ကောက်နုတ်ဘာသာပြန်ဆိုသူ - ရဲမင်းဦး
ကျွန်တော် လွန်ခဲ့တဲ့ရှစ်နှစ်က မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့ အလည်အပတ်လာခဲ့ဖူးပါတယ်။ အဲဒီတုန်းက မြို့တော်ဖြစ်တဲ့ ရန်ကုန်နဲ့ အနီးတ၀ိုက်ဒေသတွေကို ကျွန်တော်လွတ်လွတ်လပ်လပ် လည်ပတ်လေ့လာခွင့်ရခဲ့တယ်။ ပြင်ပကမ္ဘာက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေမှုတွေကို ပုံစံတစ်မျိုးနဲ့ ပုံဖော်ရှုမြင်ထားပေမယ့် မြန်မာနိုင်ငံဟာ အသက်ရှူမှားလောက်အောင်ကို လှပတဲ့ နိုင်ငံတစ်ခုဆိုတာ ကျွန်တော်တွေ့ခဲ့ရတယ်။ အဲဒီတုန်းက ကျွန်တော်က အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ဧည့်သည်အနေနဲ့ မြန်မာနိုင်ငံကို ရောက်သွားတာပါ။ ကျွန်တော့်မိတ်ဆွေနဲ့ တခြားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှု ပြစ်ဒဏ်ခတ်မှုတွေကြောင့် သူတို့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ အခွင့်မသာဖြစ်နေတဲ့အပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြတာကို ကျွန်တော် နားလည်သဘောပေါက်ခဲ့တယ်။
ဒီနှစ် သြဂုတ်လထဲမှာတော့ ကျွန်တော်ဟာ ၁၀ နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို အလည်အပတ်ရောက်သွားတဲ့ ပထမဆုံး အမေရိကန် နိုင်ငံရေးခေါင်းဆောင်ဖြစ်သွားခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပထမဆုံးထိပ်တိုက်တွေ့ဆုံခွင့်ရတဲ့ အမေရိကန်နိုင်ငံရေးသမားလည်း ဖြစ်သွားတယ်။ ကျွန်တော်ဗိုလ်ချုပ်မှူးကြီးကို နေပြည်တော်မှာ လိုက်တွေ့ခွင့်ရခဲ့တာပါ။ နေပြည်တော်ကနေ ရန်ကုန်ကိုပြန်ရောက်တော့ နေအိမ်ပြန်ရောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြိး တခြားသူတွေ တောင်းဆိုသလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ဆောင်ရွက်ခွင့်ပေးဖို့ ကျွန်တော်ဗိုလ်ချုပ်မှူးကြီးကို တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ တပ်မတော်လေယာဉ်တစ်စင်းနဲ့ ကျွန်တော် ဂျွန်ယက်တောကို ခေါ်ပြီး ပြန်ထွက်လာခဲ့တယ်။ ဂျွန်ယက်တောဟာ မြန်မာနိုင်ငံ တည်ဆဲဥပဒေတွေအရ အလုပ်နဲ့ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်။ သူ့ကို ပြန်လွှတ်ပေးပါလို့ ဗိုလ်ချုပ်မှူးကြီးကို ကျွန်တော် တောင်းဆိုပန်ကြားခဲ့တာပါ။ မြန်မာပြည်သူတွေဟာ ပြင်ပကမ္ဘာက ကူညီပံ့ပိုးမှုတွေရဖို့ လိုအပ်နေတာ ကျွန်တော် ထပ်တွေ့ခဲ့ရတယ်။ မြန်မာပြည်သူတွေဟာ ဆယ်စုနှစ်များစွာကြာမြင့်တဲ့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုဒဏ်တွေကို ခံစားခဲ့ရတယ်။ သူတို့ရဲ့ဘ၀တွေဟာ အဘက်ဘက်က မလိုက်လျောနိုင်မှုတွေကြောင့် ထိခိုက်ခဲ့ရတယ်။
မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးပိတ်ဆို့မှု ပြစ်ဒဏ်ချမှတ်ရေးမူဝါဒကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂက ကျင့်သုံးလာတာ ၁၀ နှစ်ကျော် ရှိသွားပါပြီ။ ဒီပိတ်ဆို့မှုတွေဟာ စစ်အစိုးရကို မအောင်မြင်မှုတွေ ကြုံတွေ့စေမယ်လို့ ယူဆခဲ့ကြတယ်။ နိုင်ငံရေးတက်ကြွမှု လှုပ်ရှားမှုတွေဟာ ဒီပိတ်ဆို့ရေးမူဝါဒတွေကြောင့် ပိုပြီးရုပ်လုံးပေါ်လာမယ်လို့ ထင်ခဲ့ကြပေမယ့် လိုချင်တဲ့ရလဒ် ရမလာခဲ့ပါဘူး။ လက်ရှိ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပိုပြီးသီးခြားဆန်သွားသလို ပိုပြီးသတိထားစည်းခြားလာတာ တွေ့ရတယ်။ မြန်မာပြည်သူတွေဟာ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံခွင့် ဆုံးရှုံးခဲ့ရတယ်။
အနောက်အုပ်စုအစိုးရတွေက ချမှတ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေမှာ ၀င်မပါတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ အထူးသဖြင့် ရုရှားနဲ့ တရုတ်။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှု ပိုမြင့်မားလာအောင် အနောက်အုပ်စုက အခွင့်အရေးပေးလိုက်တာပါပဲ။ ဒေသတွင်းမှာ အန္တရာယ်ရှိတဲ့ မဟာဗျူဟာမျှခြေမညီမှု ထပ်ဖြစ်လာစေခဲ့တယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုတွေ တိုးမြှင့်ပြုလုပ်တာဟာ မှားနေသလား။ ဒီမိုကရက်တစ်အစိုးရအဖွဲ့ အုပ်ချုပ်မှုစနစ်တစ်ခု ပေါ်လာဖို့အတွက် ကျွန်တော်တို့ ကာလရှည်ရပ်တည်နေမှု အနေအထားက စစ်အစိုးရကို အရှုံးပေးစေနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဟုတ်ပါသလား။ ကျွန်တော်တို့ရဲ့ ရပ်တည်မှုဟာ ဘယ်သူတွေကို အဆိုးကြုံစေသလဲ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဟန်ဆောင်ရပ်တည်နေတာထက် မြန်မာနိုင်ငံမှာရှိနေတဲ့ ပြဿနာတွေ ပြေလည်သွားအောင် ၀ိုင်းဝန်းဖြေရှင်းပေးနေတာက ပိုကောင်းနိုင်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ ဘာတွေလုပ်နိုင်သလဲ။ ဘာတွေလုပ်သင့်သလဲ။
ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်ခြေရှိတာကိုပဲ ဇောင်းပေးရလိမ့်မယ်။ မြန်မာစစ်အစိုးရအနေနဲ့ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့အတွက် နိုင်ငံရေးလမ်းပြမြေပုံခုနစ်ချက်ကို အကောင်အထည်ဖော်ခဲ့တယ်။ ၂၀၀၈ ခုနှစ်က အခြေခံဥပဒေသစ်တစ်ခု ရေးဆွဲပြဋ္ဌာန်းခဲ့တယ်။ အဲဒီ အခြေခံဥပဒေက မြန်မာတပ်မတော်ကို အနာဂတ်မြန်မာနိုင်ငံ အုပ်ချုပ်ရေးယန္တရားမှာ ဆက်လက်ပါဝင်နေဖို့ ခွင့်ပြုထားတယ်။
တရုတ်အပါအ၀င် အာရှနိုင်ငံအများစုမှာလိုပဲ မြန်မာနိုင်ငံမှာ မူဝါဒရေးရာ ဆန့်ကျင်ဘက် နိုင်ငံရေးပါတီတွေနဲ့ အစိုးရ တွေ့ဆုံဆွေးနွေးမှု မရှိသေးဘူး။ အတိုက်အခံပါတီတွေ တွေ့ဆုံဆွေးနွေးမှု မလုပ်နိုင်သေးဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရဲ့ ရေရှည်နိုင်ငံရေး မဟာဗျူဟာအစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပူးပေါင်းဆောင်ရွက်ပြီး ရလဒ်ကောင်းတွေ ရယူဖို့ စဉ်းစားသင့်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ ၀ိုင်းဝန်းပံ့ပိုးပေးမယ့် အစီအစဉ်တစ်ရပ် ကမ်းလှမ်းဖော်ဆောင်နိုင်ရေး ဆွေးနွေးသင့်ပါတယ်။ အပြုသဘောကမ်းလှမ်းမှုပြုလိုက်ရင် မြန်မာအစိုးရဘက်က အဖြေတစ်ခုခု ပေးလာမှာပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီမိုကရက်တစ်နိုင်ငံတွေ ဖြစ်မလာသေးတဲ့ တိုင်းပြည်တွေနဲ့ ဆက်ဆံရာမှာ ဖွံ့ဖြိုးတိုးတက်ရေး စံနှုန်းတွေ ချမှတ်ကျင့်သုံးဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိမြန်မာခေါင်းဆောင်တွေနဲ့ စကားပြောကို ပြောရပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းဟာ မြန်မာလူ့အဖွဲ့အစည်းအပေါ် လွတ်လပ်မှု၊ တိုးတက်မှုတွေ ဖြစ်စေချင်တဲ့ ကျွန်တော်တို့ရဲ့ ဆန္ဒသဘောထားတွေကို စွန့်လွှတ်ရမယ်လို့ ဆိုလာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာတွေဟာ လှုပ်ရှားမှုပုံစံတစ်မျိုးနဲ့ အကောင်အထည် ပေါ်လာပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုဟာ ၁၉၇၁ ခုနှစ်အထိ တရုတ်အစိုးရနဲ့ ဆက်ဆံဖို့ ငြင်းပယ်ခဲ့တယ်။ ၁၉၇၉ ခုနှစ်အထိ ကျွန်တော်တို့နဲ့တရုတ် သံတမန်ဆက်ဆံရေး ပြန်မထူထောင်ရသေးဘူး။ တရုတ်မှာ ဒီမိုကရေစီကျင့်သုံးမှု မရှိဘူး။ ပြည်လုံးကျွတ်ရွေးကောက်ပွဲဆိုတာလည်း ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာ တရုတ်ကို စီးပွားရေးပါတနာအဖြစ်နဲ့ရော၊ မဟာဗျူဟာပြိုင်ဘက်အဖြစ်နဲ့ပါ ကျွန်တော်တို့ ဆက်ဆံနေကြရတယ်။
ဗီယက်နမ်မှာ ၁၉၇၃ ခုနှစ်က နိုင်ငံတကာက ပံ့ပိုးကြီးကြပ်ပေးတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဟနွိုင်းအစိုးရ သဘောတူခဲ့တယ်။ ဒါဟာ ပါရီငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ရလဒ်တစ်ခုဖြစ်တယ်။ ဒါပေမယ့် ၀ါရှင်တန်အနေနဲ့ ဗီယက်နမ်နဲ့ ဆက်ဆံရေးမတိုးမြှင့်ခဲ့ဘူး။ ဟနွိုင်းအစိုးရနဲ့ အမေရိကန်က ထောက်ခံနေတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး ဗီယက်နမ်လူ့အဖွဲ့အစည်းကြားထဲမှာ ငြိမ်းချမ်းရေးတံတားတစ်ခု တည်ဆောက်ပေးနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော်ယုံကြည်တာကတော့ ဗီယက်နမ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာတာဟာ ၁၉၉၄ ခုနှစ်က အမေရိကန်က ချမှတ်ထားတဲ့ ကုန်သွယ်ရေးတားမြစ်ပိတ်ဆို့မှုတွေ ပြန်ဖယ်ရှားလိုက်တာကြောင့် ဖြစ်တယ်ဆိုတာပါပဲ။
နောက်ဆုံးတင်ပြချင်တာကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို လျှော့ချပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ ကျွန်တော်တို့အနေနဲ့ သတိထားဖို့ လိုပါတယ်။ ဒါပေမယ့် ဒါဟာ ချက်ချင်းလုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ သူတို့ကို အခက်အခဲမျိုးစုံကြုံတွေ့အောင် ကျွန်တော်တို့က လုပ်မထားဘူးဆိုရင် ကျွန်တော်တို့အပေါ် အခုဆန့်ကျင်နေသလိုမျိုးတွေ လုပ်တော့မယ် မထင်ပါဘူး။ အမေရိကန်-မြန်မာ အစိုးရနှစ်ခု ပူးပေါင်းဆောင်ရွက်ရေး ရှေ့ဆက်နိုင်မယ့် လမ်းတွေအများကြီး ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူသားချင်းစာနာပံ့ပိုးရေး စီမံချက်တွေ စတင်နိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားသင့်ပါပြီ။
ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်က မြန်မာနိုင်ငံကို ကမ္ဘာ့လူ့အဖွဲ့အစည်းထဲမှာ တာဝန်ယူနိုင်မှုရှိတဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်လာနိုင်အောင် ပံ့ပိုးတွန်းအားပေးဖို့ပဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေကို လွတ်လပ်တဲ့ နိုင်ငံရေးစနစ်တစ်ခုအောက်မှာ စီးပွားရေးအခြေအနေ ကောင်းမှုတွေနဲ့အတူ နေထိုင်စေနိုင်ဖို့ ကြိုးပမ်းသွားကြပါစို့။
Tuesday, September 08, 2009
မြန်မာနိုင်ငံကို ကျွန်တော်တို့ ဘေးဖယ်ထားလို့မရဘူး - ဆီနိတ်တာဂျင်မ်ဝက်ဘ်
The Voice Weekly Journal အတွဲ ၅၊ အမှတ် ၄၄ မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Posted by Ko Nyan Posted Time 10:46 PM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment