Monday, October 12, 2009

လူတစ်ယောက်ကို တန်ဖိုးသတ်မှတ်တယ်ဆိုတာ - ကိုဉာဏ် (ပန်းလောင်မြေ)


တကယ်လို့သာ မနေ့ညက "လူပျိုကြီး" ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ငှားမကြည့်ခဲ့ဘူးဆိုရင်…..
တကယ့်လို့သာ အဲဒီဇာတ်ကားကို ကျွန်တော်တစ်ယောက်တည်း ကြည့်ခဲ့မယ်ဆိုရင်…….
တကယ်လို့သာ ကျွန်တော့်ရဲ့ဘလော့ဂ်ပို့စ်တစ်ခုမှာ အဲဒီမင်းသားအကြောင်း မရေးခဲ့ဘူးဆိုရင်…..
ကျွန်တော်ဒီပို့စ်ကို ရေးဖြစ်မယ်မဟုတ်တာ သေချာပါတယ်…..
အခုတော့ ရေးရပါပြီ… ရေးပြီဆိုတော့ ပြောရပါပြီ… ပြောပြီဆိုတော့ အမြင်တူတာတွေရှိသလို အမြင်မတူတာတွေ ရှိလာနိုင်ပါပြီ…. အဲဒီလို ရှိလာပြီဆိုတော့ ကြိုက်သလိုဝေဖန်နိုင်ကြပါပြီလို့ ကြိုတင်အသိပေးရင်း……….

မနေ့ညနေက ဗီဒီယိုခွေငှားဆိုင်ကို သွားပါတယ်။ ဗီဒီယိုခွေငှားချင်လို့ပါ။ တစ်နေ့တစ်နေ့ နောက်နေ့သင်မယ့်စာ ပြန်ဖတ်ရတာ၊ ပြင်ဆင်ရတာ၊ စာအုပ်စာစောင်ဂျာနယ်တွေဖတ်ရတာ၊ ဘလော့ဂ်မှာတင်ဖို့ စာတွေရိုက်ရတာနဲ့ အမြဲတစေလုံးပန်းနေရတာ တော်တော်ကို စက်ရုပ်ဆန်နေပါရောလားလို့ ကိုယ့်ဘာသာကိုယ် တွေးမိပါတယ်။ ရေရှည်ဆိုရင် အဲဒီလိုဘ၀ကြီးကို ငြီးငွေ့သွားနိုင်တဲ့အတွက် အပြောင်းအလဲလေးတွေကို ဖန်တီးတဲ့အနေနဲ့ စနေ၊ တနင်္ဂနွေနေ့တွေဆိုရင် စိတ်ကိုလွတ်လွတ်လပ်လပ် လွှတ်ပေးထားတတ်ပါတယ်။ မလုပ်မဖြစ်လုပ်ရမယ့် တာဝန်ကလွဲရင် အဲဒီနေ့တွေဆိုရင် ကိုယ့်စိတ်ထဲရှိသမျှကိုလုပ်ပြီး စိတ်ကိုဖြေလျှော့ပေးလိုက်ပါတယ်။ အခုလည်း ညပိုင်းမှာ ဗီဒီယိုလေးတော့ ကြည့်ဦးမှပါဆိုပြီး အတွေးပေါ်မိတဲ့အတွက် အခွေဆိုင်မှာ အခွေဝင်ရွေးတယ်ဆိုပါတော့။

ကိုယ်ကြည့်လေ့ရှိတဲ့ မင်းသား၊ မင်းသမီးပါတဲ့ ဇာတ်ကားတွေက အသစ်မထွက်၊ အသစ်ထွက်တဲ့ ဇာတ်ကားတွေကိုလည်း အကြောင်းပြချက်တစ်မျိုးမျိုးနဲ့ ကိုယ်ကမကြိုက်ပေါ့။ အခုလတ်တလောထွက်သမျှ အခွေတွေကို ဆိုင်ကပြပေမယ့် ကိုယ့်စိတ်ထဲမှာ ကြည့်လိုက်ဦးမှပါဆိုတဲ့စိတ်ပေါ်တဲ့ အခွေကို မတွေ့တော့ စိတ်ညစ်သွားပါတယ်။ နောက်ဆုံး အခွေဟောင်းတွေထားတဲ့ ခြင်းထဲမှာ စိတ်ရှည်လက်ရှည်ကို လိုက်ရှာရပါတော့တယ်။ ကြည့်ပြီးသားအခွေတော်တော်များများကို တွေ့ပါတယ်။ ပြန်ကြည့်ရင်ကောင်းမလားဆိုပြီး တွေးမိပါသေးတယ်။ ဒါပေမယ့် ဇာတ်လမ်းသိပြီးသားဟာတစ်ခုကို ပြန်ကြည့်လို့တော့ ဘယ်လိုမှ ဖီးလ်မလာနိုင်ဘူးဆိုပြီး အဲဒီအတွေးကို စွန့်လွှတ်လိုက်ပါတယ်။ အဲဒီလိုရွေးရင်းနဲ့ "လူပျိုကြီး" ဆိုတဲ့အမည်နဲ့ အခွေတစ်ခုကို တွေ့ပါတယ်။ ကျော်ဟိန်း၊ နန္ဒာလှိုင်လို့ ရေးထားပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြောရဦးမယ်။ ကျွန်တော်တို့ရဲ့ ဒုက္ခတစ်ခုက ကူးခွေတွေကိုပဲ ငှားကြည့်ရတဲ့ဒုက္ခပါ။ အခွေကွာလတီတွေဘာတွေကို ကျွန်တော်မသိပါဘူး။ ကျွန်တော်သိတာက ခိုးကူးခွေတွေဖြစ်တဲ့အတွက် သူ့မှာ ပိုစတာမရှိဘူး၊ ပိုစတာမရှိတဲ့အတွက် ဘယ်သူကဒါရိုက်တာ၊ ဘယ်သူ့ဝတ္ထု၊ ဇာတ်ညွှန်းကဘယ်သူ စသည်ဖြင့် ကြည့်လို့ကို မရတော့ပါဘူး။ ဆိုင်ကအလွယ်ပဲရေးထားတတ်တာလေ။ သူတို့က ဇာတ်ကားနာမည်ရယ်၊ မင်းသားရယ်၊ မင်းသမီးရယ် ဒါပဲရေးတယ်။ ကျန်တာက ဘာမှမမေးနဲ့။ သိလည်းမသိဘူး။ စိတ်လည်းမ၀င်စားဘူး။ ကိုယ်တွေကသာ ဒါရိုက်တာဘယ်သူဆိုရင်ဘယ်လို၊ ဘယ်သူ့ဝတ္ထုဆိုရင် ဘယ်လို၊ ဘယ်သူက ဇာတ်ညွှန်းကောင်းတယ် စသည်ဖြင့် သတိထား၊ မှတ်သား၊ ရွေးချယ်တတ်ပေမယ့် အခုခေတ်ဗီဒီယိုကြည့်တဲ့ လူအများစုက မင်းသားနဲ့ မင်းသမီးကိုပဲ ကြည့်ကြတာကိုး။

ပြန်ဆက်ရရင် ကျော်ဟိန်းဆိုတဲ့အတွက် ငှားရမှာ လက်တွန့်နေပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် ဇာတ်ကားနာမည် "လူပျိုကြီး" ဆိုတာကလည်း ငှားပါငှားပါဆိုပြီး ဆွဲဆောင်နေတယ်။ ကျော်ဟိန်းကို ကြောက်နေတာမဟုတ်ပါဘူး။ အာရုံသစ်ဒဏ်ကို ကျွန်တော်အများကြီးခံခဲ့ရပြီးပြီမို့ ကြောက်နေတာပါ။ သူပေးချင်တာတွေ၊ ပြချင်တာတွေက ကောင်းပါတယ်။ ဒါပေမယ့် သူ့ဇာတ်ကားတွေကြည့်တိုင်း အမြဲတမ်း ဆရာလုပ်ခံနေရ၊ အမြဲပဲ ပညာပေးခံနေရ၊ အမြဲတမ်းဝမ်းနည်းနေရ၊ အမြဲတမ်း စကားလုံးအကြီးကြီးတွေနဲ့ ပစ်ပေါက်ခံနေခဲ့ရတာဆိုတော့ ကြောက်နေတတ်တာ အပြစ်တော့မဟုတ်ဘူးထင်ပါတယ်။ ပုံမှန်အချိန်ဆိုရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကိုယ်က စိတ်ညစ်ငြူးနေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက် ဗီဒီယိုလေးငှားကြည့်ပါတယ်။ စိတ်မပြေစေဘဲ ကိုယ့်ကို တရားတွေဟော၊ ပညာတွေပေး၊ ဆရာတွေလုပ်၊ ဒဿနတွေအများကြီးနဲ့ ရှုပ်ထွေးအောင်လုပ်တဲ့ ဇာတ်လမ်းမျိုးကို ဘယ်သူကြည့်ချင်မလဲနော်။ အဲဒါကြောင့်ပါ။

ဒါပေမယ့် မင်းသမီးက နန္ဒာလှိုင်ဆိုတဲ့အတွက် အာရုံသစ်တော့ မဖြစ်နိုင်ဘူးလို့ တွေးလိုက်မိပါတယ်။ အာရုံသစ်က နာမည်ကြီးမင်းသမီးတွေနဲ့ ရိုက်လေ့မရှိပါ။ သူ့ဘာသာသူမွေးထုတ်ထားတဲ့ မင်းသမီးတွေကိုပဲ သုံးလေ့ရှိလို့ပါ။ အဲလိုမှမဟုတ်ဘဲ နာမည်ရှိပြီးသားမင်းသမီးကိုသုံးရင်တောင် တက်သစ်စ မင်းသမီးငယ်တွေကိုပဲ သုံးလေ့ရှိပါတယ်။ အဲဒါကြောင့် အရဲစွန့်ပြီး "လူပျိုကြီး"ကို ငှားလိုက်ပါတယ်။

စာတန်းထိုးပြီးဆိုကတည်းက ဒီဇာတ်ကားရဲ့ ဒါရိုက်တာဟာ ဟိန်းစိုး ဖြစ်မယ်ထင်တယ်လို့ တွေးမိပါတယ်။ ဒါရိုက်တာ ဟိန်းစိုးရဲ့အမှတ်အသားတွေဖြစ်တဲ့ ပန်းပွင့်လေးတွေ၊ ရှုခင်းလှလှလေးတွေနဲ့ ဖွင့်ထားလို့ပါ။ ထင်တဲ့အတိုင်းပဲ ဒါရိုက်တာဟိန်းစိုးလို့ စာတန်းထိုးတဲ့အချိန်မှာ အတော်လေးကို ပျော်သွားတာ ဟန်တောင်မဆောင်နိုင်ပါဘူး။ သရုပ်ဆောင်တွေနာမည်ထိုးတော့လည်း ဒီဇာတ်ကားဟာ ခပ်ပေါပေါကား မဟုတ်ဘူးဆိုတာ ခိုင်မာသွားပါတယ်။ ကျော်ဟိန်း၊ ခင်သီတာထွန်း၊ နန္ဒာလှိုင်၊ ခင်စိုးပိုင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဓာတ်လင်း၊ ဇင်မျိုး၊ ငှက်ပျော်ကြော် တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟာ အဆင့်တစ်ခုတော့ ရှိမယ်လို့ ယုံကြည်လိုက်ပါတယ်။ ဇာတ်လမ်းရေးတဲ့လူကို မသိပေမယ့် ဇာတ်ညွှန်းမြမြင့်မိုရ်ဆိုတဲ့အတွက်လည်း ကောင်းမယ်လို့ သိနေပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေကို လာကြည့်ဖို့ ခေါ်လိုက်ပါတယ်။

ဇာတ်လမ်းကိုမပြောတော့ဘူး။ အတော်လေးကို ကောင်းတယ်လို့ ညွှန်းပါရစေ။ အထူးသဖြင့် ဦးကျော်ရဲ့ သရုပ်ဆောင်မှုတွေကို ကျွန်တော့်မှာ သဘောကျလို့ကို မဆုံးဘူး။ ခဏခဏ ပြန်ပြန်ရစ်နေလို့ သူငယ်ချင်းတွေက မျက်စောင်းတွေဝိုင်းထိုးကြတယ်။ အကဲပိုလှချည်လားပေါ့။ ကျော်ဟိန်းကို ဒီနေ့ခေတ်မင်းသားတွေ လိုက်မီဖို့အတွက် မလွယ်ပါလားလို့လည်း တွေးမိတယ်။ ပြောတဲ့ဒိုင်ယာလော့ခ်အပေါ်မှာ မူတည်ပြီး မျက်နှာအမူအရာတွေကပါ စကားတွေပြောသွားတဲ့ ဦးကျော်ရဲ့ သရုပ်ဆောင်မှုတွေကိုကြည့်ပြီး ကျော်ဟိန်းဆိုတဲ့ နာမည်ဟာ မြန်မာ့ရုပ်ရှင်လောကမှာ ဘာကြောင့်အခိုင်အမာနေရာတစ်ခု ယူထားသလဲဆိုတာကို မြင်လိုက်ပါတယ်။ ပြောရရင် ဇာတ်ကားကြည့်နေတဲ့တစ်လျှောက်လုံး ကျွန်တော်ဟာ ကျော်ဟိန်းကို အမျိုးမျိုး ချီးမွမ်းပြီးသဘောကျနေမိတယ်ဆိုပါတော့။ အချို့အခန်းတွေဆိုရင် သဘောကျလွန်းလို့ ပြန်ရစ်ကြည့်တဲ့အထိပါ။

အဲဒီမှာ ဒီဇာတ်လမ်းစတာပါပဲ။ အတူကြည့်နေတဲ့ သူငယ်ချင်းတွေထဲကတစ်ယောက်က ကျွန်တော့်အကြောင်းကို အတော်များများသိသူ။ ကျွန်တော့်ဘလော့ဂ်ကိုလည်း ပုံမှန်ဖတ်သူဆိုပါတော့။ မကြာသေးခင်ကလေးကမှ ကျွန်တော့်ဘလော့ဂ်မှာ ဦးဇင်းကြီးဦးကျော်ဟိန်းကိစ္စနဲ့ပတ်သက်ပြီး အတိအလင်း ကျွန်တော်ဝေဖန်ရေးထားတာကို ဖတ်ဖူးနေတဲ့အပြင် စကားစပ်မိရင်လည်း ဦးဇင်းကြီးဦးကျော်ဟိန်းနဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုတတ်တာကို နားထောင်နေကျလူဆိုပါတော့။ အခုကျတော့ ဗီဒီယိုကြည့်နေရင်း ကျော်ဟိန်းကို သည်းသည်းလှုပ်ဖြစ်နေတော့ မြင်ပြင်းကတ်သွားပုံရပါတယ်။

"မင်းက ဘယ်လိုကောင်လဲကွ…. ဟိုနေ့ကပဲ ကျော်ဟိန်းက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဘလော့ဂ်ပေါ်မှာ လျှောက်ရေးတယ်…. မင်းပဲ သင်္ကန်းဝတ်နဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး တွေ့တဲ့လူတိုင်းကို ပြောတယ်…. အခုကျတော့ ကျော်ဟိန်းကို ချီးကျူးရတာနဲ့ ဒီနေ့ခေတ်မင်းသားတွေ မမီဘူးလေးဘာလေးနဲ့… ကြောင်တောင်တောင်နဲ့…. တကယ့်သောက်ရူးပဲ" ဆိုပြီး သြဘာပေးပါတယ်။

သူ့ကိုဘာမှ ပြန်မပြောတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဘလော့ဂ်ကို ဖတ်တဲ့အခါ ဒီပို့စ်ကို သူတွေ့မှာပါ။ အဲဒီအခါ ကျွန်တော်ပြောချင်တာတွေကို သူဖတ်ရမှာပါ။ အဲဒီအခါ သူအတန်အသင့်တော့ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရေပန်းအစားဆုံးဖြစ်ရပ်နဲ့ပဲ ဥပမာပေးပါမယ်။ မာရာဒိုနာဆိုရင် တစ်ကမ္ဘာလုံးလောက်နီးနီး သိကြပါတယ်။ အကောင်းဆုံး ဘောလုံးသမားတစ်ယောက်အဖြစ်လည်း အသိအမှတ်ပြုကြပါတယ်။ သူမတူတဲ့ သူ့ရဲ့ ကစားဟန်တွေဟာ ယနေ့အချိန်ထိ တသသပြောနေရတဲ့ မှတ်တိုင်တွေပါ။ ဘုရားပေးတဲ့လက် ဆိုပြီး အပိုဆုမှတ်တိုင်တစ်ခုတောင် အဆစ်ပါသေးတယ်။ အဲဒီလိုဘောလုံးသမားတစ်ယောက်ဟာ မူးယစ်ဆေးဝါးရဲ့ သားကောင်လည်း ဖြစ်ခဲ့ဖူးတယ်ဆိုတာကို တစ်ကမ္ဘာလုံး သိပါတယ်။ မူးယစ်ဆေးဝါးကြောင့် ကစားသမားဘ၀ကနေ အနားယူတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် မာရာဒိုနာ မူးယစ်ဆေးဝါးသုံးလို့ဆိုပြီး ဘယ်သူကမှ မာရာဒိုနာအပေါ် မုန်းမသွားခဲ့ကြပါဘူး။ သူတို့တွေမုန်းတာက မူးယစ်ဆေးဝါးသုံးစွဲမှုကိုပါ။ သူတို့တွေရှုံ့ချတာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုတွေပါ။ ယနေ့အချိန်အထိ တစ်ကမ္ဘာလုံးက မာရာဒိုနာကို ချစ်ခင်ဆဲပါ။ လေးစားဆဲပါ။ ဘာကြောင့်ပါလဲ….။

အခုဆိုရင် မာရာဒိုနာဟာ အာဂျင်တီးနားအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေပါတယ်။ အခြေအနေမကောင်းဘူး ဆိုပါတော့။ ဝေဖန်သံမျိုးစုံ၊ ဖိအားတွေမျိုးစုံကြားမှာ ရုန်းကန်နေရတယ် ဆိုပါတော့။ ကျွန်တော့်အမြင်အတိုင်းပြောရရင် မာရာဒိုနာဟာ အာဂျင်တီးနားလို လက်ရွေးစင်အသင်းကြီးတစ်ခုကို နည်းပြလုပ်ဖို့အတွက် အရည်အချင်းမမီဘူးလို့ ဆိုချင်ပါတယ်။ ကျွန်တော့်အမြင်ပါ။ ကစားသမားဘ၀မှာ သူဟာ ပြိုင်ဘက်ကင်းဖြစ်ခဲ့တာ အားလုံးအသိပါ။ ဒါပေမယ့်လို့ နည်းပြဘ၀မှာတော့ အဲဒီလိုဖြစ်ဖို့ သူအဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါရစေ။ ဖြစ်နိုင်တာကတော့ မာရာဒိုနာဟာ အနှေးနဲ့အမြန်ဆိုသလို နည်းပြဘ၀ကနေ ထွက်ခွာရပါလိမ့်မယ်။ ကျရှုံးခြင်းတွေနဲ့ ဖြစ်နိုင်ပါတယ်။ အဲဒီလိုများ ကျဆုံးလာခဲ့ရင် မာရာဒိုနာဆိုတဲ့ အမည်နဲ့ တန်ဖိုးတစ်ခုဟာ မှေးမှိန်ပျောက်ဆုံးသွားမယ်လို့ သင်ထင်ပါသလား။

ကျေးဇူးပြုပြီး မေးခွန်းလေးတစ်ခုလောက် မေးပါရစေ….

"လူတစ်ယောက်ကို ဘယ်လိုများ တန်ဖိုးသတ်မှတ်ပါသလဲ"

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၀ နာရီ ၅၃ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics