Sunday, October 04, 2009

ပိုပြီးချစ်မယ့် မနက်ဖြန် (ရုပ်ရှင်)


ကြော်ငြာကြည့်ခဲ့ရတဲ့အချိန်ကတည်းက ထွက်လာရင်တော့ မလွတ်တမ်းကြည့်ရမယ့် ဇာတ်ကားတစ်ကားလို့ တေးမှတ်ထားတဲ့ဇာတ်ကားဖြစ်တဲ့ "ပိုပြီးချစ်မယ့် မနက်ဖြန်" ကျွန်တော်တို့မြို့လေးမှာ ရုံတင်လာပါတယ်။ ဒါကြောင့် မနေ့ည ၇ နာရီပွဲကို ညီငယ်ကျော်ဝေနဲ့အတူ ကြည့်ဖြစ်ပါတယ်။ အဆင့်မြင့် မြန်မာဗီဒီယိုဇာတ်ကားလို့ ဆိုပါတယ်။ အခြားအကြောင်းအရာတွေ မပြောခင် အဲဒီဇာတ်ကားနဲ့ ပတ်သက်တာလေးတွေကို အရင်ပြောရအောင်ပါ။

ဇာတ်လမ်းအမည် - ပိုပြီးချစ်မယ့် မနက်ဖြန်
ဝတ္ထု - ပုညခင်
ဇာတ်ညွှန်း - ကိုရွှေမိုးသက်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ရဲအောင်၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဉ္ဇာဦး

ဇာတ်လမ်းအကျဉ်း
ကိုမောင်(ရဲအောင်)နှင့် သုသု(စိုးမြတ်သူဇာ) တို့က မောင်နှမနှစ်ယောက်။ တစ်ဖက်မှာက လင်းချိန်(ကျော်ရဲအောင်)၊ ဖြူပြာ(မေသန်းနု)နဲ့ မူယာ(မေသဉ္ဇာဦး)တို့က မောင်နှမသုံးယောက်။ ဒါပေမယ့် သူတို့ကတော့ အတူတူမနေဘူး။ ကျော်ရဲအောင်က သင်္ဘောသား။ သင်္ဘောပြန်မတက်တော့ဘဲ ပါလာတဲ့ ပိုက်ဆံလေးတွေကို ငွေတိုးပေးစားပြီး သီးခြားအိမ်ခွဲနေထိုင်သူ။ မေသန်းနုနဲ့ မေသဉ္ဇာဦးတို့ကတော့ မိဘအမွေအနှစ် အိမ်ကြီးထဲမှာ အတူနေတယ်။ အားလုံးက အပျိုကြီး၊ လူပျိုကြီးတွေချည်းပဲ။

ကျော်ရဲအောင်က ကပ်စေးနှဲတယ်၊ အသန့်အလွန်ကြိုက်တယ်၊ ဇီဇာကြောင်တယ်။ စိုးမြတ်သူဇာက အအိပ်မက်တယ်၊ အစားကြီးတယ်၊ အပျင်းကြီးတယ်၊ အင်မတန်ညစ်ပတ်တယ်။ ရဲအောင်က နှမဖြစ်သူကို စောင့်ရှောက်ရင်းနဲ့ အစစအရာရာဖြည့်ဆည်းပေးနေရတဲ့ လူပျိုကြီး။ နှမဖြစ်သူ ဆိုးသမျှကို ခံနေရတဲ့သူဆိုပါတော့။ အဲ… ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာက သမီးရည်းစားဟောင်းတွေ။

တစ်ရက် ရဲအောင်ခရီးတစ်ခုထွက်သွားတဲ့အတွက် စိုးမြတ်သူဇာ ဈေးသွားရာက ငယ်ချစ်ဟောင်း ကျော်ရဲအောင်နဲ့ ပြန်တွေ့တယ်။ နှစ်ယောက်စလုံးကလည်း အပျိုကြီး၊ လူပျိုကြီးတွေဖြစ်နေတဲ့အပြင် ငယ်ငယ်ကခံစားချက်တွေ အခုအချိန်ထိ နွေးထွေးနေတုန်းပဲဆိုတော့ ပြန်ငြိသွားကြတယ်ဆိုပါတော့။ အရင်တုန်းက ချစ်ခဲ့ဖူးတဲ့ စိတ်အခံ တစ်ခုတည်းနဲ့ အခုလက်ရှိအခြေအနေ၊ တစ်ယောက်အကြောင်းတစ်ယောက် မသိဘဲ အိမ်ထောင်ပြုဖို့အထိ ဆုံးဖြတ်လိုက်ကြတယ် ဆိုပါတော့။

အဲဒီလို အိမ်ထောင်ပြုလိုက်ပြီးကာမှ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဗီဇမတူညီမှုတွေကြောင့် အိမ်ထောင်ရေးမှာ ပဋိပက္ခတွေ ဖြစ်ရပုံကို ရိုက်ပြထားတာပါ။ ဒါပေမယ့် သူတို့အဲဒီလို အိမ်ထောင်ကျသွားတဲ့အတွက် ကြားထဲကနေ သဘောအကျကြီးကျ၊ ကျေနပ်သွားကြသူတွေကတော့ ရင်းနှီးစွဲရင်းရှိပြီးသား လူပျိုကြီး ရဲအောင်နဲ့ အပျိုကြီးတွေဖြစ်တဲ့ မေသန်းနု၊ မေသဉ္ဇာဦးတို့ပါပဲ။ လင်မယားဖြစ်တဲ့ ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာကတောင် သြချယူလောက်တဲ့ သူတို့သုံးယောက်ရဲ့ သုံးပင်လိမ်ဇာတ်လမ်းကတည်း စိတ်ဝင်စားစရာပါ။

ကျန်တာတွေကတော့ အဲဒီဇာတ်ကားကို ကိုယ်တိုင်ကြည့်ပြီးမှပဲ သိလိုက်ပါတော့ဗျာ။ တော်ကြာဇာတ်လမ်းအကုန် ပြောလိုက်တဲ့အတွက် စိတ်ဆိုးမယ့်လူတွေရှိနေရင် အချောင်မေတ္တာအပို့ခံနေရမှာ စိုးလို့ပါ။

သုံးသပ်ချက်
အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို ကြည့်ချင်တဲ့အဓိက ရည်ရွယ်ချက်က ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာကြောင့်ပါ။ သူတို့နှစ်ယောက် တွဲဖက်ပြီး သရုပ်ဆောင်ထားတယ်ဆိုကတည်းက ဒီဇာတ်ကားဟာ အဆင့်တစ်ခုမှာ ရှိနေတယ်ဆိုတာကို ယုံကြည်လို့ပါ။ သူတို့နှစ်ဦး တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကလည်း ထိုက်တန်တဲ့ အဆင့်တစ်ခုရှိတဲ့ ဇာတ်ကားတွေချည်းမို့ပါ။ အထူးသဖြင့် အခုနောက်ပိုင်း စိုးမြတ်သူဇာရဲ့ သရုပ်ဆောင်မှုတွေကို တော်တော်ကို သဘောကျနေမိလို့ပါ။

ကျွန်တော်ထင်သလိုပါပဲ။ တကယ်လည်း ဇာတ်လမ်းမှာ ကျော်ရဲအောင်နဲ့  စိုးမြတ်သူဇာဟာ သူတို့ဝါနဲ့ သမ္ဘာအရ ဟာကွက်မရှိအောင် အကောင်းဆုံး သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။ ဘေးကနေ ပံ့ပိုးပေးနေတဲ့ ရဲအောင်၊ မေသန်းနုနဲ့ မေသဉ္ဇာဦးတို့ကလည်း ပရိသတ်ကို တ၀ါးဝါးဖြစ်အောင်ကို လုပ်သွားကြတာများ အတော်လေးကို သဘောကျစရာကောင်းပါတယ်။

ဟာသကားဆိုလို့ကြည့်လိုက်ရင် အတင်းကလိထိုးပြီး ရယ်ခိုင်းနေတာတွေ များနေတဲ့အချိန်မှာ ကိုဇော်(အရုဏ်ဦး) ရိုက်တဲ့ ဇာတ်ကားအများစုဟာ ကလိမထိုးဘဲ သဘာဝဆန်ဆန်ရယ်ရအောင် ရိုက်ပြနိုင်နေတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားမှာလည်း အတင်းကလိထိုးရယ်ခိုင်းတာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်မှတ်မိသလောက်ကတော့ ဇာတ်ကားပြီးသွားတဲ့အထိ မရယ်လိုက်ရတဲ့အခန်း မရှိသလောက်ပါပဲ။ ပါးစပ်ကို ပိတ်မနေရဘဲ တစ်ချိန်လုံးကို ထိုင်ရယ်နေရတော့တာပါပဲ။

အခြားဇာတ်ရံဆိုတာက တကယ့်ကို မပြောစလောက်ဆိုပါတော့။ အလွန်ဆုံး သုံးယောက်ထက်မပိုပါဘူး။ အဓိက  ဇာတ်ဆောင် ငါးဦးနဲ့ အခြေတည်ပြီး ရိုက်ထားတဲ့ ဒီဇာတ်လမ်းဟာ ထူးခြားနေတာတော့ အမှန်ပါပဲ။ ဒီမင်းသား၊ မင်းသမီးတွေဆိုတာက ပြောရမယ်ဆိုရင် အကျဘက်ကို ရောက်နေပြီလို့ ဆိုနိုင်တဲ့ သက်ကြီးမင်းသား မင်းသမီးတွေပါ။ ဒါပေမယ့် ကျွန်တော်မြင်သလောက် သူတို့သရုပ်ဆောင်တာကို အခုခေတ်မင်းသားငယ်တွေ လိုက်မမီသေးဘူးဆိုတာပါပဲ။ သူတို့နေရာမှာ အခြားမင်းသားငယ်၊ မင်းသမီးငယ်တွေနဲ့သာဆိုရင် အခုလို အဆင်ပြေပါ့မလားလို့ တွေးနေမိပါတယ်။ အထူးသဖြင့် စိုးမြတ်သူဇာရဲ့ အိုက်တင်တွေကို မီအောင်လုပ်နိုင်ဖို့ဆိုတာ အတော်လေးကို စဉ်းစားရမယ့် ကိစ္စပါ။ အခုဇာတ်ကားမှာလည်း စိုးမြတ်သူဇာနဲ့ ကျော်ရဲအောင်ရဲ့ မထိတထိသရုပ်ဆောင်ချက်တွေက အများကြီးဆွဲခေါ်သွားတာပါ။ ကိုဇော်(အရုဏ်ဦး)နဲ့ တော်တော်ကို အတွဲညီတဲ့ မင်းသား၊ မင်းသမီးလို့ ဆိုရပါလိမ့်မယ်။

ပုညခင်ရဲ့ ၀တ္ထုဖြစ်တဲ့အတွက် ဇာတ်အိမ်ကလည်း ကောင်းပြီးသားပါ။ ကိုရွှေမိုးသက်ရဲ့ ဇာတ်ညွှန်းကလည်း တစ်ကားလုံးကို ပျင်းစရာမရှိအောင် ဆွဲခေါ်သွားနိုင်ပါတယ်။ ဒါရိုက်တာကလည်း အကောင်းဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာ တွေ့ရပါတယ်။

တခြားဟာတွေအများကြီး မစဉ်းစားဘဲ စာဖတ်သူအနေနဲ့ အပျင်းပြေချင်တယ်၊ ခဏလေးပဲဖြစ်ဖြစ် ရယ်မောပျော်ရွှင်ရင်း ဘ၀အမောတွေကို မေ့ထားချင်တယ်၊ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ရယ်ချင်တယ် ဆိုရင်တော့ "ပိုပြီးချစ်မယ့် မနက်ဖြန်" အဆင့်မြင့်မြန်မာဗီဒီယို ဇာတ်ကားကို သွားကြည့်လိုက်ပါလို့ ညွှန်းဆို တိုက်တွန်းလိုက်ပါရစေလားဗျာ။

ဒါနဲ့ စကားမစပ်…. အဆင့်မြင့်မြန်မာဗီဒီယိုဇာတ်ကားကို အဆင့်မမြင့်တဲ့ ရုပ်ရှင်ရုံမှာ ကြည့်ရတဲ့ဒုက္ခကတော့ မသေးဘူးဗျ။ ဒါလည်း အတွေ့အကြုံလို့ပဲ မှတ်လိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊ စနေနေ့။
နေ့လည် ၁၂ နာရီ ၅၂ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics