Tuesday, September 08, 2009

ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးသဒ္ဒါ၊ ကြည့်နည်းငါးမျိုး - မောင်စူးစမ်း


ဒုံရင်းမလှည့်
လာမည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး၌ စစ်တပ်ပါဝင်ပတ်သက်မှုရှိသော ဒီမိုကရေစီပုံသဏ္ဌာန်တစ်မျိုး ပေါ်တော့မည်။ ဤဒီမိုကရေစီသည် လစ်ဘရယ်ဒီမိုကရေစီမဟုတ်။ ကြိုးကိုင်ခံဒီမိုကရေစီဖြစ်သည်။ လစ်ဘရယ်ဒီမိုကရေစီသည် တစ်ခေတ်ဆန်း အထွတ်အထိပ်ရောက်ခဲ့သော်လည်း ယခုပြန်မှိန်သွားသည်။ ကြိုးကိုင်ဒီမိုကရေစီနှင့် လစ်ဘရယ်ဒီမိုကရေစီတို့သည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်တွေမဟုတ်ကြပေ။

မြန်မာနိုင်ငံရေးသမိုင်းသည် ထူးခြားသည်။ လွတ်လပ်ရေးရပြီးပြီးချင်း၌ ဈေးကွက်စီးပွားရေးနှင့် လစ်ဘရယ်ဒီမိုကရေစီ ပူးတွဲပေါ်သည်။ ၁၉၆၂ ခုနှစ်၌ ဈေးကွက်စီးပွားရေးလည်း ပျောက်သွားသည်။ လစ်ဘရယ်ဒီမိုကရေစီလည်း ပျောက်သွားသည်။ ဗဟိုချုပ်ကိုင်မှုစီးပွားရေးစနစ် နှင့် တစ်ပါတီအာဏာရှင်စနစ် ပေါ်သည်။ ၁၉၈၈ အရေးအခင်းအပြီး၌ စစ်အာဏာရှင်စနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် တွဲပေါ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဈေးကွက်စီးပွားရေးနှင့် ကြိုးကိုင်ဒီမိုကရေစီ တွဲပေါ်မည်။ ဖြစ်ထွန်းပုံသည် ဒုံရင်းသို့ ပြန်ရောက်ခြင်းမျိုး မဟုတ်ပေ။ Back to Square one မဟုတ်ပေ။ ဒီမိုကရေစီ ပုံသဏ္ဌာန်ပြောင်းသွားသည်။

နိုင်ငံရေးသဒ္ဒါ
မည်သို့ပင် ဒီမိုကရေစီပုံသဏ္ဌာန်ပြောင်းပြောင်း၊ ရွေးကောက်ပွဲသည် ဗဟိုချက်မ Core ဖြစ်ရမည်။ ရွေးကောက်ပွဲမရှိသော ဒီမိုကရေစီဟူ၍ မရှိနိုင်ပေ။ သို့ဖြင့် ရွေးကောက်ပွဲအကြောင်းကို ရှုထောင့်အမျိုးမျိုးဖြင့် ဝေဖန်ဆင်ခြင်ကြည့်ကြသည်။ ဆင်ခြင်ပုံတို့ကို စိစစ်ကြည့်သောအခါ ငါးမျိုးတွေ့ရသည်။ ၎င်းတို့မှာ
(၁) စံအဖြစ် ကြည့်နည်း normative approach (၀ါ) နိုင်ငံရေးသဒ္ဒါအဖြစ်ကြည့်နည်း
(၂) မဟာဗျူဟာခွင်ဖြင့်ကြည့်နည်း Strategic approach
(၃) ပါတီရပ်တည်မှုဖြင့် ကြည့်နည်း
(၄) နိုင်ငံရေးလုပ်ငန်းပုံစံခွဲဖြင့် ကြည့်နည်း နှင့်
(၅) ရေးပန်းစားမှုဖြင့် ကြည့်နည်း တို့ဟူ၍ ဖြစ်သည်။

ပထမအချက် စံအဖြစ်ကြည့်နည်း ဆိုသည်မှာ ရွေးကောက်ပွဲကို နိုင်ငံရေးသဒ္ဒါ Political Grammar အဖြစ် ကြည့်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲသည် မရှိမဖြစ်လိုအပ်သော အခြေခံလိုအပ်ချက်အဖြစ် ကြည့်သည်။ တာလီဘန်တို့၌ ရွေးကောက်ပွဲသည် သူတို့၏ နိုင်ငံရေးသဒ္ဒါမဟုတ်ပေ။ သူတို့၏ သဒ္ဒါသည် အကြမ်းဖက်မှုဖြစ်သည်။ ထို့ကြောင့် အာဖဂန်နစ္စတန်၌ တာလီလန်တို့က ရွေးကောက်ပွဲကို ဖျက်သည်။

ဒုတိယအချက် မဟာဗျူဟာခွင်ဖြင့် ကြည့်နည်းဆိုသည်မှာ ရွေးကောက်ပွဲအား အပြောင်းအလဲကို ဖြစ်စေနိုင်သော အင်ဂျင် Engine for Change အဖြစ် မြင်ခြင်းဖြစ်သည်။ တတိယအချက် ပါတီရပ်တည်မှုဖြင့် ကြည့်နည်းဆိုသည်မှာ ပထမပိုင်း၌ ပါတီတစ်ရပ်သည် အာဏာရပါတီ ဖြစ်နိုင်ချေရှိခြင်းနှင့် ဒုတိယပိုင်း၌ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့်ရရှိခြင်းကို ညွှန်းသည်။

အပျော်
စတုတ္ထအချက် နိုင်ငံရေးလုပ်ငန်းပုံစံခွဲဖြင့် ကြည့်နည်းဆိုသည်မှာ ရွေးကောက်ပွဲကို တစ်ခုတည်းသော နိုင်ငံရေးပုံစံအဖြစ် သဘောမထားဘဲ နိုင်ငံရေးလုပ်ငန်းမျိုးစုံတို့ထဲမှ တစ်ခုအပါအ၀င်အဖြစ် သဘောထားသည်။ လမ်းပေါ်ထွက်ဆန္ဒပြခြင်း၊ လက်နက်ကိုင်လမ်းစဉ်တို့ကဲ့သို့ အတူတူသဘောထားသည်။ လှုပ်ရှားမှုပုံသဏ္ဌာန်နှစ်မျိုး သုံးမျိုးကို တစ်ပြိုင်နက်တည်း ကျင့်သုံးချင်သောနည်းဖြစ်သည်။ ခွကစားချင်သော နည်းဖြစ်သည်။

ပဉ္စမအချက် ရေးပန်းစားမှုဖြင့် ကြည့်နည်းကို လူပြိန်းကြိုက်နည်းဟုလည်း ခေါ်ဆိုသည်။ ခေတ်ပေါ်ရေပန်းစားရာကို ထင်ဟပ်ကြွေးကြော်သော နည်းဖြစ်သည်။ ရွေးကောက်ပွဲ ရေးပန်းစားလျှင် ရွေးကောက်ပွဲအကြောင်း ပြောမည်။ ရွေးကောက်ပွဲဆန့်ကျင်ရေး ရေပန်းစားလျှင် ရွေးကောက်ပွဲဆန့်ကျင်ရေးပြောမည်။

ထို့ကြောင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အခိုက်အတန့်၌ အမြင်အမျိုးမျိုး ရှိနေဦးမည်ဖြစ်သည်။ ဘယ်လောက်ပဲ ခြားနားစွာ ပြောဆိုနေကြစေကာမူ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် နိုင်ငံရေးပါတီဆိုင်ရာဥပဒေတို့ ထွက်ရှိလာသည်နှင့် အားလုံးသည် ရွေးကောက်ပွဲဆီ တာစူကြပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရွေးကောက်ပွဲသည် နိုင်ငံရေးသဒ္ဒါလည်း ဖြစ်သည့်အပြင် နတ်လည်းကြီးသောကြောင့် ဖြစ်သည်။ အခြားရွေးချယ်စရာမရှိဟုဆိုသော အမြင်ကလည်း လွှမ်းမိုးလာပါလိမ့်မည်။
ဒီမိုကရေစီသည် လူတို့ကို ပျော်အောင်ထားရသည်။ နိုင်ငံရေးဝန်းကျင်သည် ပျော်စရာကောင်းရမည်။ ဗြိတိသျှကိုလိုနီသမားတို့က မြန်မာနိုင်ငံကို အနှစ် ၁၀၀ အုပ်စိုးသွားနိုင်သည်မှာ အခြားအကြောင်းတို့အပြင် နိုင်ငံရေးကို အပျော် Fun အဖြစ် သဘောထားခဲ့သောကြောင့် ဖြစ်သည်။ နိုင်ငံရေးသည် ကြောက်စရာမဟုတ်။ ပျော်စရာကောင်းသည်ဟု ခံစားစေနိုင်ရမည်။ ပျော်စရာကောင်းမှုသည်ပင် ဒီမိုကရေစီဝန်းကျင်ဖြစ်အပ်သည်။

The Voice Weekly Journal အတွဲ ၅၊ အမှတ် ၄၄ မှ ပြန်လည်ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

 
Web Statistics