ယနေ့သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများ၏ဂုဏ်နှင့် အရေးပါမှုကို အသိအမှတ်ပြုဂုဏ်ပြုသောအားဖြင့် ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပါသည်။ ကလေးသူငယ်၊ လူငယ်လူရွယ်များမှသည် အရွယ်ရောက်ပြီးလူများအထိ "ဘ၀တစ်သက်တာပညာရေး"အခန်းကဏ္ဍတွင် ဆရာများ၏ အရေးပါမှုသည် ငြင်းမရသောအချက်ဖြစ်ပါသည်။ မည်သည့်ရည်ရွယ်ချက်များဖြင့် ကျင်းပသည်ပင်ဖြစ်စေ ဆရာများ၏အရေးပါမှုအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း၊ လေးစားမှုပြုခြင်းသည် ကောင်းမွန်သည့်လုပ်ရပ်ပင်ဖြစ်ပါသည်။
ကျွန်တော်တို့မြန်မာလူမျိုးများအတွက်မူ ဆရာဟူသည့်ဂုဏ်သည် အင်မတန်မှ ထူးခြားလှပါသည်။ မည်သည့်နိုင်ငံနှင့်မျှမတူ ကွဲပြားခြားနားလှသည့် မြန်မာတို့၏ ဆရာကို မြတ်နိုးလေးစားတန်ဖိုးထားမှုသည် မြန်မာတို့၏ အဆင့်အတန်းနှင့် အရည်အချင်းကို ဖော်ပြနေသည်ဟုပင် ဆိုနိုင်ပါသည်။ အထူးသဖြင့် ဘာသာရေးကိုအခြေခံကာ ပေါ်ထွန်းလာသည်ဟုဆိုရမည့် ဆရာအပေါ်လေးစားတန်ဖိုးထားမှု ယဉ်ကျေးမှု ဓလေ့ထုံးတမ်းသည် အခြားနိုင်ငံအားလုံးထက် အမြဲတမ်းခေါင်းတစ်လုံးမြင့်ခဲ့တာတော့ အသေအချာဖြစ်ပါသည်။
မြန်မာတို့သည် ဆရာဟူသည်ကို မိမိတို့ကိုးကွယ်ရာ ဘုရား၊ တရား၊ သံဃာနှင့် အားကိုးအားထားရာ မိဘတို့နှင့်အတူ တစ်တန်းတည်းထားကာ ဦးထိပ်ပန်ဆင်ကိုးကွယ်ဆည်းကပ်လာသည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီဖြစ်ပါသည်။ အနန္တောအနန္တငါးပါးဟူသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက် အထွဋ်အမြတ်ပင် ဖြစ်ပါသည်။ ထိုမျှဆိုလျှင် မြန်မာတို့၏ ဆရာအပေါ်မြတ်နိုးတန်ဖိုးထား လေးစားမှုကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မည်ထင်ပါသည်။
ယနေ့ခေတ်သည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ဖြစ်သည်ဟု ဆိုကြပါသည်။ နည်းပညာပေါက်ကွဲမှုက မည်သည့်ခေတ်နှင့်မျှမတူအောင် မြန်ဆန်များပြားလွန်းလှသည်။ ထိုကဲ့သို့သော ခေတ်ထဲတွင် ဆရာများအနေဖြင့်လည်း ခေတ်ကိုမျက်ခြေမပြတ်အောင်၊ ခေတ်နှင့်အမီရင်ဘောင်တန်းနိုင်အောင် ကြိုးစားနေကြရသည့် အချိန်ဖြစ်ပါသည်။ ယခင်ကကဲ့သို့ မိမိသိထားသမျှနှင့် တစ်သက်လုံး သင်ကြားပြသလမ်းညွှန်၍ မဖြစ်နိုင်သည့် အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ၊ အချိန်နှင့်အမျှ သင်ကြားနေရသည့်အခြေအနေဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက တိုးတက်နေသောခေတ်ထဲတွင် ကျန်နေရစ်ခဲ့သည့် ခေတ်ကျန်ခေတ်ဟောင်း ဆရာသာဖြစ်လာပါလိမ့်မည်။ ယနေ့ခေတ်တပည့်များဆိုသည်က မိမိတို့ခေတ်ကသို့မဟုတ်တော့ပြီ။ အရာရာကို စူးစမ်းလေ့လာထိတွေ့စမ်းသပ်နေသည့် မျိုးဆက်များ ဖြစ်နေကြပြီဖြစ်သည်။ ဒီနေ့ပေါ်သော နည်းပညာကို နောက်နေ့တွင် စမ်းသပ်ပြီးဖြစ်နေတတ်သည့် မျိုးဆက်များ ဖြစ်ကြသည်။ ထိုသို့သောအခြေအနေတွင် ဆရာများအနေဖြင့် သူတို့ထက်နောက်မကျအောင် အတော်ကြီး ကြိုးစားနေပါမှ တော်ကာကျမည့်အခြေအနေဖြစ်ပါသည်။
ဆရာဟူသည့်အလုပ်သည် သူဌေးဖြစ်နိုင်သည့်အလုပ်မဟုတ်ပါ။ ထို့အတူ ဘ၀ကိုအကြီးအကျယ် စိတ်ကူးယဉ်လို့ရသည့်အလုပ်လည်း မဟုတ်ပါ။ စေတနာ၊ ၀ါသနာ၊ အနစ်နာကို အခြေခံကာ အသံနာအောင် သက်ကြားကြရသည့် လူတန်းစားဖြစ်ပါသည်။ "မြတ်သောဆရာ၊ တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား၊ အားရှိပါ၏" ဆိုသော စကားသည် ဆရာတို့၏ဘ၀ကို မီးမောင်းထိုးပြနေသကဲ့သို့ ရှိပါသည်။ သို့သော် ဆရာဆိုသည့်လူစားကတော့ မှုနေမည်မထင်ပါ။ သူတို့စားရသော ပီတိကိုပင် နတ်သုဒ္ဓါမှတ်ထင်နေမည့် လူစားမျိုးများ ဖြစ်ကြပါသည်။ သူတို့ကိုယ်သူတို့ ဓားသွေးကျောက်များပမာ၊ လှေကားထစ်များပမာ တပည့်တွေ ထက်မြက်သွားစေဖို့၊ အပေါ်ကိုရောက်သွားစေဖို့ အပွန်းအပဲ့ခံကြမှာ၊ တွန်းတင်ပေးကြမှာသာ ဖြစ်ပါသည်။
ထိုကဲ့သို့အနှိုင်းမဲ့ဂုဏ်များနှင့် ပြည့်စုံသည့် ဆရာများကို ဂုဏ်ပြုသည့် ဆရာများနေ့ဆိုသည်မှာ မည်မျှဂုဏ်ယူပျော်ရွှင်ဖွယ်ရာ ကောင်းလိုက်ပါသနည်း။ နိုင်ငံအသီးသီးတွင် ဆရာများနေ့ကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပကြပါလိမ့်မည်။ မြန်မာနိုင်ငံတွင်တော့ ထိုသို့ပွဲမျိုးကို တစ်သီးတစ်ခြားကျင်းပကြလိမ့်မည်ဟု ကျွန်ုပ်တို့မထင်ပါ။ မြန်မာလူမျိုးတို့အဖို့ ဆရာဟူသည်မှာ နေ့စဉ်နေ့တိုင်း ဘုရားကန်တော့လျှင်ပင် ထည့်၍ကန်တော့နေကျဖြစ်သည့် လူတန်းစားတစ်ရပ်ဖြစ်ပါသည်။
"အတတ်လည်းသင်၊
ပဲ့ပြင်ဆုံးမ၊
သိပ္ပံမချိန်၊
ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့၊
ဆရာတို့" ဆိုသည့် ဆရာ့ဝတ်ငါးပါးသည်လည်းကောင်း၊
"ညီညာထကြွ၊
ဆုံးမနာယူ၊
လာမူကြိုဆီး၊
ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊
တပည့်ဝတ်" ဆိုသည့် တပည့်ဝတ်ငါးပါးသည်လည်းကောင်း အခြားလူမျိုးများအားလုံးထက်၊ အခြားနိုင်ငံများအားလုံးထက် အမြဲတစေ သာလွန်ကဲနေမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆရာကိုလေးစားသော နိုင်ငံတွင် လူဖြစ်လာရသည့် ကျွန်တော်တို့အနေဖြင့် "မြန်မာဖြစ်ရ ဂုဏ်ရှိစွ" ဟူ၍ ဂုဏ်ယူပီတိဖြစ်ရပါကြောင်း ရေးသားရင်ဖွင့်ရင်းဖြင့် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်းကို ဤစာစုဖြင့် ကန်တော့အပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
မြန်မာ့သွေးအဖွဲ့
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၅ ရက်၊ တနင်္လာနေ့။
ကိုဉာဏ် (ပန်းလောင်မြေ)
မြန်မာ့သွေးအဖွဲ့
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၅ ရက်၊ တနင်္လာနေ့။
No comments:
Post a Comment