Friday, September 18, 2009

Etiquette (သန့်စင်ခန်းအသုံးပြုခြင်းနှင့် သက်ဆိုင်သော)


လုပ်ငန်းခွင်ဆက်ဆံရေးနှင့် ပတ်သက်သမျှ…
ဒီမေးခွန်းမေးဖို့ ကျွန်တော် တော်တော်တွန့်ဆုတ်မိပါတယ်။ ဒါပေမယ့် သိထားသင့်တဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ယူဆမိတာကြောင့် မေးရတာပါ။ မရိုသေစကား သန့်စင်ခန်းအသုံးပြုတာနဲ့ ပတ်သက်တဲ့ Etiquette တွေကို ပြောပြပေးစေချင်ပါတယ်။ ရိုင်းသွားရင်လည်း နားလည်ခွင့်လွှတ်ပေးပါခင်ဗျား။

မေးခွန်းရှင်ဟာ အားတုံ့အားနာနဲ့ မေးရပုံပါပဲ။ တကယ်တော့ သီးသန့်ဆန်လှတဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ကျန်လူအများ အနှောင့်အယှက်မဖြစ်စေဘဲ စနစ်တကျ ပြုလုပ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ကြိုမသိထားလို့ အဆင်မပြေရတာထက်စာရင် သိထားတာက ကိုယ့်အတွက်ရော တခြားသူတွေအတွက်ပါ ပိုကောင်းပါတယ်။

ကုမ္ပဏီရဲ့ သန့်စင်ခန်းဟာ အများသုံး၊ တစ်နည်းအားဖြင့် အများနဲ့သက်ဆိုင်တဲ့ နေရာတစ်ခုဆိုတာကို ဦးဆုံး အလေးထားရပါမယ်။ ဆိုလိုတာကတော့ ကိုယ့်ကြောင့် တခြားလူတွေ အနှောင့်အယှက်၊ ကသိကအောက် မဖြစ်စေရပါဘူး။ တချို့က (အမျိုးသမီးတွေရော၊ အမျိုးသားတွေပါ) ဒါကို အလေးမထားကြပါဘူး။ အိမ်သာခန်းနဲ့ လက်ဆေးဘေစင်တွဲလျက်ရှိနေရင် ပိုပြီး သတိထားရပါမယ်။ သန့်စင်ခန်းကို ကိုယ်တစ်ယောက်တည်း အချိန်ကြာကြာ သုံးနေတာဟာ ကျန်းမာရေးကိစ္စ အလျင်လိုသူတွေအပေါ် လျစ်လျူရှုရာရောက်ပါတယ်။ Etiquette ကို ချိုးဖောက်ရာ ရောက်ပါတယ်။ လူမှုရေးရာ၊ လုပ်ငန်းခွင်ဆိုင်ရာအနေနဲ့လည်း မလုပ်သင့်တဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ သန့်စင်ခန်းတွင်းမှာ ပိုးသတ်ဆေးဖျန်းသလို အနံ့လှိုင်နေအောင် ရေမွှေးဆွတ်တာ၊ လက်ဆေးဘေစင်မှာ တခြားသူ ၀င်မဆေးသာအောင် နေရာအပြည့်ယူပြီး အချိန်ဆွဲတာ၊ စိတ်ကြိုက် သွားတိုက်၊ သွားကြားထိုးနေတာတွေဟာ မလုပ်သင့်တဲ့အပြုအမူတွေပါ။ ကိုယ့်ကိစ္စပြီးတဲ့အခါ သန့်စင်သွားအောင် ရေဆွဲချခဲ့ဖို့၊ အမျိုးသမီး လစဉ်သုံးပစ္စည်းကို သတ်မှတ်နေရာမှာ စနစ်တကျ လုံလုံခြုံခြုံ စွန့်ပစ်ဖို့ကိုလည်း သတိမူရပါမယ်။ သန့်စင်ခန်းထဲကမှန်မှာ စိတ်ကြိုက်အချိန်ယူပြီး ဆံပင်ပြင်ဆင်နေတာ၊ မျက်ခုံးမွေးကို လှသထက်လှအောင် နုတ်တာသတာ၊ မျက်တောင်ကော့တာတွေ မလုပ်ရပါဘူး။ လက်ဆေးတာ၊ စားသောက်ပြီးချိန်မှာ ပလုတ်ကျင်းပြီး နှုတ်ခမ်းနီကို ညီညာအောင် ပြန်ဆိုးတာ၊ သပ်သပ်ရပ်ရပ်လေး ဖြစ်နေအောင် ခဏပြင်ဆင်မွမ်းမံတာမျိုးပဲ လုပ်သင့်ပါတယ်။

အမျိုးသားတွေအနေနဲ့ အပေါ့သွားရာမှာ တစ်ခုခြား ဆိုတဲ့စည်းကမ်းကို လိုက်နာရပါမယ်။ ဥပမာအားဖြင့် အပေါ့သွားနေရာ (Urinal) သုံးခုရှိတယ် ဆိုပါတော့။ ကိုယ်ဝင်လိုက်ချိန်မှာ တစ်ယောက်မှ ရှိမနေဘူးဆိုရင် ပထမဆုံးနေရာ၊ ဒါမှမဟုတ် သုံးခုမြောက်နေရာမှာ အပေါ့သွားရပါမယ်။ ဒါမှသာ နောက်တစ်ယောက် ၀င်လာမယ်ဆိုရင် တစ်ခုခြားနေရာ မှာ အပေါ့သွားလို့ ရပါမယ်။ အပေါ့သွားနေချိန်မှာလည်း ရှေ့တည့်တည့်ကို မျက်နှာမူပြီး ကြည့်ရင်ကြည့်၊ ဒါမှမဟုတ် မျက်လွှာချပြီး အောက်စိုက်ကြည့်ရပါမယ်။ လူတိုင်းအတွက် အရှက်သိက္ခာနဲ့ ပုဂ္ဂိုလ်ရေးရာလုံခြုံမှု လိုအပ်ပါတယ်။

အချုပ်ပြောရရင် အများသုံးသန့်စင်ခန်းဟာ ကိုယ့်ကိစ္စပြီးရုံ သဘောထားပြီး စည်းမရှိကမ်းမရှိ အသုံးပြုရမယ့်နေရာတစ်ခု မဟုတ်ပါဘူး။ အသုံးပြုသူတစ်ဦးချင်း တစ်ယောက်ချင်းအတွက် အဆင်ပြေတဲ့၊ သက်သောင့်သက်သာရှိတဲ့၊ လုံခြုံတဲ့ နေရာတစ်ခု ဖြစ်စေရပါမယ်။

( ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်း၊ EXECUTIVE Etiquette ကဏ္ဍမှ ပြန်လည်ကူးယူဖော်ပြပါသည်။ အဆိုပါကဏ္ဍကို Sweety Home က တင်ဆက်ထားကြောင်း မဂ္ဂဇင်းတွင် ဖော်ပြထားပါသည် )

No comments:

Post a Comment

 
Web Statistics