Monday, September 21, 2009

အပြောင်းအလဲကို တကယ်လိုလားရဲ့လား - ကိုဉာဏ် (ပန်းလောင်မြေ)


သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့သတင်းကြောင့် ဒီပို့စ်ကို ရေးဖြစ်တာပါ။ ဖတ်ပြီးပြီးချင်း ရေးချင်ပေမယ့် အချိန်အခက်အခဲကြောင့် စိတ်ထဲမှာပဲတေးပြီး အခုမှ ပို့စ်ရေးဖြစ်တာပါ။ ရန်ကုန်က နေရာခုနစ်ခုမှာ ဗုံးကွဲမှုတွေ ဖြစ်တယ်ဆိုတဲ့သတင်းပါ။ အသေအပျောက်မရှိဘူးဆိုတာ သိရတဲ့အတွက် တော်သေးတာပေါ့လို့ တွေးမိပါတယ်။ ဒါပေမယ့် ဗုံးပေါက်ကွဲတယ်ဆိုကတည်းက အပေါင်းလက္ခဏာတော့ မဟုတ်ပါဘူး။ အဲဒါကိုပဲ လေလှိုင်းတွေကနေ ပျော်ပျော်ကြီးကို ပေါက်ကရ အော်နေတဲ့လူတွေကတော့ အတော်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ လက်ရှိအစိုးရကပဲ ဒီဖောက်ခွဲမှုတွေကို လုပ်နေသယောင်ယောင် ပြောနေကြ၊ ဆွေးနွေးနေကြတာတွေဟာ အတော်လေးကို စိတ်ညစ်စရာ၊ သဘောမတူစရာ ကောင်းလှပါတယ်။ သတင်းဖြစ်ပြီးရော ထုတ်လွှင့်နေကြတာ၊ ဗုံးပေါက်ကွဲမှုမှာ လူမသေတာကိုပဲ သူတို့က စိတ်ပျက်နေကြတဲ့ပုံစံနဲ့ ပြောနေကြတာတွေကို နားထောင်ပြီး သူတို့တွေ မြန်မာလိုပြောနေလို့သာ မြန်မာတွေတော့ဟုတ်ပါတယ်လို့ မှတ်ယူရပါတယ်။ ဒါပေမယ့် ကိုယ့်မြန်မာတွေကို ဘာကြောင့်များ သေစေချင်ရသလဲလို့ စဉ်းစားနေမိပါတယ်။ နာဂစ်တုန်းကလည်းတစ်ခါ အဲဒီလိုမျိုးပြောဆို ထုတ်လွှင့်မှုတွေကို ကြုံခဲ့ကြားခဲ့ နားထောင်ခဲ့ရဖူးပါတယ်။

ထားပါတော့လေ။ ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ အခုလို ဖောက်ခွဲမှုလုပ်တာတွေကို လုံးဝကို ဆန့်ကျင်ပါတယ်။ ရှုံ့ချပါတယ်။ ဘယ်အဖွဲ့အစည်းကလုပ်တာပဲဖြစ်ဖြစ်၊ ဘယ်သူက လုပ်တာပဲဖြစ်ဖြစ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာပဲဖြစ်ဖြစ်၊ ဘယ်သူ့ကို ရည်ရွယ်တာပဲဖြစ်ဖြစ်ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိအစိုးရကို မကျေနပ်လို့ ဒီဖောက်ခွဲမှုတွေကို လုပ်တာလို့ပြောကြပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအစိုးရကို မကျေနပ်တာနဲ့ပဲ၊ လက်ရှိအစိုးရကို သိက္ခာချချင်တာနဲ့ပဲ အပြစ်မရှိတဲ့ ပြည်သူတွေကို စတေးတယ်ဆိုတာကတော့ ဘယ်လောက်အောက်တန်းကျပြီး ယုတ်မာလူမဆန်တဲ့ လုပ်ရပ်လည်းဆိုတာကို စဉ်းစားကြစေချင်ပါတယ်။
လက်ရှိအစိုးရကလည်း ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲတွေလုပ်ပေးမယ်ဆိုတာကို တရားဝင်ကမ္ဘာသိ ကြေညာထားပြီးဖြစ်ပါတယ်။ အရပ်သားအစိုးရကို လွှဲပေးမယ်ဆိုတာလည်း တရားဝင်ပြောကြားထားပြီး ဖြစ်ပါတယ်။ တကယ်လည်း လက်ရှိမှာ အရပ်သားအစိုးရကို လွှဲပြောင်းပေးနိုင်ဖို့အတွက် အစစအရာရာ ပြင်ဆင်နေတယ်ဆိုတာကို သတိထားမိသူတိုင်း သိနေတဲ့ကိစ္စပါ။

အဲဒီလိုအခြေအနေမှာ ဘာကြောင့်များ ဖောက်ခွဲမှုတွေလုပ်ပြီး တည်ငြိမ်မှုပျက်ပြားအောင် လုပ်ချင်ကြတာလဲ၊ ဟိုနေရာမှာ လူစုစု ဒီနေရာမှာ လူစုစုနဲ့ ဟိုလှုပ်ရှားမှုလုပ်လိုက်၊ ဒီလှုပ်ရှားမှုလုပ်လိုက်နဲ့ ဘာကြောင့်များ လက်ရှိအစိုးရကို အလုပ်များအောင် အချိန်တွေဖြုန်းနေကြသလဲဆိုတာကို စဉ်းစားလို့မရပါ။ အခုပဲ ၂၀၀၉ ခုနှစ် စက်တင်ဘာလကုန်ပိုင်းကို ရောက်နေပါပြီ။ ၂၀၁၀ ဆိုတာက ဘာမှဝေးတော့တဲ့ ကာလမဟုတ်ပါ။ ရွေးကောက်ပွဲဆိုတာကို နဖူးတွေ့ဒူးတွေ့ ကြုံရတော့မှာပါ။ အဲဒီအတွက် ကြိုတင်ပြင်ဆင်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာတာတွေမလုပ်ဘဲ ဘာကြောင့်များ တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင်၊ ပြည်သူလူထုကို ကျီးလန့်ဆန်စားဖြစ်အောင်၊ သွေးထွက်သံယိုဖြစ်အောင် လုပ်နေကြသလဲဆိုတာကို စဉ်းစားလို့မရပါ။ တော်တော်လေးကို လမ်းလွဲနေကြသလားလို့ပါ။

လက်ရှိတပ်မတော်အစိုးရကတော သူလျှောက်နေတဲ့ လမ်းကြောင်းကို တရားဝင်ပြောကြားထားပါတယ်။ ကမ္ဘာသိကြေညာထားတာပါ။ Road Map အရ သူသွားမယ့်လမ်းကြောင်းအတိုင်း ဆက်ပြီး သွားနေပါတယ်။ အတော်လေးလည်း ခရီးရောက်နေတာ အားလုံးအသိပါ။ ဘေးကနေပြီး ဒီအတိုင်းထိုင်ကြည့်နေရင်တောင် အပြောင်းအလဲဆိုတာကို မလွဲမသွေ ကျွန်တော်တို့ ကြုံကြရမှာပါ။ ကိုယ်တိုင်ပါဝင်ကစားချင်တဲ့ နိုင်ငံရေးသမားတွေအတွက်ဆိုရင် တကယ့်ကို ကြိုတင်စိတ်ကူးယဉ်၊ ကြိုတင်ပြင်ဆင်လို့ အကောင်းဆုံးအချိန်ပေါ့ဗျာ။ ဒါပေမယ့် အဲဒီလိုတွေ သူ့အဆင့်လိုက်သူ ဖြစ်လာဖို့ဆိုတာဟာ တည်ငြိမ်အေးချမ်းမှု လိုအပ်ပါတယ်။ တည်ငြိမ်မှုမရှိဘဲ ဆူပူမှုတွေဖြစ်နေတဲ့ ဘယ်နိုင်ငံကိုမှ နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် လုပ်လို့မရဘူးဆိုတာကို အမေရိကန်တွေကိုယ်တိုင် ဦးဆောင်ပြီး လုပ်ချင်ရာလုပ်နေတဲ့ အီရတ်တို့၊ အာဖဂန်တို့ကို ကြည့်ပြီး သိနိုင်ပါတယ်။

အဲဒီအတွက် လက်ရှိအစိုးရအပြောင်းအလဲကို လိုလားတဲ့သူတွေကို ပြောချင်တာကတော့ လက်ရှိတပ်မတော်အစိုးရက အပြောင်းအလဲကို ဖန်တီးပေးမယ်ဆိုတာကို တရားဝင်ကမ္ဘာသိပြောထားပါတယ်။ တကယ်လည်း အပြောင်းအလဲတွေဖြစ်အောင် ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အားလုံးရဲ့ လိုလားချက်ဟာ အပြောင်းအလဲဖြစ်တဲ့အတွက် ရည်မှန်းချက်တူနေတာပါပဲ။ ရည်မှန်းချက်လမ်းကြောင်းတူနေတဲ့ လူချင်းတွေပဲ၊ ဘာဖြစ်လို့ တစ်ဦးနဲ့တစ်ဦး တွန်းထိုးနေမလဲ၊ တစ်ဦးနဲ့တစ်ဦး အပြစ်တွေပြောနေကြမလဲ။ သွားမယ့်လမ်းကြောင်းပေါ်မှာ တစ်ဦးကိုတစ်ဦးက ဖေးမကူညီရင်း၊ ဆွေးနွေးတိုင်ပင်ရင်း၊ ကြုံလာသမျှအခက်အခဲတွေကို လက်တွဲဖြေရှင်းရင်း ရှေ့ဆက်သွားကြရင် ပိုပြီးမြန်မြန်ရောက်နိုင်မယ်၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ စိတ်ချမ်းသာစွာ ရောက်နိုင်မယ်လို့ မြင်မိပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ အပေါ်မှာရေးခဲ့သလို ဆူပူမှုတွေဖြစ်အောင် ဖန်တီးနေမယ်၊ ဖောက်ခွဲမှုတွေလုပ်နေမယ်၊ မဖြစ်နိုင်တာတွေကိုပဲ အတင်းအကြပ်တောင်းဆိုနေမယ်၊ လက်ရှိအစိုးရဘာပဲလုပ်လုပ် ဘေးကထိုင်ပြီး မကောင်းပြောနေမယ်ဆိုရင်တော့ ကျွန်တော်က တစ်ခုပဲ မေးလိုက်ချင်ပါတယ်။
နိုင်ငံရေး အပြောင်းအလဲကို တကယ်လိုလားတာ ဟုတ်ရဲ့လားလို့ပါ….

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၁၂ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics