြင်နေရပါတယ်။ အဲဒီလိုထင်တာဟာ မှန်ကန်ကြောင်း ဒုတိယပိုင်းမှာ ထပ်ပေးလိုက်ရတဲ့ ဂိုးတွေက သက်သေခံသွားခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေဖြစ်သွားခဲ့ပါတယ်။

ဖာဂူဆန်ဟာ ဘောလုံးပွဲကို ပထမပိုင်းကြည့်ပြီးတဲ့အခါတိုင်း ဒုတိယပိုင်းမှာ ဘယ်လိုကစားရမလဲဆိုတဲ့ ဗျူဟာကို ချမှတ်ရာမှာ အင်မတန်ကျွမ်းကျင်သူဆိုတာ ပွဲအများကြီးမှာ ကျွန်တော်တို့တွေ ကြည့်ခဲ့ရ၊ ကြုံခဲ့ရပြီးပါပြီ။ အခုလည်း သရေကျနေတဲ့ရလဒ်အတွက် ဖာဂူဆန်ဘာတွေလုပ်မလဲဆိုတာကို ကျွန်တော် အင်မတန်မှကို စိတ်ဝင်စားခဲ့ရပါတယ်။ ဖာဂူဆန်ဟာ သရေတစ်မှတ်အတွက်နဲ့ ကျေနပ်နေမယ့် လူစားမျိုးမဟုတ်ဘူးဆိုတာ သံသယဖြစ်စရာမရှိပါ။ အရှုံးဆိုရင် ပိုတောင်ဝေးပါသေးတယ်။ အဲဒီအတွက် အားလပ်ချိန် အ၀တ်လဲခန်းထဲမှာ သရဲနီတပ်သားတွေကို သူမှာကြားသမျှစကားလုံးတွေ၊ နည်းဗျူဟာတွေဟာ ဘယ်လိုအနိုင်ရအောင်လုပ်ရမယ်၊ ဘယ်လိုဂိုးရအောင် လုပ်ရမယ်ဆိုတာတွေပဲ ဖြစ်မယ်ဆိုတာ လွဲစရာမရှိပါ။ ဘယ်လောက်တောင် ဖာဂူဆန်မှာကြားလိုက်သလဲမသိပါဘူး။ ဒုတိယပိုင်းပြန်စဖို့အတွက် ကွင်းထဲကို အရင်ဆုံးပြန်ရောက်နေတဲ့ ကစားသမားတွေက မန်ယူအသင်းသားတွေပေါ့။ အားလုံးဟာ အနိုင်ရအောင် ဘယ်လိုကန်မယ်ဆိုတာကို သိနေပြီဆိုတဲ့ပုံစံနဲ့၊ ငါတို့တွေ နိုင်ကိုနိုင်မှာဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ ပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ဒိုင်လူကြီးစောင့်နေပုံဟာ အားပေးနေတဲ့ကျွန်တော်တို့အတွက် တကယ့်ကို ကြက်သီးမွေးညင်းထဖွယ်ပေါ့ဗျာ။ ငါတို့မန်ယူတော့ နိုင်ပြီကွဆိုပြီး ယုံကြည်လိုက်ပါတယ်။

ကျွန်တော်တို့ထင်တာ မလွဲပါဘူး။ ဒုတိယပိုင်းတစ်ပိုင်းလုံးမှာ မန်ယူအသင်းဟာ သူတို့စိတ်ကြိုက်ကစားကွက်နဲ့ မန်စီးတီးအသင်းကို ကြိုးကိုင်ကစားသွားခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာ၊ နည်းဗျူဟာအသာ၊ စိတ်ဓာတ်အသာနဲ့ ကစားခဲ့တဲ့အတွက် ပထမပိုင်းက သူတစ်ပြန်ကိုယ်တစ်လှည့်ဖြစ်နေတဲ့ ဘောလုံးပွဲဟာ လုံးလုံးလျားလျားကို ပြောင်းလဲသွားခဲ့ရပါတယ်။ မန်ယူရဲ့ တိုက်စစ်ကို မန်စီးတီးက တစ်သင်းလုံး ခံစစ်ကစားပြီး ဖျက်ထုတ်နေခဲ့ရပါတယ်။ အထူးသဖြင့် မန်ယူကွင်းလယ်က ဖလက်ချာ၊ ဂစ်နဲ့ အန်ဒါဆန်ဟာ ဒီနေ့ပွဲမှာ အကောင်းဆုံး ပုံဖော်ထုဆစ်နိုင်ခဲ့ကြပါတယ်။ တောင်ပံကစားသမားကြီးဂစ်ဟာ ဒီနေ့မှာ ငါမအိုသေးဘူးဆိုပြီး အားလုံးကို ကြော်ငြာသွားသလိုပါပဲ။ အံ့ဖွယ်အလိမ်အခေါက်တွေ၊ အတို့အဆိတ်တွေ၊ အပေးအပို့တွေနဲ့ မန်စီးတီးနောက်တန်းတွေကို ကောင်းကောင်းကြီး ဒုက္ခပေးသွားခဲ့ပါတယ်။ မန်ယူရဲ့ ဒုတိယဂိုးကို ဂစ်ရဲ့ ဖရီးကစ်ပေးပို့မှုကနေတစ်ဆင့် ဖလက်ချာက ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ပွဲမှာ မန်စီးတီးက ခြေစွမ်းပေါ်လွင်အောင်ကစားပြနေတဲ့ ဘယ်လာမီရဲ့ ၁၈ကိုက် ဂိုးဧရိယာထိပ်က ကန်ချက်ကို ဖော်စတာမဖမ်းနိုင်ခဲ့ပါဘူး။ ကန်မယ်ဆိုတာသိနေတဲ့ ဘောလုံးကို အသင့်အနေအထားနဲ့ စောင့်ဖမ်းဖို့ ပြင်ဆင်မထားတဲ့ ဖော်စတာရဲ့ ပေါ့လျော့မှုနဲ့ အာရုံစူးစိုက်မှုလျော့နည်းမှုကြောင့် ပေးလိုက်ရတဲ့ဂိုးလို့ ဆိုချင်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး ဘာဘာတော့ဗ်ရဲ့ ဂိုးကံခေမှုနဲ့ မန်စီးတီးဂိုးသမား ဂစ်ဗင်းတို့ရဲ့ လက်စွမ်းပြမှု(လက်ရူးထမှု)တွေကို ရှုစားခဲ့ရပါတယ်။ ဘာဘာတော့ဗ်ရဲ့ အပိုင်ခေါင်းတိုက်ချက်တွေဟာ ဂစ်ဗင်းရဲ့ လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ ရောက်ရောက်နေခဲ့တာကတော့ အံ့သြစရာ ကောင်းလွန်းလှပါတယ်။ ပြန်ထွက်လာတဲ့ဘောလုံးကို အမှတ်မထင် မြေမကျကန်သွင်းလိုက်တဲ့ ဂစ်ရဲ့ ဘောလုံးဟာလည်း ဂစ်ဗင်းရဲ့ တည့်တည့်ကိုရောက်ခဲ့ရပြန်ပါတယ်။

မန်ယူရဲ့ တတိယဂိုးကိုတော့ ခြေစွမ်းတွေပြနေတဲ့ ဖလက်ချာကပဲ ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ ဒါဟာ မန်ယူအတွက် အနိုင်ဂိုးပဲလို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။ မန်ယူကလည်း ပွဲကို ထိန်းကစားနေခဲ့ပါပြီ။ ဒါပေမယ့်လို့ ဖာဒီနန်ရဲ့ ပေါ့လျော့မှုနဲ့ တို့ကနန်းဆိတ်ကနန်းလုပ်မှုကြောင့် တန်ပြန်ရသွားတဲ့ဘောလုံးကို ဘယ်လာမီက သရေဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဘယ်လာမီရဲ့ ပြေးအားကို မီအောင်မလိုက်နိုင်တဲ့အပြင် ဂိုးဧရိယာအပြင်မှာကတည်းက ပြစ်ဒဏ်ဘောလုပ်ပြီး ဖျက်ထုတ်ပစ်ရမယ့်ဘောလုံးကို မမီမကမ်းလိုက်ပြေးနေခဲ့တဲ့ ဖာဒီနန်နဲ့ နောက်တန်းလိုက်နေတာမြင်ရဲ့သားနဲ့ မလိုအပ်ဘဲ ထွက်ပြီးဘောလုံးဆွဲတဲ့ (တစ်လုံးလွတ်တာနဲ့ တစ်ဂိုးပေးရတဲ့) ဖော်စတာတို့ဟာ အတော်ကို ဆိုးရွားတဲ့ ကစားသမားတွေပါပဲဗျာ။ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့အချိန်ပေါ့ဗျာ။ ပွဲချိန်ကိုကြည့်လိုက်တော့ မိနစ်ကိုးဆယ်ပြည့်လို့ အချိန်ပို တစ်မိနစ်ကျော်ကိုတောင် ရောက်နေပြီ။ သုံးဂိုးစီသရေဆိုတဲ့ ရလဒ်ကို ကျွန်တော်တို့ မန်ယူပရိသတ်တွေ လုံးဝမလိုချင်ဘူးဗျ။ မန်စီးတီးပရိသတ်တွေကတော့ ပျော်နေမှာပေါ့ဗျာ။ သူတို့အတွက် တစ်မှတ်ဆိုတဲ့ ရလဒ်နဲ့ ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်တွေရမှာကိုး။

ပွဲကိုဆက်ကြည့်ပါတယ်။ နာကျင်အချိန်ပို ဘယ်လောက်ပေးလိုက်တယ်ဆိုတာကို ကျွန်တော်တို့မသိခဲ့ပါ။ ဘာကြောင့်လဲဆိုတော့ မိနစ်ကိုးဆယ်ပြည့်လို့ နာကျင်အချိန်ပို ဘယ်လောက်ပေးတယ်ဆိုတာကို ဆိုင်းဘုတ်ထောင်တဲ့အချိန်ဟာ ဘယ်လာမီဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့အချိန်ဖြစ်တဲ့အတွက်ပါ။ ကင်မရာတွေ အားလုံးဟာ ဘယ်လာမီရဲ့ အောင်ပွဲခံမှုနဲ့ ဂိုးသွင်းမှုကို အနှေးပြကွက်နဲ့ ပြနေတဲ့အချိန်ဖြစ်တဲ့အတွက် နာကျင်အချိန်ပို ဘယ်လောက်ပေးလိုက်တယ်ဆိုတာကို ရိုက်မပြလိုက်နိုင်ကြပါဘူး။ စိတ်ထဲမှာတော့ မချင့်မရဲနဲ့ပေါ့ဗျာ။ သရေကျပြီနဲ့ တူပါတယ်ဆိုပြီးပေါ့။ ဒါပေမယ့် မန်ယူအသင်းဟာ ပွဲမပြီးမချင်း တိုက်ပွဲဝင်တတ်တဲ့အသင်းဆိုတာကို သိထားတော့ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေခဲ့မိပါတယ်။ အားပေးရကျိုး နပ်တယ်လို့ ဆိုပါတော့ဗျာ။ ငယ်မူပြန်ကစားသမားကြီးဂစ်ရဲ့ အကောင်းဆုံးပေးပို့မှုကနေ လူစားဝင်ပြီးကတည်းက တစ်ခါပဲ ဘောလုံးထိရတဲ့ မိုက်ကယ်အိုဝင်က သူဟာ လွှတ်ထားလို့ရတဲ့ ကစားမဟုတ်ကြောင်း၊ ခြေထောက်တစ်ချောင်းလွတ်တာနဲ့ ဂိုးသွင်းလို့ရကြောင်းကို သက်သေပြပြီး သူ့ရဲ့ ကိုယ်ပိုင်ဟန်ကန်ချက်အတိုင်း ကန်သွင်းပြီး မန်ယူပရိသတ်တွေကို အဆုံးစွန်ပျော်ရွှင်မှုတွေကို လက်ဆောင်ပေးခဲ့ပါတယ်။ ဖာဂူဆန်ဟာ အိုဝင်ကို ဘာကြောင့်ဝယ်ထားသလဲ ဆိုတဲ့အဖြေကို ဖြေပြီးသားလည်း ဖြစ်သွားပါတယ်။ ဘယ်အချိန်မှာ ဘယ်သူ့ကို လူစားလဲရမယ်ဆိုတာကို အကောင်းဆုံးသက်သေပြသွားတဲ့ ဖာဂူဆန်ရဲ့ လူစားလဲမှု အသီးအပွင့်တစ်ခု ဖြစ်ပါတယ်။

စစ်မှာ သဘောတရားတစ်ခုရှိပါတယ်။ အကောင်းဆုံးခံစစ်ဟာ တိုက်စစ်ဆင်မှုပါတဲ့။ ဒီနေ့မန်ယူပွဲကို ကြည့်ပြီးတဲ့အချိန်မှာ အဲဒီသဘောတရားကို ပိုပြီးမြင်သွားသလိုပါပဲ။ ခံစစ်ဘယ်လောက်ပဲကောင်းအောင်ပြင်ပြင် အခြေအနေဖန်တီးနိုင်ခွင့်အားလုံးဟာ တိုက်စစ်သမားရဲ့လက်မှာဆိုတာကို မန်စီးတီးနည်းပြ မက်ဟုခ်ျတစ်ယောက် အခုလောက်ဆိုရင် ကောင်းကောင်းကြီး သင်ခန်းစာရနေလောက်ပါပြီ။ နောက်ဆုံးတော့လည်းဗျာ မန်ယူဟာ မန်ယူပါပဲ။ တပည့်ဟောင်းနဲ့ ဆရာဟောင်းတွေ့ဆုံမှုမှာ ဆရာဟောင်းက အနိုင်ရတာလဲ မဆန်းလှပါဘူး။ နိုင်ပွဲတွေဆက်နေလို့ မာန်တက်နေတဲ့ မန်စီးတီးအသင်းနဲ့ သူ့ပရိသတ်တွေကို မန်ယူအသင်းက နည်းနည်းလေး ဆုံးမလိုက်တာပါ။ မန်ယူအသင်းဟာ အဲဒီလို စံချိန်တွေတင်နေတဲ့အသင်းတွေဆိုရင် စံချိန်တွေချိုးဖျက်ပြီး ဆုံးမတတ်တယ်ဆိုတာကို ဂရုမပြုဘဲ မေ့မေ့လျော့လျော့နဲ့ သရေတစ်မှတ်အတွက် အိုးထရက်ဖို့စ်ကွင်းကိုလာခဲ့တဲ့ မန်စီးတီးအသင်းကိုတော့ သနားမိတာအမှန်ပါပဲ။

ဂိုးတွေအများကြီးကြည့်လိုက်ရတယ်၊ ပွဲကလည်း ရသမြောက်ပါတယ်။ စိတ်လှုပ်ရှားမှုအဖုံဖုံနဲ့ တကယ့်ကို ရင်ဖိုလှိုက်ခုန် အားပေးခဲ့ရတဲ့ပွဲပါ။ တစ်ကမ္ဘာလုံးက ပရိသတ်တွေကလည်း အကြိုက်တွေ့ကြမှာ သေချာပါတယ်။ ဘာကြောင့် ပရီးမီးယားလိဂ်ကို လူကြိုက်များရသလဲဆိုတာကိုလည်း မီးမောင်းထိုးပြသွားခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့အတွက် ပွဲဟာတကယ့်ကို အသည်းပေါက်မတတ် ကစားသွားခဲ့ရတာပါ။

နောက်ဆုံးတော့ဗျာ…..
အကောင်းဆုံးအသင်းက အနိုင်ရသွားတာပါ….
အနိုင်ရသွားတာဟာ မန်ချက်စတာယူနိုက်တက်အသင်းပါ…..
မန်ချက်စတာယူနိုက်တက်အသင်းဟာ အကောင်းဆုံးအသင်းဆိုတာ သံသယမရှိပါနဲ့……
မန်ချက်စတာယူနိုက်တက်အသင်း အောင်မြင်မှုများစွာဖြင့် ဆက်လက်အောင်မြင်နိုင်ပါစေဟု…..

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်၊ တနင်္လာနေ့။
နံနက် ၁ နာရီ ၂၉ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics