ငါးထောင်ကျပ်တန်သစ် ထွက်ရှိလာခြင်းသည် ငွေကြေးဖောင်းပွမှုကို ကာမိစေပြီး သယ်ယူရာတွင် ယခင်ထက် ပိုမိုလွယ်ကူလာစေဟု ကျွမ်းကျင်သူများကဆို
မြန်မာနိုင်ငံတွင် ငါးထောင်ကျပ်တန်သစ် ထွက်ရှိလာခြင်းသည် ငွေကြေးဖောင်းပွမှုကို ကာမိစေပြီး သယ်ယူရာတွင် ယခင်ထက်ပိုမို လွယ်ကူလာစေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငါးထောင်ကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေပြီဖြစ်ရာ ယင်း ၅၀၀၀ ကျပ်တန် အသစ်ထွက်ရှိလာခဲ့သည့်အပေါ် စီးပွားရေးပညာရှင်၊ ဘဏ်လုပ်ငန်းပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်များက ယင်းကဲ့သို့ သုံးသပ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"ငွေကြေးဖောင်းပွမှုကာမိစေဖို့ ငါးထောင်ကျပ်တန် ထွက်သင့်တယ်။ ငွေကြေးကို အဓိက သုံးစွဲလည်ပတ်နေတဲ့ စီးပွားရေးအဆောက်အအုံကြီးအတွက် ငွေဖောင်းပွမှုကိုကာမိပြီး အဆင်ပြေစေဖို့ ငါးထောင်ကျပ်တန်က တကယ်လိုအပ်ပါတယ်" ဟု ဆရာခင်မောင်ညို(ဘောဂဗေဒ)က ပြောသည်။
သယ်ယူရလွယ်
ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဆရာဦးဝင့်ကျော်က "အခုအချိန်မှာ Volume of Trade က အရမ်းများတယ်။ တစ်ဖက်က ငွေအရမ်းသုံးရတယ်။ ကုန်သွယ်မှုပမာဏကလည်း အရမ်းများနေတယ်။ ဒါကြောင့် အဓိကအားဖြင့် ငွေကို သယ်ယူလို့လွယ်ကူအောင် လုပ်တဲ့သဘောပဲ" ဟု ဆိုသည်။
သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကလည်း "၅၀၀၀ ကျပ်တန်ဖြစ်တော့ ငါးဆငွေပွားမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြည်သူလူထုသုံးရလွယ်အောင် ငွေတစ်ထောင်တန်တွေ အများကြီးသုံးရမယ့်အစား ၅၀၀၀ ကျပ်တန် ထုတ်ပေးလိုက်တယ်လို့ပဲ မြင်တယ်" ဟု ဆိုသည်။
ဆရာခင်မောင်ညိုက ဆက်လက်၍ "တစ်ထောင်တန်ငါးရွက် ပေးချေရမယ့် ပေးချေမှုကို ငါးထောင်တန်တစ်ရွက်နဲ့ ပေးရမယ်၊ သယ်သူသိမ်းဆည်းရတာလွယ်ကူမယ်။ ပြီးတော့ တစ်ထောင်ကျပ်တန် ငါးရွက်အစား ငါးထောင်ကျပ်တန် တစ်ရွက်တည်း ရိုက်လိုက်ရတာ ပိုလွယ်မယ်လို့ ယူဆလို့ရပါတယ်။ အခုလို ငါးထောင်တန်ထုတ်တဲ့အတွက် ငွေကြေးဖောင်းပွမှု ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တစ်ထောင်တန် ငါးရွက်အစား ငါးထောင်တန်ငါးရွက်ရိုက်ရင်တော့ ဖောင်းပွဲမှု ဖြစ်နိုင်တယ်" ဟု ဆိုသည်။
ဆရာဦးဝင့်ကျော်က "၅၀၀၀ ကျပ်တန်ထုတ်တာက ပြဿနာမရှိဘူး။ ထုတ်တဲ့သူဘက်က ပြဿနာမရှိဘူး။ လွယ်ကူအောင်လုပ်ပေးတာပဲ။ ဒါပေမယ့် ပြဿနာက မြန်မာနိုင်ငံကလူတွေက အဓိပ္ပါယ်လွဲမှားစွာ ကောက်ယူပြီး တုန်လှုပ်တတ်ကြတယ်။ အဲဒီလို တုန်လှုပ်တာကို အခွင့်ကောင်းယူပြီး စီးပွားရေးဝိသမလောဘသားတွေက ကုန်ဈေးနှုန်းတွေတက်အောင် လုပ်ပစ်ကြတယ်။ အမှန်တကယ်က ဘာမှမဖြစ်နိုင်ပါဘူး။ လောလောဆယ် အခြေအနေမှာတော့ ကုန်ဈေးနှုန်းတက်တာအပြင် တခြားဘာ Impact မှ မဖြစ်နိုင်ပါဘူး။ ရေတိုကုစားတဲ့ နည်းလမ်းပဲ။ ၅၀၀၀ ကျပ်တန်တင်မကဘူး။ တစ်သိန်းတန်ပါ ထုတ်ဖို့ကောင်းတယ်။ အစိုးရအနေနဲ့က လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်တာပါ။ လုပ်သင့်တာလဲ ကြာနေပြီ။ ဒီလိုလုပ်လို့လဲ ဘာမှမဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်" ဟု ဆိုသည်။
သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆက်လက်၍ "ပွင့်လင်းရာသီ ရောက်လာတဲ့အခါကျတော့ နယ်ကပစ္စည်းဝယ်မယ့် ကုန်သည်တွေရှိတယ်။ ကုမ္ပဏီကြီးတွေကတော့ ဒီ Trade ကို သိနေတဲ့အခါကျတော့ လောပြီးတော့ ၀ယ်မှာမဟုတ်ဘူး။ အရင်တုန်းကတည်းက သူတို့ဆီမှာက လုံလုံလောက်လောက် Export Earning တို့၊ Dollar တို့ ၀ယ်ပြီးသားဖြစ်တော့ သိပ်ပြီးတော့ ပြဿနာမဖြစ်လောက်ဘူး။ တချို့ကုမ္ပဏီလေးတွေကတော့ အခုအချိန်မှာ ကိုက်မယ်ဆိုပြီးတော့ သွင်းမယ့်လူတွေရှိတယ်။ သူတို့တွက်တာကတော့ ဒေါ်လာ ၁၂၀၀ ၀န်းကျင်လောက်မှန်းပြီး တွက်ထားတာမျိုး ရှိတယ်။ ဈေးလည်း နည်းနည်းတက်သွားတဲ့အချိန်ကျတော့ ငါကိုက်ရန်ပြီးရောဆိုပြီး ၀ယ်ကြမယ့်လူတွေလည်း ရှိနိုင်တယ်။ အဲဒီတော့ နှစ်ပတ်၊ သုံးပတ်လောက်အတွင်းမှာ ဈေးတွေတက်နိုင်တယ်။ ပြီးရင်တော့ ပြန်ငြိမ်သွားမှာပါ။ အစိုးရက အခုအချိန်မှာ ငွေကြေးဖောင်းပွမှုကို အင်မတန်မှကို Control လုပ်ထားတာ။ အိမ်လေလံ၊ ကားလေလံ အစုံပဲ။ အခွန်နည်းပေါင်းစုံနဲ့ ငွေကိုကျုံ့သွားအောင် သိမ်းဆည်းလာတာပေါ့နော်" ဟု သုံးသပ်သည်။
ဘုရင့်နောင်ပွဲရုံမှ ကုန်သည်တစ်ဦးက "စားသောက်ကုန်တွေကို နေ့စဉ် ပုံမှန်လည်ပတ်နေကြတာတွေဖြစ်လို့ တက်မယ်လို့တော့ မထင်ပါဘူး။ လက်ရှိ ဘုရင့်နောင်ထဲမှာတော့ ပြည်ပပို့ကုန်တွေဖြစ်တဲ့ ဥပမာ- ပဲဈေးတွေတော့ နည်းနည်းတက်တယ်။ သွေးတိုးစမ်းတဲ့ အနေနဲ့ပါ။ ၀ယ်ဖြစ်သွားပြီဆိုရင် မရောင်းတော့ဘူး။ စောင့်ကြည့်ဦးမယ်ဆိုတဲ့ သဘောပေါ့။ ပြောနိုင်တာတစ်ခုကတော့ ဇိမ်ခံပစ္စည်းမျိုးတွေကတော့ ငြိမ်သွားကြမှာပဲ။ လူတွေက အလဟဿ ထွက်ငွေမထုတ်ချင်တော့ဘူး။ စီးပွားရေးလုပ်နေတဲ့ ကုန်သည်တွေက အဓိကပဲ။ သူတို့စီးပွားအတွက် အကျိုးမရှိတာမျိုးတွေ ဒီလိုအချိန်မျိုးမှာ အထိခံမှာမဟုတ်ဘူး။ ခန့်မှန်းနိုင်တဲ့ ယူဆချက်တစ်ခုကတော့ နေ့စဉ်စားသောက်ကုန်တွေတော့ ဈေးနှုန်းထိုးတက်သွားနိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ ခုလို ငွေစက္ကူအသစ် ထုတ်လုပ်တယ်ဆိုတာမျိုးက မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအတွေ့အကြုံတော့ မဟုတ်တော့ပါဘူး။ ဒါကြောင့် ထိန်းသိမ်းသင့်တာတွေ ထိန်းကြမှာပါပဲ" ဟု သုံးသပ်ပြောဆိုသည်။
Friday, October 09, 2009
ငါးထောင်ကျပ်တန်ငွေစက္ကူသစ် (၂)
( ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၃၉ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
Posted by Ko Nyan Posted Time 10:35 AM
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment