လက်ပွန်းတတီးရင်းနှီးတဲ့ တပည့်ကျောင်းသားဟောင်းတစ်ယောက် တစ်နေ့က လာကန်တော့ နှုတ်ဆက်ပါတယ်။ နိုင်ငံခြားတစ်ခေါက် ပြန်သွားဦးမယ်။ နည်းနည်းတော့ ကြာလိမ့်မယ်လို့ ပြောပါတယ်။ ဒီကအလုပ်တွေ ဘယ်သူနဲ့ ထားခဲ့မှာလဲလို့မေးတော့ စက်ရုံပိတ်လိုက်တာ တစ်နှစ်ကျော်သွားပြီလို့ ပြောပါတယ်။
တစ်ဆင့်ခံအထည်ချုပ်
သူက တရုတ်(တိုင်ပေ)မှာ လေး၊ ငါးနှစ် သွားနေပြီး ပြန်လာတော့ အထည်ချုပ်စက်ရုံလေးတစ်ခု ထောင်ပါတယ်။ သူ့အပြောအရတော့ သေးသေးလေးပါ။ စက်အလုံးတစ်ရာလောက်နဲ့ပဲ တစ်ဆင့်ခံလုပ်ရတာပါလို့ ပြောပါတယ်။ သဘောကတော့ နိုင်ငံခြားဝယ်လက်ရှိထားတဲ့ ကုမ္ပဏီကြီးတွေကမနိုင်လို့ ခွဲပေးတဲ့အထည်တွေ ချုပ်ပေးရတာဖြစ်ပါတယ်။ ၆ နှစ်၊ ၇ နှစ်လောက်ကြာတော့ အပ်ထည်မရှိတော့တာကြောင့် စက်ရုံပိတ်ပစ်လိုက်ပြီး စက်တွေကို လျှော့ဈေးနဲ့ ထုတ်ရောင်းလိုက်တယ်လို့ ပြောပါတယ်။
စည်သွတ်လုပ်ငန်းစိတ်ဝင်စား
ဒီတစ်ခေါက်တော့ တရုတ်(တိုင်ပေ)သာမက ကိုရီးယားကိုပါသွားမယ်။ ဘာလုပ်ရင်ကောင်းမလဲဆိုတာ လေ့လာမယ်လို့ဆိုပါတယ်။ သူ့စိတ်ထဲမှာတော့ စည်သွတ်လုပ်ငန်းလုပ်ဖို့ ရည်မှန်းချက်ရှိတယ်လို့လည်း ပြောသွားပါတယ်။ သူပြန်သွားတော့လည်း ခေါင်းထဲမှာ စဉ်းစားစရာတွေ ကျန်နေရစ်ပါတယ်။ သူသာမက တခြားတပည့်တွေ တော်တော်များများလည်း စီးပွားရေးနယ်ပယ်ထဲမှာ လုပ်ကိုင်နေကြပါတယ်။ ကုမ္ပဏီထောင်ကြ၊ စက်ရုံလုပ်ငန်းလုပ်ကြပေါ့။ ဟိုးဟိုးကျော် အောင်မြင်နေသူရှိသလို၊ သာမန်လောက် ဖြစ်နေသူ၊ အခုတပည့်လို လုပ်ငန်းပိတ်သိမ်းသွားရသူတွေလည်း ရှိပါတယ်။
အလွယ်လမ်းလိုက်နေကြ
အောင်မြင်သူ၊ အသင့်အတင့်ဖြစ်သူ၊ မအောင်မြင်သူ သုံးမျိုးစလုံးကို ကြည့်လိုက်တော့ အားလုံးလိုလိုဟာ ခေတ်စားနေတဲ့ ပေါ်ပင်လုပ်ငန်းတွေဖြစ်ကြတဲ့ Trading ကုန်ကူးသန်းရောင်းဝယ်ရေး၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စတာတွေပဲ လုပ်ကိုင်နေကြတာ သတိပြုမိပါတယ်။ အတော်များများကဆို တစ်ခါသောက် ကော်ဖီမှုန့်ထုတ်လုပ်ငန်း၊ ခေါင်းလျှော်ရည်ထုတ်လုပ်ငန်း စတာတွေဖြစ်ပါတယ်။ နိုင်ငံရဲ့ စက်မှုနည်းပညာတွေ တိုးတက်ထွန်းကားရေးအတွက် အရေးပါတဲ့လုပ်ငန်းမျိုးတွေ တယ်မတွေ့ရပါဘူး။ အလွယ်လမ်းလိုက်ပြီး လတ်တလော အလုပ်ဖြစ်ဖို့ပဲ အာရုံပြုကြတယ်လို့ ယူဆပါတယ်။ ရေရှည်အတွက် တယ်ပြီးစဉ်းစားကြပုံ မရပါဘူး။
ပွဲစားလုပ်ဖို့လောက်သာစိတ်ကူးရှိ
ဂျပန်၊ စင်ကာပူ၊ တရုတ်(တိုင်ပေ) စတဲ့နိုင်ငံတွေမှာ လေးငါးဆယ်နှစ် သွားနေပြီး ပြန်လာကြသူလူငယ်တွေ အမြောက်အမြားရှိပါတယ်။ သူတို့တစ်တွေကလည်း အဲဒီနိုင်ငံက အဆက်အသွယ်တွေရဲ့ ပွဲစားအေးဂျင့်လုပ်ဖို့လောက်သာ စိတ်ကူးရှိကြပြီး ဒီကပစ္စည်း ဟိုပို့၊ ဟိုကပစ္စည်း ဒီသယ် ဆိုတာမျိုးလောက်ပဲ လုပ်ကြပါတယ်။ ကိုယ့်အခြေအနေနဲ့ လုပ်နိုင်လောက်တဲ့ ဟိုနိုင်ငံတွေက အိမ်တွင်းစက်မှု လုပ်ငန်းမျိုးလေးတွေကို လေ့လာအတုယူပြီး ဒီမှာလုပ်သူဆိုလို့ မရှိသလောက်ပါပဲ။ စကားပြောကြရင်တော့ ဟိုက ဆိုနီကုမ္ပဏီကြီးက ဘယ်လို၊ တိုယိုတာကုမ္ပဏီကြီးကဘယ်ပုံ၊ ဒေ၀ူးက ဘယ်သို့၊ ဟွန်ဒိုင်းက ဘယ်နည်းစတဲ့ ကြီးကြီးကျယ်ကျယ်တွေချည်းပါပဲ။
ခဲတံ၊ ခဲဖျက်တောင် ၀ယ်သွင်းနေရ
လက်တွေ့ကျတော့ ကျွန်တော်တို့ဟာ ကလေးတွေသုံးနေရတဲ့ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ဘောလ်ပင် စတာတွေတောင် နိုင်ငံခြားက ၀ယ်သုံးနေကြရပါတယ်။ ရှက်စရာ၊ ရင်နာစရာကောင်းလှပါတယ်။ မြန်မာနိုင်ငံဟာ သစ်ပေါ၊ ၀ါးပေါတဲ့ နိုင်ငံပါ။ ခဲတံလုပ်တဲ့ ခဲလည်း ထွက်ပါတယ်။ ခဲဖျက်လုပ်တဲ့ ရော်ဘာလည်း ထွက်ပါတယ်။ ခဲတံ၊ ခဲဖျက်လုပ်တဲ့ လုပ်ငန်းလောက်တော့ နည်းပညာတွေ၊ စက်ကိရိယာတွေလည်း ကြီးကြီးကျယ်ကျယ် မလိုပါဘူး။ အိမ်တွင်းစက်မှု လုပ်ငန်းလေးတွေအဖြစ်တောင် လုပ်နိုင်ပါတယ်။ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ဘောလ်ပင်၊ ပင်အပ်၊ ကလစ်ဆိုတဲ့ ပစ္စည်းတွေဟာ ကျောင်းသားတင်မက ရုံးတွေမှာလည်း မရှိမဖြစ် သုံးရတဲ့ပစ္စည်းတွေဖြစ်တယ်။
လုပ်ရကောင်းမှန်းမသိတာ
မြန်မာနိုင်ငံလူဦးရေဟာ သန်း ၅၀ ကျော်ပြီလို့ ဆိုတယ်။ ကျောင်းသားနဲ့ ၀န်ထမ်းအလုပ်သမားဦးရေဟာ သန်း ၂၀ လောက်တော့ ရှိလိမ့်မယ်ထင်တယ်။ အဲဒီလူတွေအတွက် ခဲတံတွေ၊ ဘောလ်ပင်တွေ တစ်နှစ်ဘယ်လောက် လိုအပ်မလဲ။ ပစ္စည်းတွေက ကျွန်တော်တို့မှာ အစုံရှိပြီးသား။ ဘာကြောင့် မလုပ်နိုင်ကြတာလဲ။ တကယ်တော့ မလုပ်နိုင်တာ မဟုတ်ဘူး။ လုပ်ရကောင်းမှန်း မသိကြတာ။ အထက်မှာပြောခဲ့သလို ခေတ်စားနေတဲ့ ပေါ်ပင်တွေလိုက်ပြီး လတ်တလော အလုပ်ဖြစ်ရေးလောက် ကြည့်တတ်ကြတာ။ တစ်ယောက်က ကော်ဖီဆို ၀ိုင်းပြီးကော်ဖီလိုက်ကြ၊ တစ်ယောက်က ခေါင်းလျှော်ရည်ဆို ၀ိုင်းပြီး လျှော်လိုက်ကြ၊ တစ်ယောက်က ဆောက်လုပ်ရေးဆို ၀ိုင်းပြီး ဆောက်လိုက်ကြ၊ နောက်ဆုံးကျတော့ ခဲတံနဲ့ ခဲဖျက်တောင် နိုင်ငံခြားက ၀ယ်သုံးနေကြရရော။ ရင်နာစရာမကောင်းဘူးလား။
အသေးအဖွဲ မထင်နဲ့
ပညာတတ် လူငယ်လုပ်ငန်းရှင်လေးတွေကို "အလှမ်းကျယ်အလယ်လပ်" မဖြစ်ပါစေနဲ့လို့ သတိပေးချင်ပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတ ကြွယ်ဝလှပါတယ်။ ဒီသယံဇာတတွေကိုသုံးပြီး အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းမျိုးလေးတွေ (SMEs) တည်ထောင်ဖို့ စိတ်ကူးကြစေချင်ပါတယ်။ အထက်မှာပြောခဲ့သလို ခဲဖျက်နဲ့ ပေတံ လုပ်ဖို့လောက်က ဘာစက်ကိရိယာကြီးတွေ ကြီးကြီးကျယ်ကျယ် လိုမှာလဲ။ သေးသေးမွှားမွှား လုပ်ငန်းလေးတွေပဲလို့ မထင်ပါနဲ့။ ကျောင်းသားနဲ့ အလုပ်သမားဝန်ထမ်းဦးရေ ဘယ်လောက်ရှိသလဲ၊ တစ်နှစ်ကို ဘယ်လောက်လိုအပ်သလဲဆိုတာ မှန်းဆကြည့်လိုက်စမ်းပါလို့ပဲ တိုက်တွန်းလိုက်ပါရစေတော့။
Sunday, October 04, 2009
အလှမ်းကျယ် အလယ်လပ် မဖြစ်စေချင် - လူထုစိန်ဝင်း
( လူထုစိန်ဝင်း ၏ မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )
Posted by Ko Nyan Posted Time 3:10 PM
Labels စာအုပ်မှတ်စုများ, ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment