(၁)
ရပ်ကွက်သန့်ရှင်းရေးလုပ်ဖို့လူစု၊ လူတွေအသံဘ၀ဂ်ညံလို့၊ ဒို့စီပွားရေးဒို့လုပ်စား၊ လူအများကပြောကြတယ်၊ စည်ပင်တာဝန် ကိုယ်နဲ့မဆိုင်ချင်ဘူး၊ ခဏခဏသန့်ရှင်းရေးလုပ်၊ ဒို့နဲ့အတူအလုပ်ပြုတ်ဘူးတဲ့ သူငယ်ချင်းတစ်ယောက်တောင်၊ ယောင်တောင်တောင်အင်တာနက်မှာ၊ လူကြီးဆိုလားဖြစ်နေပြီတဲ့။ သန့်ရှင်းရေးအတွက်အထူးစည်းဝေး၊ ရပ်ကွက်အရေးသန့်ရှင်းပေး၊ ဆိုတဲ့စကား ခဏခဏကြားရပေမယ့်၊ စည်ရုံးတဲ့သူတွေများသလောက်၊ တံမြက်စည်းအားကျတော့ ကမြောက်ကချောက်၊ သြော်….။
(၂)
ရပ်ကွက်ထဲမှာအလှူအတန်းတွေလုပ်၊ ကုသိုလ်တွေပြုကြ၊ အလှူခံတွေကလည်း၊ အလှူပေးသူဌေးဖြစ်တွေ၊ ဟော…. လူစုံပြီဆိုရင်၊ ပိုက်ဆံမရှိဘူးဆိုတဲ့တေးသွားကို သက်စေ့ညည်း၊ အလှူလုပ်တော့ ကြည့်ကောင်းရုံအဖြစ်လုပ်၊ ပြီးပြီဆိုတော့မှ၊ ရပ်ကွက်ကလူတွေက မစည်းလုံးဘူးခေါင်းစဉ်တပ်၊ စာရင်းရှင်းပြီး၊ တန်းတန်းမတ်မတ်ပြန်သွားတာကဘီယာဆိုင်၊ အကြောင်းပြတော့အလှူအောင်ပွဲ၊ ဆင်နွှဲကြတာကလူတစ်စု၊ သူများလှူတန်းလာအောင်တော့အတင်းစည်းရုံး၊ ကိုယ်ကျတော့မလှူ(နိဗ္ဗာန်ဆော်ပေါ့)၊ ၀င်ဆော်သွားတဲ့အထဲမှာ အိမ်ကမိန်းမလည်းပါလေရဲ့၊ သြော်....။
(၃)
အလုပ်တစ်ခုလုပ်မယ်ဆိုရင်၊ လူစုံအောင်စောင့်၊ အလုပ်ချိန်ဆိုတာတောင် မအောင့်နိုင်ဘူး၊ ရုံးတက်ချိန်ဆိုတာ အသာထား၊ ရုံးချိန်များရောက်သွားလို့ကတော့၊ တအားတကယ်စည်ကားတယ်မှတ်၊ ပြောကြတဲ့စကား၊ နားဝမှာခဏခဏကြားရတယ်၊ အသေအချာတွေးကြည့်တော့မှ၊ နှစ်လုံးသုံးလုံးအရေး၊ ဆွေးနွေးကြသည်တဲ့။ ဒီလိုနဲ့… မနက်ညနေဆွေးနွေး၊ ဒီဂဏန်းတွေအရေးနဲ့ပဲ၊ မကြာမကြာတွေးကြတယ်။ လစာကလည်းမလောက်၊ တွေးရင်…ရင်လေး…စိတ်မအေးဘူးတဲ့၊ အလုပ်ချိန်ကမမှန်၊ ထွက်တဲ့ဂဏန်းနဲ့ဝေး၊ ခပ်ဆွေးဆွေးလေးပြောကြတယ်၊ လောကကြီးက မတရား၊ ငါ့ကိုမသနားဘူးတဲ့၊ သြော်….။
(၄)
ရွှေကိုမလိုရေကိုသာလိုသည်၊ ဆိုတဲ့စကား ကြားဖူးခဲ့သည်။ အချိန်တွေပြောင်းလာတော့၊ ဘွဲ့ရဖို့မလို အလိုက်သိဖို့လိုသည်တဲ့။ ဘွဲ့ရတဲ့ပညာတတ်၊ ဖိနပ်ပါးမတတ်လမ်းလျှောက်၊ ဘ၀တိုက်ပွဲ၊ ဆက်တိုက်နွှဲနေရလည်း၊ (၈)တန်းတောင်မအောင်၊ ခပ်ယောင်ယောင်ကောင်က၊ ကားအကောင်းစားစီး၊ ပညာရှိကြီးဆိုတဲ့သူကိုတောင်၊ ဘီယာလေးဆက်သသွားသည်ဆိုပဲ၊ ပညာရဲရင့်ပွဲလယ်တင့်ပေါ့၊ သြော်….။
(၅)
ကျောင်းသားတွေအရေး တစ်ဖန်တွေးပြန်တော့၊ စာပဲသင်စား၊ မိဘကိုမသနားရာကျမယ်တဲ့၊ အလုပ်တစ်ခုရှာထား၊ ကျောင်းကလည်းသွားရတော့၊ စစ်မျက်နှာနှစ်ခုကြား၊ ဗျာများကြလေရဲ့။ ဘွဲ့ရလို့ စာသင်စရိတ်ပေါင်း၊ မိဘများခေါင်းစားရပေမယ့်၊ ရမယ့်အလုပ်၊ ခဏလုပ်ဖို့တောင် ယောင်တောင်တောင်ပဲ။ ဘ၀တိုက်ပွဲအနိုင်နွှဲဖို့၊ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ဖို့၊ စာပဲသင်ရမလား၊ အလုပ်ပဲဝင်ရမလား...သြော်။
မှတ်ချက်
ကျွန်တော့်သူငယ်ချင်း သြရသ အီးမေးလ်နဲ့ ပို့လိုက်တဲ့ စာတစ်ပုဒ်ပါ။ အဆင်ပြေသလိုသာလုပ်ပါကွာ ဆိုပြီး ပို့ပေးလိုက်တာပါ။ အဆင်ပြေသလိုဆိုတော့ ဘာလုပ်ရမလဲမသိတာနဲ့ ပို့စ်တင်ပေးလိုက်ပါတယ်။ သြရသဟာ အရင် ကျွန်တော်တို့ရဲ့ မြန်မာ့သွေးဂျာနယ် လစဉ်ထွက်စဉ်တုန်းက ပုံမှန်စာမူပေးနေကျ စာရေးသူတစ်ယောက်ဆိုပါတော့။ အခုနောက်ပိုင်း သူ့အလုပ်နဲ့သူ မအားမလပ်တွေ ဖြစ်နေလို့ထင်ပါရဲ့။ သူ့ဆီက စာပေစကားမကြားရတာ အတော်တောင်ကြာခဲ့ပါပြီ။ အခုမှ ဘယ်လိုစိတ်ကူးပေါက်တယ်မသိဘူး။ ကျွန်တော့်အထင်ပြောရရင် စိတ်ထဲမှာ ခံစားချက်တွေများနေတဲ့အတွက် ဖွင့်အံလိုက်တယ်လို့ ထင်ပါတယ်။ သူရေးနေကျဟန်လေးတွေကို ပြန်ဖတ်ရတဲ့အပြင် သူကြုံနေရတဲ့ ပတ်ဝန်းကျင်ကိုလည်း နည်းနည်းလေး လှမ်းမြင်မိလိုက်သလိုပါပဲ။
No comments:
Post a Comment