သူ့စကားနှင့် စာရေးသူအတွေး
ကမ္ဘာသိ၊ ၀ါရင့်သံတမန် ဟင်နရီကစ်ဆင်းဂျား၏ သဘောထားအမြင်တစ်ခုနှင့် ဤစာစုကို စလိုသည်။ ကစ်ဆင်းဂျားက "အချို့သော ပြဿနာများမှာ ချက်ချင်းလက်ငင်းဖြေရှင်း၍ ရနိုင်သော်လည်း အချို့သော ပြဿနာများမှာ တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းအဖြေရှာရသည်ဖြစ်၍ ကာလတစ်ခု အချိန်ယူရသည်" ဟု ဆိုဖူးသည်။
စာရေးသူ၏အမြင် စစ်ပြီးခေတ်မြန်မာနိုင်ငံရေးတွင် ပြဿနာသုံးရပ် တောက်လျှောက်ဆိုသလို ရှိနေသည်ဟု ယူဆသည်။ အိုင်ဒီအိုလိုဂျီပြဿနာ၊ လူမျိုးစုပြဿနာနှင့် စစ်ဘက်အရပ်ဘက် ဆက်ဆံရေးပြဿနာတို့ ဖြစ်သည်။ ဤပြဿနာသုံးရပ်လုံးမှာ ကစ်ဆင်းဂျားပြောသော ဒုတိယအမျိုးအစား ပြဿနာများဖြစ်သည်ဟုလည်း သဘောရသည်။
သို့အတွက် ချက်ချင်းလက်ငင်း ဖြေရှင်းဖို့မလွယ်။ ကာလတစ်ခု အချိန်ယူဖြေရှင်းရမည့်သဘောရှိသည်။ ဤသို့မဟုတ်ဘဲ ချက်ချင်းအဖြေရလိုစိတ်ဖြင့် ဇွတ်တိုးလျှင် အလျော်အစားကြီးနိုင်သည်။ "ဆေးအတွက်လေး" သော ဘေးထွက်ပြဿနာများနှင့် ရင်ဆိုင်ရဖို့ရှိသည်ဟု မြင်သည်။
အိုင်ဒီအိုလိုဂျီပြဿနာ
အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီး သုံးလမှ မပြည့်တတ်သေးခင် ပြည်တွင်းစစ်နှင့် တိုးခဲ့ရသည်။ တိုင်းပြည်သစ်ကို မည်သည့်စနစ်ဖြင့် ထူထောင်ကြမည်နည်းဆိုသည်ကို အငြင်းပွားကြသည်ဖြစ်ရာ အိုင်ဒီအိုလိုဂျီပြဿနာဟု ဆိုရပါလိမ့်မည်။ ဤအငြင်းပွားမှုကို ဒီမိုကရက်တစ်ဘောင်အတွင်း ညှိနှိုင်းအဖြေမရှာကြဘဲ အပြုတ်တိုက်ရေး ရယ်ဒီကယ်လမ်းကြောင်းအတိုင်း လိုက်ခဲ့ကြရာ တိုင်းပြည်ကံကြမ္မာ ရေစုန်မျောခဲ့ရသည်။
အဆိုးထဲက အကောင်းဟု ဆိုရမည်လားမသိ။ အဆိုပါ အိုင်ဒီအိုလိုဂျီပြဿနာမှာ အထူးအထွေ မဖြေရှင်းရဘဲ သူ့အလိုလို ပွဲပြီးသွားသည့်သဘော ရှိသည်။ ယခုအခါ မြန်မာအပါအ၀င် ကမ္ဘာ့လူထု၏ တိမ်းညွတ်မှုမှာ တစ်ပါတီစနစ်နှင့် စီမံကိန်းစီးပွားရေး မဟုတ်တော့။ ပါတီစုံစနစ်နှင့် ဈေးကွက်စီးပွားရေး ဖြစ်လာသည်။ အိုင်ဒီအိုလိုဂျီအရ အငြင်းပွားစရာမလိုတော့။
သို့နှင့်အမျှ တပ်မတော်အပါအ၀င် မြန်မာ့နိုင်ငံရေးအင်အားစုများကြား ဆက်ဆံရေးမှာ အိုင်ဒီအိုလိုဂျီရန်ဘက် မဟုတ်တော့။ မိတ်ဘက်ဖြစ်သွားပြီ။ ယခင် အခုအခံအစွဲအလမ်းများနှင့် အာဃာတတွေ ဖျောက်ဖို့သာ လိုတော့သည်။
လူမျိုးစုပြဿနာ
ကျွန်တော်တို့ ပြည်တွင်းစစ်မှာ အိုင်ဒီအိုလိုဂျီပြဿနာသက်သက်မျှ မဟုတ်။ လူမျိုးစုပြဿာနာနှင့်လည်း ဆက်စပ်နေသည်။ ဤပြဿနာမှာလည်း လက်နက်ကိုင်ပဋိပက္ခအသွင်ထိ ရောက်သွားခဲ့ရာ ဖြေရှင်းဖို့ ပိုခက်သွားသည်။ လွတ်လပ်ရေးသက်တမ်းတစ်လျှောက် "သွေးမတိတ်သောအနာ" လို ဖြစ်ခဲ့ရသည်။
တပ်မတော်အစိုးရလက်ထက် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း အများစုနှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ရာ တစ်ခုလုံးပြဿနာ အပြီးအသတ်ဖြေရှင်းရေးအထိ မရောက်သော်လည်း အစပြုချက်တစ်ခုဟု ဆိုနိုင်ပါလိမ့်မည်။ လာခြင်းကောင်းသော ဤအစပြုချက်အတိုင်း ဆက်လက်ညှိနှိုင်းအဖြေရှာကြလျှင် နှစ်ဖက်သဘောညီအမြင်တစ်ခု အသေအချာရနိုင်စရာ ရှိသည်။
သို့အတွက် လူမျိုးစုပြဿနာမှာ ပြေလည်ရေးလမ်းကြောင်းပေါ် ရောက်နေပြီဟု ဆိုနိုင်သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် လွှတ်တော်တွင် အေးအေးညောင်းညောင်း ဆက်လက်ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
စစ်ဘက် အရပ်ဘက် ဆက်ဆံရေးပြဿနာ
အမှန်စင်စစ် ဤပြဿနာမှာ ကျွန်တော်တို့နိုင်ငံတစ်ခုတည်း ကွက်ဖြစ်သည်မဟုတ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတိုင်းလိုလို ရင်ဆိုင်ကြရသည့် ပြဿနာဖြစ်သည်။ အထူးသဖြင့် တည်ငြိမ်မှုနှင့် ဝေးနေသော ပြည်တွင်းစစ်ဖြစ်နေသည့် နိုင်ငံများတွင် အခြေအနေမှာ ပိုဆိုးသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လိုက်လျှင် လက်နက်ကိုင်တပ်ကို နိုင်ငံရေးဇာတ်သွင်းခဲ့သည်မှာ နိုင်ငံရေးပါတီများကိုယ်တိုင်ပင် ဖြစ်သည်။ ပထမဆုံး ကွန်မြူနစ်ပါတီက တပ်ထဲတွင် ကေဒါမွေးသည်။ အားကျမခံ ဆိုရှယ်လစ်များကလည်း တပ်ထဲတွင် ကေဒါမွေးကြပြန်သည်။ အကျိုးဆက်ကား ၄၉၊ ၅၈၊ ၆၂ ကိစ္စများပင် ဖြစ်တော့သည်။
နောက်တစ်ခုစဉ်းစားဖို့ရှိသည်မှာ ပြည်တွင်းစစ်သည် နိုင်ငံရေးပါတီများကြား အကွဲအပြဲမှ စခဲ့သော်လည်း ကာယကံမြောက် တိုက်ခဲ့ရသည်မှာ တပ်မတော်ဖြစ်သည်ဆိုသော အချက်ဖြစ်သည်။ ကွယ်လွန်သူ ၀ိဓူရသခင်ချစ်မောင် စကားနှင့်ဆိုရလျှင် ပြည်တွင်းစစ်ကို အကြောင်းခံ၍ စစ်ဘောင်ကျယ်လာရခြင်းဖြစ်သည်။ ဤမျှအမြစ်တွယ်လာသော အနေအထားတစ်ခုကို ချက်ချင်းလက်ငင်း ဖြေရှင်းဖို့ လွယ်လိမ့်မည်မဟုတ်။ ၂၀၁၀ အလွန်၊ ပါလီမန်တွင်းမှသာ ရေရှည်ညှိနှိုင်းအဖြေရှာကြရမည်ဟု စဉ်းစားမိသည်။ သို့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပြဿနာဖြေရှင်းရေးအတွက် လမ်းစဖြစ်နိုင်သည်ဟု မြင်သည်။
ထင်မြင်ချက်
ကျွန်တော်တို့နိုင်ငံအနေနှင့် အပြုတ်တိုက်ရေး၊ အပြန်အလှန်ဖယ်ထုတ်ရေး ရယ်ဒီကယ်လမ်းကြောင်း ခါးသီးသောအကျိုးဆက်များကို ကြုံခဲ့ရပြီး ဖြစ်ပါသည်။ နောက်ကြောင်းပြန်မလှည့်သင့်တော့ဟု သဘောရသည်။ ဒီမိုကရက်တစ်နိုင်ငံရေး အစကောင်းဖို့ဆိုလျှင် စိတ်ရှည်မှု၊ သည်းခံမှု၊ အချိန်စောင့်နိုင်မှုတို့ကို အရင်းတည်ဖို့လိုမည် ထင်ပါကြောင်း….။
Friday, October 09, 2009
ကစ်ဆင်းဂျားအမြင်နှင့် မြန်မာ့နိုင်ငံရေး ပြဿနာသုံးရပ် - ကျော်ဝင်း
( ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၃၉ အထူးအချပ်ပိုဖြစ်သည့် Political Times မှ ပြန်လည်ကူးယူဖော်ပြပါသည် )
Posted by Ko Nyan Posted Time 10:37 AM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment