ပြည်သူကရွေးခွင့်
ရွေးကောက်ပွဲဆိုင်ရာနိုင်ငံရေးတွင် မျက်နှာစာနှစ်မျိုးရှိသည်။ ပထမမျက်နှာစာသည် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ခွင့် ရရှိခြင်းဖြစ်သည်။ ဒုတိယမျက်နှာစာသည် အများပြည်သူတို့က မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ခွင့်ရရှိခြင်း ဖြစ်သည်။ ဒုတိယမျက်နှာစာကို Public Choice ဟု ခေါ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲကိစ္စတွင် နိုင်ငံရေးပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အကြောင်းထက် ပြည်သူလူထုက ရွေးချယ်ခွင့်ရရှိသည့်အကြောင်းက ပို၍ တန်ဖိုးရှိသည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်တို့က သုံးသပ်ကြသည်။
ပြည်သူလူထုက ရွေးချယ်ခွင့်ရခြင်း Public Choice ကို နိုင်ငံရေးပါတီတို့က လေးစားရမည်။ မိမိတို့ ရွေးကောက်ခံခွင့်ရခြင်းထက် ပြည်သူလူထု ရွေးချယ်ခွင့်ရခြင်းကို ပို၍လေးစားရမည်။ ထို့ကြောင့် နိုင်ငံရေးကို ဝေဖန်သုံးသပ်ရာ၌ အထူးသဖြင့် ရွေးကောက်ပွဲကိစ္စ၌ ပြည်သူလူထုက ရွေးချယ်ခွင့်ရခြင်းကို ဗဟိုမဏ္ဍိုင်ထား၍ စဉ်းစားအပ်သည်။ ပြည်သူလူထုရွေးချယ်ခွင့်သည် အခြေခံဖြစ်ရမည်။ ပြည်သူလူထုက ရွေးချယ်ခွင့် ကျယ်ကျယ်ပြန့်ပြန့်ရရှိသည်။ သို့သော် တစ်ဖက်၌ နိုင်ငံရေးပါတီတို့ လှုပ်ရှားခွင့် ကျဉ်းမြောင်းနေတတ်သည်။
ရှေးရိုးအမြင်
ဤ၀ိရောဓိသည် ကြိုးကိုင်ဒီမိုကရေစီ၌ ပို၍ ပေါ်လွင်စရာအကြောင်းရှိသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးပါတီတို့သည်လည်းကောင်း၊ လူထုအမြင်သဘောထားကို ပုံလောင်းသော မီဒီယာတို့သည်လည်းကောင်း၊ စပွန်စာလုပ် ကြိုးကိုင်သူတို့သည်လည်းကောင်း ပြည်သူလူထု၏ ရွေးချယ်ခွင့်ကို တိုးတက်ကောင်းမွန်စေရန် တာဝန်ရှိသည်။ ထုံးစံရှေးရိုးအမြင် Conventional Wisdom ဖြင့် မြန်မာ့နိုင်ငံရေးကို နားလည်လို့ မရပြီ။
ဗီဇခေတ်ကုန်
မြန်မာ့နိုင်ငံရေးသည် ပါတီနိုင်ငံရေးဖြစ်နေ၍ ပါတီခေါင်းဆောင်တို့၏ ခေါင်းဆောင်မှုစတိုင်လ်ကလည်း အရေးပါ အရာရောက်နေသည်။ ပါတီခေါင်းဆောင်တို့သည် မိမိပါတီကို မစတေးရ။ မိမိကေဒါတို့ကို မဖြုန်းတီးရ။ မိမိ၏ ၀င့်ဝါမှုအတွက် ပါတီကို အသုံးမပြုရဟူသော စာဖြင့် ရေးမထားသည့်မူ ရှိသည်။ ဤအချက်သည် ခေါင်းဆောင်မှုပညာလည်း ဖြစ်သည်။ အဆုံးအဖြတ်ပေးမည့်အချိန် Decisive Moment ကို လိမ္မာပါးနပ်စွာ စောင့်ဆိုင်းနေအပ်သည်။ ထို့အပြင် အသံကြောင့် ဖားသေခြင်းမျိုးလည်း ရှောင်အပ်သည်။ တစ်နေ့နေ့ ရွေးကောက်ပွဲဝင်ရန် မလွှဲမရှောင်သာ ဖြစ်လာသောအခါ၌ မိမိစကားကျွံထားသည့်အတွက် ချောင်ပိတ်မိနေနိုင်သည်။
ယခုအခါ နိုင်ငံရေးနည်းလမ်းတစ်ခုကို ငြင်းဆိုလျှင် မိမိ၌ လောက်လောက်လားလားရှိသော အခြားရွေးချယ်စရာ နည်းလမ်း (Alternative) အစားထိုးပြနိုင်ရမည်။ ယခုနိုင်ငံရေးလောက၌ What you deliver သင်က ဘာပေးသလဲဆိုသော မေးခွန်း ရေးပန်းစားနေသည်။ ကိုယ်ကပေးသောအရာသည် လေမဖြစ်ဖို့ အရေးကြီးသည်။ နိုင်ငံရေးပါတီတစ်ခုသည် ရွေးကောက်ပွဲမ၀င်လျှင် မိမိ၏ ကံကြမ္မာ ဘာဖြစ်သွားမည်နည်း။ လမ်းဘေးရောက်သွားရုံပဲ ဖြစ်မည်။ ပါတီခေါင်းဆောင်တို့သည် မိမိပါတီကို လမ်းဘေးရောက်အောင် တွန်းထည့်လေ့မရှိကြပါ။
ပါတီခေါင်းဆောင်တို့သည် စိတ္တဇဖြင့်လည်းကောင်း၊ ဗီဇ Instinct ဖြင့်လည်းကောင်း ခေါင်းဆောင်သောခေတ်သည် ကုန်ပြီဟု ယူဆမိသည်။
မောင်စူးစမ်း (၁၀-၉-၂၀၀၉)
No comments:
Post a Comment