Friday, October 02, 2009

လွမ်းဝါကျွတ်ဦး - မြင်းမူမောင်နိုင်မိုး


ပန်းကြာနွယ် နှင်း အဆွတ်မှာတဲ့
သီတင်းဖြင့် ကျွတ်လေပြီ…..။

ယခင်တုံးဆီက
ရွှင်ပြုံးစွာ သည်ရာသီ၌
အညာဆီ ပြန်လည်ရောက်နေကျ
ဝမ်းမြောက်စွာ ကြိုဆိုတဲ့
အဖေ့ကို ကန်တော့ရဦးမယ်လို့
အမေ့ကို ကန်တော့ရဦးမယ်လို့
စိတ်ကူးမှာ ပီတိဖူး
ကြည်နူးခဲ့သည်။

သည်ယနေ့မှာဖြင့်
ကြည်မွေ့စရာ သမီးသားရယ်နဲ့
ဇနီးမယား စုံလင်ပေမယ့်
ကန်တော့စရာ အဖေ မရှိတော့ပါကလား
ကန်တော့စရာ အမေ မရှိတော့ပါကလား
နေမထိ ထိုင်မသာနှင့်
ဟာတာတာ ရင်မှာလွမ်းပါဘိ
သာသာယာ  တမာတန်းတွေနဲ့
အညာလမ်းကိုဖြင့် မှန်းဆရည်
လွမ်းစရာ့ ပန်းချီ ရင်မှာဖူး။

အဖေ့ ဂုဏ်ရည်
အမေ့ ဂုဏ်ရည်
လက်အုပ်ချီကန်တော့ချင်စမ်းပေမယ့်
ကန်တော့ပန်း ဘယ်လိုပန်လို့
ဆုခြွေသံ ဘယ်လိုကြားတော့မှာလဲ့
ကြားခွင့်ရယ် ဘယ်မသာသမို့
ခွင့်သာသူ ဆုမလွဲကြစေနဲ့
ဘ၀မှာ အဖေအမေထက်
ဘယ်ဂုဏ်တွေ ဘယ်လိုမြင့်မှာလဲ
ရင်နင့်စရာ နှောင်း နောင် မတစေဖို့
မိဘတွေ ဘယ်မှာနေလို့
ဘယ်ရေမြေ ဘယ်လောက်ခြားပေမယ့်
အရောက်သွားကာ ကန်တော့ကြစမ်းပါကွယ့်
(သြော်…..)
လွမ်းဝါကျွတ်ဦး။

( ၂၀၀၈ ခုနှစ် အောက်တိုဘာလထုတ် နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း အမှတ်-၁၁၄ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics