Sunday, October 04, 2009

ကျွန်တော်နှင့် သီတင်းကျွတ် - ကိုဉာဏ် (ပန်းလောင်မြေ)


မူလတန်းလောက်တုန်းက
ကျောင်းပိတ်ရက်ရှည်ရလို့ ပျော်တယ်။ အဘိုးအဘွားတွေကို လိုက်ကန်တော့တယ်။ ကုသိုလ်ရတာတွေ ဘာတွေနားလည်လို့မဟုတ်ပါဘူး။ မုန့်ဖိုးလိုချင်လို့ပါ။ နောက်ကိုယ့်ပတ်ဝန်းကျင်က သိသမျှ လူကြီးတွေကို လိုက်ကန်တော့တယ်။ မုန့်ဖိုးတွေရသလို၊ အချို့တွေက မုန့်ကျွေးကြတယ်။ ပျော်စရာကောင်းတယ်။ သူငယ်ချင်းတွေစုပြီး ဆရာတွေကို လိုက်ကန်တော့တယ်။ ဆရာတွေက လိမ္မာလိုက်တဲ့တပည့်တွေလို့ ပြောတဲ့စကားကို သဘောကျမိတာအမှန်ပဲ။ ကိုယ်အရမ်းကြောက်ရတဲ့ ဆရာ၊ ဆရာမတွေအိမ်ကိုတောင် အဲဒီလိုအချိန်ဆိုရင် မကြောက်မလန့်နဲ့ ၀င်ရဲထွက်ရဲဖြစ်သွားတယ်။ ဆရာ/ဆရာမ… ကျွန်တော်တို့ လာကန်တော့တာပါဆိုပြီး ထိုင်ကန်တော့လိုက်ကြတာပါပဲ။ ကျွန်တော်တို့က အရိုက်ကြမ်းတယ်၊ ဆိုးတယ်လို့ သတ်မှတ်ထားတဲ့ ဆရာတွေဟာ မျက်ရည်တွေဘာတွေဝဲလို့၊ ဆုတွေပေးလိုက်ကြတာလည်း နည်းတာမဟုတ်ဘူး။ ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေဆိုပြီး ပေးတဲ့ဆုက မကုန်တော့ဘူး။ အဲဒီအထိ ကျေနပ်နေမိသေးတယ်။ ဒါပေမယ့် နောက်ဆက်တွဲ "ကျောင်းပိတ်ရက်မှာ ဆော့ချည်းပဲလည်း မနေနဲ့ဦးနော်…. စာတွေလည်း ပြန်ဖတ်ဦး၊ အိမ်စာပေးထားတာတွေလည်း လုပ်ကြဦး၊ ကျောင်းဖွင့်မှ အိမ်စာတွေ မလုပ်လာရင် အရိုက်ခံကြရမယ်" လို့ ပြောဖြစ်အောင် ပြောတဲ့စကားကိုတော့ လန့်သွားမိတယ်။ တော်တော်မလွယ်တဲ့ ဆရာတွေလို့လည်း တွေးမိတယ်။ အခုကိုယ်တိုင် ဆရာဖြစ်ကာမှ အဲဒီစေတနာနဲ့ ရည်ရွယ်ချက်ကို သဘောပေါက်တယ်။

အိမ်ကို မီးပုံးလေးတွေ ၀ယ်ခိုင်းတယ်။ ကျွန်တော်တို့တုန်းက အခုလိုမျိုး တရုတ်က၀င်လာတဲ့ မီးပုံးတွေက ရှားတယ်၊ ဈေးကြီးတယ်။ ရပ်ကွက်ထဲမှာ အချို့တွေက ကိုယ်ပိုင်လက်နဲ့ချိုးပြီး လုပ်ကြတာ။ အဲဒါကို ၀ယ်ရတာ အဆင်ပြေတယ်။ ကိုယ်ကြိုက်တဲ့ပုံစံတွေကို ရွေးလို့ရတယ်။ ကားပုံစံယူမလား၊ လေယာဉ်ပုံစံယူမလား၊ သင်္ဘောပုံစံယူမလား၊ ပုံစံအမျိုးမျိုးနဲ့ စုံမှစုံပဲ။ ၀ါးဖရိန်မှာ ရောင်စုံဆီစိမ်စက္ကူကပ်တယ်၊ ပြီးရင် အဲဒီစက္ကူပေါ်မှာ ဆေးနဲ့ပုံပေါ်အောင် ဆွဲပေးထားတယ်။ အထဲမှာ ဖယောင်းတိုင်ထွန်းဖို့ နေရာလေးလုပ်ပေးထားတယ်။ ရှေ့ဆုံးမှာတော့ ဆွဲလို့ရအောင် အပ်ချည်ကြီးခပ်ရှည်ရှည်လေး တပ်ပေးထားတယ်။ အချို့ဟာတွေမှာတော့ ရှေ့မှာ အပ်ချည်ကြိုးမဟုတ်ဘဲ နောက်ကနေပြီး တွန်းလို့ရအောင် တုတ်အရှည်တပ်ပေးထားတယ်။ ညနေမှောင်ပြီဆိုတာနဲ့ ဖယောင်းတိုင်ထွန်းပြီး အဲဒီကားတွေကို ဆွဲတော့တာပေါ့။ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ မောကိုမမောနိုင်ဘူး။ လူစုစုတွေ့တဲ့ လမ်းတွေဆိုရင် ၀င်တာပါပဲ။ ကိုယ်နဲ့ရွယ်တူတွေ မီးပုံတွေဆွဲလာရင်လည်း သူ့မီးပုံးနဲ့ ကိုယ့်မီးပုံးကားတွေ ဘယ်သူက ပိုလှလဲဆိုတာကို ယှဉ်ကြည့်ရသေးတယ်။ ပိုက်ဆံတတ်နိုင်တဲ့လူတွေ ဆွဲထားတဲ့ မီးပုံးလေးတွေက အတော်လေးကို လှတာတွေ့ရတယ်။ တစ်ယောက်ဆိုရင် သူ့အိမ်က ပိုက်ဆံရှိတာဖြစ်တဲ့အတွက် သူဆွဲလာတဲ့ သင်္ဘောပုံစံ မီးပုံးကြီးဟာဆိုရင် ကျွန်တော်တို့ ခါးလောက်ထိရောက်အောင် ကြီးတာကို တွေ့ရတယ်။ ပြီးတော့ ကျွန်တော်တို့ မီးပုံးလေးတွေလို ဖယောင်းတိုင်က တစ်တိုင်တည်း ထွန်းလို့ရတာ မဟုတ်ဘူး။ ဖယောင်းတိုင် ၅ တိုင်၊ ၆ တိုင် ထွန်းလို့ရတဲ့ နေရာတွေနဲ့ အပြည့်ထွန်းထားတော့ သူ့သင်္ဘောမီးပုံးကြီးက အရမ်းကို လင်းထိန်နေတာပဲ။ သူများတွေထက် ထင်းထင်းကြီး ဖြစ်နေတာပေါ့။ ကိုယ်တွေမီးပုံးလေးက အဲဒီနားရောက်သွားရင် တကယ့်ကို ပုရွက်ဆိတ်နဲ့ ဂေါ်ဇီလာ ဖြစ်သွားရော။ ဒါပေမယ့် ကျွန်တော်တို့မီးပုံးက သူ့လိုမျိုး ဖြည်းဖြည်းလေးနဲ့ နုနုလေး ဆွဲစရာမလိုဘူး။ ကျွန်တော်တို့ဆိုရင် မီးပုံးတွေဆွဲပြီး အပြေးတောင် ပြိုင်ကြသေးတယ်။

အိမ်ပြန်ရောက်ပြီဆိုရင် အမေ့ကိုကူပြီး ဖယောင်းတိုင်တွေ ထွန်းပေးတယ်။ အမေကတော့ ဘုရားစင်မှာ မီးပူဇော်ပြီး ဘုရားကန်တော့တာပါ။ ကျွန်တော်တို့ညီအစ်ကိုကတော့ တစ်အိမ်လုံးမှာ နေရာအနှံ့ထွန်းတော့တာပါပဲ။ လှေကားထစ်တွေ၊ ရေတွင်းဘောင်တွေ၊ သစ်ပင်ပေါ်တွေ၊ ဒန်းစင်ပေါ်၊ ကုလားထိုင်တွေပေါ်၊ ၀င်းတံခါးဘောင်ပေါ်၊ စသည်ဖြင့် ဖယောင်းတိုင် တင်ထွန်းလို့ရသမျှ နေရာအကုန်လုံးမှာ လိုက်ထွန်းတာပဲ။ ထွန်းပြီးသွားပြီဆိုရင် အိမ်အပြင်ကိုထွက်ပြီး လမ်းပေါ်ကနေ အိမ်ကိုပြန်ကြည့်တယ်။ ကိုယ့်အိမ်လေးဟာ ဖယောင်းတိုင်မီးတွေနဲ့ လင်းထိန်နေတာကို မြင်ရတဲ့ခံစားချက်ကို ဘယ်လိုပြောရမှန်းမသိပေမယ့် အခုထိအဲဒီခံစားချက်ဟာ ရင်ထဲမှာ အမှတ်တရဖြစ်နေတာ အသေအချာပါ။

အလယ်တန်းလောက်ရောက်တော့
နည်းနည်းကြီးလာတော့ ဗျောက်ဖောက်တာကို အရမ်းခရေစီဖြစ်လာတယ်။ အိမ်ကလုံးဝမကြိုက်တဲ့အလုပ်။ ဗျောက်ဖောက်တာတွေ့ရင် သိရင် ရိုက်မယ်လို့ တရားဝင်ပြောထားပြီးသား။ ဒါပေမယ့် သူများတွေ ဖောက်တာမြင်တော့ ကိုယ်တွေလည်း ဘယ်နေနိုင်လိမ့်မလဲ။ ရှိတဲ့ပိုက်ဆံတွေနဲ့ ခိုးဝယ်တာပါပဲ။ တရုတ်ဗျောက်နဲ့ မြန်မာဗျောက်ဆိုပြီး ခွဲရောင်းတယ်။ သိပ်တော့မကွာပါဘူး။ ဒါပေမယ့် တရုတ်ဗျောက်က အားလုံးနီးပါးလောက် ကောင်းတယ်။ မြန်မာဗျောက်က တစ်ထုပ်ဝယ်လိုက်ရင် အထဲမှာ ယမ်းဆံမပါတာတို့၊ မီးရှို့ဖို့ စနက်တံမပါတာတို့က အနည်းဆုံး သုံးလေးခု အမြဲပါတတ်တယ်။ တစ်ထုပ်မှာ ဗျောက်က ဆယ်လိပ်ပဲပါတာကို အဲဒီလိုဆိုတော့ သိပ်မကိုက်ဘူး။ ဒါပေမယ့် ဈေးကျတော့ ကျွန်တော်တို့အတွက် အတော်ကိုအဆင်ပြေတဲ့ ဈေးနှုန်းမလို့ အဲဒါကိုပဲ ၀ယ်ဖြစ်တာ များပါတယ်။ ဘယ်သူက စထွင်လိုက်သလဲ မသိဘူး။ တရုတ်ဗျောက်တွေလို အသံမြည်တာ မကျယ်တဲ့အတွက် ဘာလုပ်လဲဆိုတော့ ဗျောက်ကို နို့ဆီဘူးနဲ့အုပ်ပြီး ဖောက်ကြတယ်။ အုံး… အုံး… ဆိုပြီး အသံကျယ်ကြီးနဲ့အတူ နို့ဆီဘူးမြောက်တက်လာတာကို ကြည့်ရတဲ့အရသာက အဲဒီတုန်းက အတော်လေးကို ခုံမင်စရာကောင်းခဲ့တာကို အမှတ်ရမိတယ်။

အထက်တန်းကျောင်းသားဖြစ်လာပြီ
မီးပုံးဆွဲဖို့ လုံးဝစိတ်မ၀င်စားတော့ဘူး။ ဒါပေမယ့် အိပ်ကပ်ထဲမှာ ဗျောက်ထုတ်တော့ ပါတယ်။ ကောင်မလေးတွေ ဖြတ်သွားဖြတ်လာတွေ့ရင် ဗျောက်နဲ့မီးခြစ်ထုတ်ပြီး သူတို့ဘေးကို ပစ်ချလိုက်တယ်။ အုံး… ဆိုတဲ့ အသံနဲ့အတူ သူတို့တွေ လန့်သွားတာ၊ ကျွန်တော်တို့ကို ရန်တွေ့တာကို သဘောကျမိတယ်။ ပျော်စရာကြီးလို့ ထင်ခဲ့မိတယ်။ တစ်ခါတစ်လေဆိုရင် မီးမရှို့ဘဲ ဗျောက်ကို ဒီအတိုင်း ကောင်မလေးတွေကြားထဲ ပစ်ထည့်လိုက်တယ်။ ကောင်မလေးတွေကလည်း ဗျောက်ပစ်လိုက်တယ်ဆိုတာ သိတဲ့အတွက် လန့်ပြီးခုန်တဲ့လူက ခုန်တယ်၊ ဘေးကို ရှောင်ပြေးတဲ့လူက ရှောင်တယ်၊ တချို့က နားရွက်ကြီးတွေပိတ်ပြီး မျက်စိတွေမှိတ်လို့ပေါ့။ အတော်လေးကြာတဲ့အထိ ဗျောက်ကွဲသံမကြားတဲ့အတွက် သို့လောသို့လောနဲ့ သူတို့အချင်းချင်း ကြည့်ကြတယ်။ ပြီးတော့ ဗျောက်ကိုကြည့်တယ်။ စနက်တံကို မီးမရှို့ထားတာကို တွေ့တဲ့အခါ သူတို့ကို တမင်နောက်နေမှန်း သိသွားကြတာပေါ့။ ဘယ်ပြောကောင်းလိုက်မလဲ။ ၀ိုင်းဝန်းပြီး မေတ္တာပို့သွားတဲ့ စကားလုံးအစုံကို ကြားရတော့တာပေါ့။

နောက်တစ်ခု ပျော်စရာက အထက်တန်းကျောင်းသားတွေ ဖြစ်လာပြီဆိုတော့ ရပ်ကွက်ထဲမှာ နည်းနည်းနေရာပေးလာတာကိုပါ။ မြို့ထဲက ဘုရားတွေပေါ်မှာ ရပ်ကွက်အလိုက် ဆီးမီး ၁၀၀၀ ပူဇော်ပွဲ၊ ဘာပွဲ၊ ညာပွဲစသည်ဖြင့် လုပ်ကြတဲ့အခါ ကျွန်တော်တို့တွေကို အကူအညီတောင်းကြပါတယ်။ အမှန်က ရပ်ကွက်ထဲက ကာလသားခေါင်းကို ခိုင်းတာပါ။ ကာလသားခေါင်းက ကျွန်တော်တို့တွေကို ပြန်ပြီးမဲဆွယ်စည်းရုံးပြီး ပြန်ပြီး အကူအညီတောင်းတာပေါ့။ ကျွန်တော်တို့ကလည်း အဲဒီအချိန်က အင်မတန်မှကို လူရာဝင်ချင်တဲ့အချိန်၊ သူများကို ကူညီချင်တဲ့အချိန် မဟုတ်လား။ အိမ်ကနေပြီး ရှပ်အင်္ကျီအဖြူလေးနဲ့ ပုဆိုးလေးဝတ်ပြီး သပ်သပ်ရပ်ရပ်လေး ထွက်လာတာပေါ့။ အမေ့ကို အော်ခဲ့လိုက်သေးတယ်။ ကျွန်တော်တို့ ရပ်ကွက်ကလုပ်တဲ့ ဆီးမီးပူဇော်ပွဲအတွက် သွားကူလုပ်ပေးလိုက်ဦးမယ်ပေါ့။ သဘောကတော့ ကျွန်တော်တို့ကို ရပ်ကွက်က အားကိုးနေရပြီဗျဆိုတဲ့ မဖြစ်ညစ်ကျယ်မာန်လေးတက်တာ ဆိုပါတော့။ ငယ်တုန်းကတော့ ဘာသိနားလည်မှာလဲဗျာ။ နော…..။

မမောနိုင်မပန်းနိုင်နဲ့ ဆီမီးထွန်းဖို့ကိစ္စတွေ၊ ဘုရားရှိခိုးဖို့ကိစ္စတွေ၊ ဓမ္မစကြာရွတ်ဖို့ကိစ္စတွေ၊ ရွတ်တဲ့လူတွေကို ကျွေးမွေးဖို့ကိစ္စတွေကို လုပ်ရတာ အတော်ကို ပျော်ဖို့ကောင်းခဲ့တာပါ။ ကိုယ့်အခန်းထဲက ကျောင်းသူချောချောလေးတွေကို ယောဂီဝတ်စုံလေးတွေနဲ့ ဓမ္မစကြာရွတ်မယ့်အဖွဲ့တွေထဲမှာ မြင်ရတာကလည်း တစ်မျိုးသော အရသာပါပဲ။ ဘာမှန်းတော့မသိပါဘူး။ ငရဲကြီးတာတွေ၊ သေးတာတွေလည်း အဲဒီတုန်းက ဘာမှနားမလည်ပါဘူး။ ကျောင်းကဆရာတွေ၊ ဆရာမတွေနဲ့ တွေ့ရင်လည်း နှုတ်ဆက်လိုက်တာပါပဲ။ သူတို့က "ဟာ… မင်းက ဘုရားရောက်နေပါ့လား… ဘာတွေလုပ်နေလဲကွ… ကောင်းပါတယ်ကွာ" ဆိုပြီး ချီးကျူးတာတွေလည်း ခံရပါသေးတယ်။ ငါတော်တော်ဟုတ်ပါလားဆိုပြီး ဘ၀င်တွေမြင့်နေချိန်ပေါ့။ ဘာပဲဖြစ်ဖြစ် စုပေါင်းပြီးဝိုင်းဝန်းလုပ်ဆောင်ရတဲ့ အရသာကတော့ ဘာနဲ့မှ မတူတာ အသေအချာပဲဗျ။ အားလုံး အလုပ်တွေပြီးတဲ့အချိန် ၀ိုင်းစုပြီး လက်ဘက်ရည်သောက်၊ အအေးသောက်ရတဲ့အရသာဟာ ဘာနဲ့မှကို မလဲနိုင်တဲ့ အမှတ်ရစရာပါပဲ။

လူကြီးတစ်ပိုင်း လူပျိုဟိုင်းကြီး ဖြစ်လာတဲ့အချိန်
တစ်ခါတစ်လေ သီတင်းကျွတ်ပြီဆိုတာတောင် သတိမထားမိဘူး။ ကလေးတွေကလည်း ကျွန်တော်တို့ ငယ်ငယ်တုန်းကလို လမ်းတွေပေါ်မှာ မီးပုံးရုပ်ကလေးတွေနဲ့ လမ်းသလားကြတော့တာ မဟုတ်ဘူးလေ။ အဲဒီတော့ သတိမထားမိဘူးပေါ့။ ပြီးတော့ အခုခေတ်က အိမ်တိုင်းလောက်နီးနီးက မီးစက်တွေ၊ လျှပ်စစ်မီးတွေ၊ အောက်လင်းမီးအိမ်တွေ၊ အင်ဗာတာတွေနဲ့ ထိန်ထိန်လင်းနေတဲ့အချိန်ဆိုတော့ ဖယောင်းတိုင်ထွန်းဖို့ဆိုတာ ဘယ်လိုမှကို စိတ်ကူးကြတော့တဲ့  ကာလမဟုတ်ဘူးလေ။ ဘုရားတွေပေါ်မှာပဲ ဆီးမီးထွန်းပွဲတွေဘာတွေ လုပ်ကြတော့တာ။ အဲဒီအတွက် သီတင်းကျွတ်ပြီလားဘာလားဆိုတာကို သတိမထားမိဘူး။

သတိထားမိတဲ့အချိန်မှာတော့ အတော်ကို ခေါင်းကြီးရတဲ့အချိန် ဆိုပါတော့။ ကိုယ့်အထက်က ဆရာသမားတွေကို ကန်တော့ရဦးမယ်။ သူများတွေလုပ်နေတာဆိုတော့ ကိုယ်တစ်ယောက်တည်း ချွန်ပြီး သွားမကန်တော့ရင်လည်း တစ်မျိုးအထင်ခံရဦးမယ်။ ပြီးရင် အဖေအမေကိုလည်း မလာနိုင်သေးတဲ့အကြောင်း အကြောင်းပြချက် အမျိုးမျိုး ပေးရဦးမယ်။ ရုံးမှာ အလုပ်တွေမအားလို့၊ ခွင့်မရလို့၊ အချိန်ပိုဆင်းရမှာမို့ စသည်ဖြင့်ပေါ့။ ဟုတ်ပါရဲ့။ အဖေနဲ့ အမေကို သီတင်းကျွတ်မကန်တော့ဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ။

စိတ်အညစ်ရဆုံးကတော့ မင်္ဂလာဆောင်ဖိတ်စာတွေပါပဲ။ ကိုယ်နဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ မင်္ဂလာဆောင်တာမို့ ဖိတ်တာဆိုရင် ဘာမှမပြောလိုပါဘူး။ သွားလည်းသွားပါတယ်။ ဒါပေမယ့် အခုကျတော့ ကိုယ့်ရုံးက စာရေးက သူ့တူမလေး မင်္ဂလာဆောင်ရင်လည်း ကိုယ့်ကိုဖိတ်၊ သူ့ညီမင်္ဂလာဆောင်ရင်လည်း ကိုယ့်ကိုဖိတ်၊ ရုံးကလုပ်ဖော်ကိုင်ဖက်တွေက သူတို့နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ အမျိုးတစ်ယောက်ယောက် မင်္ဂလာဆောင်ရင်လည်း ဖိတ်စာပို့တော့တာပဲ။ ဒီအတိုင်း လေးစားသမှုနဲ့ ကိုယ့်ကို ဖိတ်စာပေးရုံတင်ဆိုရင် အကြောင်းမဟုတ်ပါဘူး။ အခုတော့ ဖိတ်စာပေးရင်းနဲ့ ပြောသေးတယ်။ ဆရာ… လာဖြစ်အောင်လာနော်.. အစ်ကို… လာဖြစ်အောင်လာနော်… ညီလေး… လာဖြစ်အောင်လာနော်… တဲ့။ ကျွန်တော့်မှာ လူမှုရေးအရ ဟုတ်ကဲ့လို့ပဲ ခေါင်းညိတ်ရတော့တာပေါ့။ မချိပြုံးပြုံးရတော့တာပေါ့။ မင်္ဂလာဆောင်သွားတယ်ဆိုတာက ဒီအတိုင်း သွားစားလို့ရတာမျိုးလည်း မဟုတ်ဘူးလေ။ လက်ဖွဲ့လေးဘာလေးက ၀ယ်ရသေးတာကိုး။ ကိုယ့်ရတဲ့ လစာလေးနဲ့ ချင့်ချိန်ပြီး လက်ဖွဲ့စဉ်းစားရတာ ဘယ်လောက်ဦးနှောက်ခြောက်တယ် အောက်မေ့လဲ။ တစ်ခါတစ်လေ တစ်လထဲမှာ မင်္ဂလာဆောင်ဖိတ်စာ ၄ စောင်လောက်များ ရလို့ကတော့ သေချင်စော်ကို နံရောပဲ။ ပိုဆိုးတာက ကိုယ်သွားစားနေတဲ့ မင်္ဂလာဆောင်မှာ ရှိနေတဲ့ သတို့သား၊ သတို့သမီးက ကိုယ်နဲ့ တစ်ခါမှလည်း မမြင်ဖူးဘူး၊ မသိကျွမ်းဘူးတဲ့လူတွေ ဖြစ်နေတာမျိုးပါ။ ကိုယ့်ကို လာဖြစ်အောင်လာခဲ့နော်လို့ ခေါ်တဲ့ သကောင့်သားတွေဆိုတာ ဘယ်ရောက်နေမှန်းတောင် မသိဘူး။ အတော်ကို စိတ်တိုဖို့ မကောင်းဘူးလားဗျာ။

မင်္ဂလာဆောင်ဖိတ်စာတွေထက် ပိုဆိုးတာကတော့ ကိုယ့်ကိုလာပြီး ဘယ်လိုလဲ ဘာညာမေးတဲ့ကိစ္စပါ။ ဘာလဲဗျာ။ ကိုယ့်ဘာသာကိုယ် မိန်းမ မယူသေးတာပဲ လူတွေကလည်း သူတို့အလုပ်ကျနေတာပဲ။ ပြီးရင် မေးတာကလည်း ရိုးရိုးမေးတာမဟုတ်ဘူး။ အရင်ကဆို ပုံမှန်နှုတ်ဆက်နေကျကို အခုသီတင်းကျွတ်ကာမှ အခေါ်အပြောတွေက ပြောင်းသွားတယ်။ "ဘယ်လိုလဲ.. လူပျိုကြီး" တဲ့။ ဒုက္ခပဲ။ အိမ်ထောင်မရှိသေးတဲ့လူကို လူပျိုလို့ ခေါ်တာဟာ သတ်မှတ်ချက်တစ်ခုပဲ။ ဘာထူးဆန်းလို့လဲ။ အိမ်ထောင်မရှိသေးတဲ့ မိန်းမကို အပျိုလို့ ခေါ်တယ်။ လင်နဲ့မယား ဘ၀တစ်ခုကို ထူထောင်ထားကြရင် အိမ်ထောင်သည်လို့ ခေါ်ကြတယ်ဗျာ။ ဘာများထူးဆန်းလို့လဲ။ အခုတော့ "လူပျို" ဆိုတဲ့ စကားလုံးကပဲ တစ်ခုခုချို့ယွင်းနေတဲ့လူကို ခေါ်သလိုလို၊ မစွံတဲ့လူကို ခေါ်သလိုလို သုံးနှုန်းနေတာကတော့ နည်းနည်းများ လွန်လွန်းပြီလားလို့ပါဗျာ။ အခုတော့ ကြည့်ပါဦး၊ မေးလိုက်ကြတဲ့ မေးခွန်းတွေက…
"လူပျိုကြီး… ဒီဝါကျွတ်လည်း မပါသေးဘူးလား"
"လူပျိုကြီး… အငယ်တွေက ကျော်တက်ကုန်ကြပြီနော်"
"လူပျိုကြီး… မငယ်တော့ဘူးနော်"
"လူပျိုကြီး… မစားရသေးဘူးလားဗျ"
"ဘယ်လိုလဲ လူပျိုကြီးရဲ့… ဒီနှစ်လည်း မကျွတ်သေးဘူးလား"
"လူပျိုကြီး… ကျွန်တော်တို့ကို ဖိတ်စာပေးဖို့ မေ့မနေနဲ့ဦးနော်.."

ကဲ… မြင်တယ်မလား။ လူတွေများ ကိုယ့်ဘာသာကိုယ် လုပ်စရာရှိတာ လုပ်တာမဟုတ်ဘူး။ အလကားနေရင် သူများကိစ္စတွေကို စိတ်ဝင်စားနေတယ်။ သူများတွေ မင်္ဂလာဆောင်တာ၊ မဆောင်တာ သူတို့နဲ့ ဘာဆိုင်တာ ကျနေတာပဲ။ မင်္ဂလာဆောင်တဲ့လူတွေကဖိတ်လို့ ပွဲတွေသွားတက်ပြီးရင်လည်း အတင်းပြောကြဦးမှာ မသိတာ ကျနေတာပဲ။
"ဟိုနေ့က မင်္ဂလာဆောင်မှာ ကျွေးတဲ့ဒံပေါက်က ကောင်းလိုက်တာ"
"သတို့သမီးက အသက်တော်တော်ကြီးနေပြီ… ဘယ်လိုလုပ်ပြီးများ ယူလိုက်ကြသလဲမသိဘူး"
"သတို့သားကလည်း မှုန်ကုပ်ကုပ်နဲ့ကွာ… စိတ်မပါသလိုနဲ့"
"ရေခဲ့မုန့်တွေက အရည်တွေပျော်နေတာ… အဆင်မပြေပါဘူးအေ…"
"ဟဲ့… သတို့သမီးဆင်ထားတဲ့ လက်ဝတ်ရတနာတွေက နည်းတာမဟုတ်ဘူးဟဲ့… ငှားထားတာပဲဖြစ်ရမယ်"
"ဟိုကောင်က လက်ဖွဲ့ကျတော့ နာရီလေးတစ်လုံးဝယ်ပေးပြီး တစ်အိမ်လုံးကိုခေါ်လာပြီး လာစားသွားတယ်"
ပြောရရင် ကုန်မှာမဟုတ်ပါဘူး။ ကြားနေကျစကားလေးတွေကို ရေးချလိုက်တာပါ။ အဲဒီလိုမျိုး စကားတွေကို သေသေချာချာ သုတေသနလုပ်ပြီး စာအုပ်ထုတ်မယ်ဆိုရင်တောင် အဲဒီကျမ်းက အတော်ကြီးလိမ့်မယ် ထင်တယ်။

အဲဒီတော့ ကျွန်တော့်ကိုမေးမယ်။ "သီတင်းကျွတ်မှာ ခင်ဗျားဘာလုပ်သလဲ" လို့။ ကျွန်တော်ကလည်း ဖြေမယ်။ "ဘာမှ ထွေထွေထူးထူး မလုပ်ဘူး"လို့။ ဟုတ်တယ်။ အားလုံးပုံမှန်အတိုင်းပါပဲ။ မနက်ဘုရားကန်တော့တယ်။ နာမည်ကြီးဘုရားတွေကိုသွားရင် ဒီအချိန်က လူတွေပြည့်နေမှာ သေချာလို့ပဲ။ လူတွေအများကြီး ကြားထဲကို မျက်စိနောက်ခံပြီး မသွားချင်တော့ဘူး။ ကိုယ့်အခန်းမှာကိုယ်ပဲ ဘုရားကန်တော့လိုက်တယ်။ ကိုယ်တိုင်သွားပြီး မကန်တော့နိုင်တဲ့အတွက် မိဘနှစ်ပါး၊ ဆွေမျိုးသားချင်းတွေ၊ ဆရာ၊ ဆရာမတွေကို စိတ်ထဲကနေပြီးတော့ ဘုရားကန်တော့ရင်း ရည်မှန်းပြီး ကန်တော့လိုက်တယ်။ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် တ၀ကြီး အိပ်ရေးဝအောင် အိပ်ပစ်လိုက်တယ်။ စာအုပ်တွေ၊ ဂျာနယ်တွေဖတ်တယ်။ အလုပ်နဲ့ပတ်သက်တာတွေ အကုန်မေ့ထားလိုက်တယ်။ အခုဆို ဘလော့ဂ်မှာတင်ဖို့ ပို့စ်တောင်ရေးနေသေးတယ်။ ကဲ ဘယ်လောက်ကောင်းတဲ့ သီတင်းကျွတ်လဲ။

သြော်… ဒါနဲ့ သီတင်းကျွတ်မှာ သူများတွေ ကျွတ်ကုန်ကြတာကိုမြင်တော့ ကျွန်တော်လည်း ဘယ်တော့မှ ကျွတ်မလဲလို့တော့ စဉ်းစားမိတယ်။ တစ်သက်လုံးတော့ ဒီအတိုင်း မနေပါဘူး။ အခုတော့လည်း ကျွန်တော့်ကို ချွတ်မယ့်လူ မရှိသေးတဲ့အတွက် မကျွတ်သေးပါဘူး။ ကျွန်တော်ကလည်း အချွတ်မခံချင်သေးတဲ့အတွက် မကျွတ်ချင်သေးပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ ကျွန်တော်လုပ်ချင်တဲ့အလုပ်တွေကို နောက်ထပ် ၂ နှစ်၊ ၃ နှစ်လောက် လုပ်ချင်ပါသေးတယ်။ ပြီးရင်တော့… ကျွန်တော်နဲ့အတူ သီတင်းကျွတ်ပွဲဆင်နွှဲမယ့်လူကို မဖြစ်မနေ ရှာကိုရှာတော့မှာပါ။ မဟုတ်ရင်… မိုးမိုးရဲ့ တနင်္ဂနွေမိုးရေစက်များစီးရီးထဲက သီချင်းကြီးလို ဖြစ်နေမှာစိုးလို့ပါ။ သိချင်ရင် နားထောင်ကြည့်ပေါ့ဗျာ။ တင်ပေးလိုက်ပါ့မယ်။

မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်နှင့်အတူ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေဟု….။

ဆုမွန်ဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊ စနေနေ့။
(သီတင်းကျွတ်လပြည့်နေ့)
နေ့လည် ၂ နာရီ ၁၈ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics