"ခေတ်မီအောင် လုပ်ပါ"
ဒီစကားဟာ ယေဘုယျအားဖြင့် လူတိုင်းပြောလေ့ရှိတဲ့စကား ဖြစ်ပါတယ်။ တိုးတက်နေတဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ တိုးတက်နေတဲ့ နည်းပညာတွေ၊ တိုးတက်နေတဲ့ နေထိုင်မှုပုံစံတွေကို လေ့လာအတုယူဖို့ တိုက်တွန်းနှိုးဆော်တာဖြစ်တယ်။
သူများနောက်လိုက်ဖြစ်အောင်
တကယ်တော့ ဒီစကားကိုမကြိုက်ပါဘူး။ ဒီစကားရဲ့သဘောက လူငယ်တွေကို ထူးချွန်တိုးတက်လာအောင် နှိုးဆော်တိုက်တွန်းရာမကျဘဲ သူများနောက်လိုက်ဖြစ်အောင် တွန်းပို့တဲ့စကားလို ဖြစ်နေပါတယ်။ ဒီစကားအစား လူငယ်တွေကို "ခေတ်ရှေ့ကပြေးပါ"လို့သာ ပြောသင့်တယ်လို့ ယူဆပါတယ်။ ရှေ့ကသွားသူရဲ့နောက်က မီအောင်လိုက်တာဟာ နောက်လိုက်လုပ်တာပဲဖြစ်ပါတယ်။ ဒီစိတ်ဓာတ်ဟာ မကောင်းပါဘူး။ ရှေးက လူကြီးတွေ ပြောခဲ့ကြတဲ့ "ကျွန်စိတ်" ဆိုတာမျိုးဖြစ်တယ်။ ခေတ်မီအောင် လိုက်တာ။ နိုင်ငံတကာ အဆင့်မီအောင် လိုက်တာဆိုတာ တကယ်တမ်းပြောရရင် အဲဒီ "ကျွန်စိတ်" သာဖြစ်ပါတယ်။
ကျွန်စိတ်တွေဖျောက်
လူငယ်တွေကို နေရာတိုင်းမှာ ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်တဲ့သူတွေ ဖြစ်အောင် တပ်လှန့်နှိုးဆော်ပေးသင့်ပါတယ်။ သူများနောက်ကလိုက်ဖို့ မလှုံ့ဆော်သင့်ဘူး။ သူများနိုင်ငံက လူငယ်တွေလည်း လူငယ်ပဲ။ ဘာကွာခြားမှုရှိလို့လဲ။ ဘာကြောင့် သူတို့နောက်လိုက်လုပ်မှာလဲ။ သူတို့ထက်သာအောင် ဘာ့ကြောင့် မလုပ်နိုင်ရမှာလဲ။ အရေးကြီးတာက "ကျွန်စိတ်"တွေ ဖျောက်ပစ်ပြီး "သခင်စိတ်" မွေးဖို့သာဖြစ်တယ်။
လမ်းကြောင်းထွင်သူဖြစ်ပါစေ
လူငယ်ဆိုတာ လန်းဆန်းတယ်၊ တက်ကြွတယ်၊ အးမာန်ရှိတယ်၊ ဦးနှောက်ထဲမှာ မှတ်ထားတဲ့ပမာဏ သိပ်များလွန်းတာမဟုတ်လို့ အားကောင်းတဲ့ကာလဖြစ်တယ်။ ဒီတော့ အသစ်အသစ်တွေ တွေးခေါ်ကြံဆ တီထွင်နိုင်စွမ်းရှိတယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါစီးမျောမနေဘဲ ရှေ့ကဦးဆောင်ပြီး လမ်းကြောင်းထွင်သူ Trend Setter ဖြစ်အောင် လုပ်ချင်စိတ်သာရှိ၊ ဖြစ်အောင်လုပ်နိုင်တယ်။ လုပ်ချင်စိတ်ရှိအောင်၊ လုပ်ရဲအောင် နှိုးဆော်ပေးဖို့ပဲလိုပါတယ်။
လူကြီးတွေရဲ့တာဝန်
လူငယ်တွေကို နှိုးဆော်ပေးဖို့က လူကြီးများရဲ့ တာဝန်ဖြစ်တယ်။ လူကြီးတွေကိုယ်တိုင်က သူများနောက်ကလိုက်တဲ့ "ကျွန်စိတ်"တွေ ကြီးမားနေဆဲဆိုရင် လူငယ်တွေကို ဘယ်လိုလုပ်ပြီး လမ်းညွှန်နိုင်မှာလဲ။ ဒါကြောင့် ပထမဆုံး အရေးကြီးဆုံးလိုအပ်ချက်က ကျွန်တော်တို့ လူကြီးတွေရဲ့ ခေါင်းထဲက "ကျွန်စိတ်"တွေ ဖျောက်ပစ်ဖို့ ဖြစ်ပါတယ်။
ကော်ပီလုပ် ကျေနပ်နေကြ
"သခင်စိတ်"ရှိတဲ့ လူကြီးတွေကသာ လူငယ်တွေကို "သခင်စိတ်" အမွေပေးနိုင်မှာဖြစ်တယ်။ သခင်စိတ်ရှိတဲ့ လူငယ်တွေကသာ နိုင်ငံကို တိုးတက်ထွန်းကားအောင် ဆောင်ရွက်နိုင်ကြမှာဖြစ်တယ်။ ဒီနေ့ စာပေလောက၊ ဂီတအနုပညာလောက၊ ပန်းချီလောက၊ ရုပ်ရှင်လောက စတဲ့ ယဉ်ကျေးမှုမျက်နှာစာ ဘယ်လောကပဲ ကြည့်လိုက်ကြည့်လိုက် သူများဆီက "ကော်ပီလုပ်"ပြီး နောက်ကလိုက်နေကြတာပဲ တွေ့ရတယ်။ ဘာ့ကြောင့် ဦးဆောင်ဖို့ စိတ်ကူးမရှိကြတာလဲ။ စဉ်းစားလို့ကို မရဘူး။
ရှိတာတွေနဲ့ပဲ ရောင့်ရဲနေကြ
ဥပမာ-ပန်းချီဆွဲတာဆိုပါစို့။ ဆေး၊ စုတ်တံနဲ့၊ ကင်းဗတ်နဲ့ ဆွဲကြရတာချည်းပါပဲ။ ဒါပေမယ့်လို့ ဒါတွေက အဓိကမဟုတ်ဘူး။ အရေးကြီးဆုံးက "ခေါင်း"ပဲ။ စက်ပစ္စည်းကိရိယာတွေ သုံးတဲ့နေရာမှာဆို ထားပါတော့။ "ခေါင်း"တစ်ခုပဲသုံးရတဲ့ ပန်းချီဆွဲတဲ့ကိစ္စမျိုးမျာ ဘာ့ကြောင့် သူတို့ကို ပုံတူကူးချနေကြရတာလဲ။ ကိုယ့်ယဉ်ကျေးမှု အခြေခံ၊ ကိုယ့်အတွေးအခေါ် အခြေခံနဲ့ ကိုယ်က နည်းတစ်ခု၊ "အစ်ဇင်" တစ်ခု တီထွင်နိုင်အောင် ဘာ့ကြောင့် မကြိုးစားကြတာလဲ။ ဘာ့ကြောင့် ရှိပြီးသား "အစ်ဇင်"တွေနဲ့ ရောင့်ရဲနေကြတာလဲ။
ကျွန်စိတ်
မညှာမတာပြောရရင် ဒါ သူများနောက်က နောက်မြီးဆွဲပြီး လိုက်ချင်တဲ့ "ကျွန်စိတ်" မပျောက်တာပဲဖြစ်တယ်။ ဂီတ၊ ရုပ်ရှင်၊ စာပေတွေမှာလည်း အလားတူပါပဲ။ ကိုယ်က တီထွင်ဆန်းသစ်နိုင်ဖို့ ကြိုးစားအားထုတ်တာ မတွေ့ရပါဘူး။ သူများခင်းထားတဲ့လမ်းပေါ် လျှောက်နေကြတာပဲ တွေ့ရတယ်။ ဒီစိတ်မျိုးတွေနဲ့တော့ မဖြစ်သေးဘူးလို့ပဲ ပြောလိုက်ပါရစေတော့။
ဘေးဆိုး၊ ကပ်ဆိုး ကင်းဝေးတဲ့နိုင်ငံ
နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်စမ်းပါ။ မြန်မာပြည်လောက် သာယာလှပတဲ့နိုင်ငံ အတော်ရှားတယ်။ တချို့နိုင်ငံတွေလို အပူလွန်ကဲလို့ လူတွေထောင်ချီ သေဆုံးရတာမျိုး၊ တားမနိုင် ဆီးမရတဲ့ တောမီးကြီးတွေလောင်လို့ ကိုယ့်နိုင်ငံသာမက ဘေးပတ်ဝန်းကျင်က နိုင်ငံတွေပါ မီးခိုးမှိုင်းတွေ ဖုံးလွှမ်းသွားတာမျိုး ဘယ်ခေတ်ဘယ်အခါကမှ မကြားဖူးပါဘူး။ အေးလွန်းလို့ မနက်မိုးမလင်းခင်မှာ မြူနီစပယ်က ပလက်ဖောင်းပေါ် တောင့်တင်းသေဆုံးနေသူတွေ လိုက်ကောက်ရတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ မိုးကြီးမားလွန်းလို့ လူတွေထောင်သောင်းချီ သေကုန်ကြတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ မိုးခေါင်လွန်းလို့ သရောကြီးခိုင်းပြီး လူသူ၊ ကျွဲ၊ နွား တိရစ္ဆာန်တွေ သောင်းနဲ့ချီ သေကြရတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ ခြုံပြောရရင် ဘေးဆိုး၊ ကပ်ဆိုးကြီးတွေ ကင်းဝေးတဲ့နိုင်ငံလို့တောင် ဆိုနိုင်မယ်ထင်ပါရဲ့။
မရှိဘူး၊ ဒါပေမယ့် ရှိတယ်
အပူလွန်တာမရှိဘူး။ ဒါပေမယ့် သဲကန္တာရသဘာဝကို ခံစားကြည့်ရှုနိုင်တဲ့ သဲကန္တာရဆန်ဆန်ဒေသမျိုး ရှိတယ်။ အအေးလွန်တာမရှိဘူး။ ဒါပေမယ့် နှင်းတွေဖုံးတဲ့ အလှအပကို ခံစားကြည့်ရှုနိုင်တဲ့ တောင်တန်းမြင့်မြင့်ကြီးတွေ ရှိတယ်။ ထင်းရှူးပင်တွေနဲ့ ယူကလစ်ပင်တွေရှိတယ်။ အမေဇုန်လို မုတ်သုံသစ်တော စိမ်းစိမ်းညှို့ညှို့ကြီးတွေရှိတယ်။ လမုတောတွေနဲ့ လတာပြင်တွေရှိတယ်။ ပန်းစုံပွင့်တယ်။ ကျေးငှက်သာရကာမျိုးစုံ ပျော်မြူးကျက်စားတယ်။ ဘာလိုသေးလဲ။
သုံးပန်လှနိုင်ငံ
မြန်မာနိုင်ငံဟာ နွေ၊ မိုး၊ ဆောင်း သုံးမျိုးစလုံးလှတဲ့ "သုံးပန်လှ"နိုင်ငံဖြစ်တယ်။ ရာသီသုံးမျိုးစလုံးမှာ အရောင်တွေစုံလှတယ်။ ဒီလောက်လှတဲ့ အရောင်တွေ၊ ဒီလောက်လှတဲ့ ရေမြေတောတောင်တွေဟာ ပန်းချီဆွဲချင်စရာ၊ ကဗျာစပ်ချင်စရာတွေ မဟုတ်ဘူးလား။ ဒါတွေကို အခြေခံတဲ့ "အစ်ဇင်"တွေ ဘာ့ကြောင့် ပေါ်ထွက်မလာကြတာလဲ။ ကိုယ်မမြင်ဖူးတဲ့ "ဂူအာနီကာ" ပန်းချီကားကြီးအကြောင်း လူအထင်ကြီးအောင် လေလုံးထွားနေမယ့်အစား "ရွှေစက်တော်သွားတောလား" ထဲက ရှုခင်းသာတွေကို ပန်းချီကားကြီးတွေဖြစ်လာအောင် စိတ်ကူးကြသင့်တယ်ထင်တယ်။ ဒါမှမဟုတ်လည်း ကာဠုဒါယီထေရ်ရဲ့ တပေါင်းလဖွဲ့တွေကို ပန်းချီကားကြီးတွေဖြစ်အောင် ဖန်တီးသင့်ကြတယ် ထင်ပါတယ်။
ချွေးတပ်စခန်းနဲ့ သေမင်းတမန်ရထားလမ်း
အလှကိုမကြိုက်လို့ "အနိဋ္ဌာရုံ"တွေနဲ့ ဘာဝနာပွားစေချင်ရင်လည်း "သံဖြူဇရပ် ချွေးတပ်စခန်း"လို၊ "သေမင်းတမန် မီးရထားလမ်း"လို သမိုင်းဝင် ကမ္ဘာကျော်ဖြစ်ရပ်မှန် ကိစ္စကြီးတွေ မနည်းလှပါဘူး။ ဆရာကြီး ရွှေဥဒေါင်းရဲ့ "တစ်သက်တာမှတ်တမ်း" စာအုပ်ကြီးထဲမှာပါတဲ့ ရန်ကုန်မြို့ကြီးကို ဂျပန်တွေက ခရစ္စမတ်လက်ဆောင် ဗုံးကြဲခဲ့တဲ့ အဖြစ်အပျက်တွေဟာလည်း "ဂူအာနီကာ"လိုပဲ ပန်းချီဆွဲဖို့ အင်မတန်ကောင်းတဲ့ အဖြစ်အပျက်တွေပါပဲ။ သေမင်းတမန် မီးရထားလမ်းအကြောင်း၊ သံဖြူဇရပ်ချွေးတပ်စခန်းအကြောင်းတာ့ လျစ်လျူရှုပြီး ကိုယ်မမြင်ဖူးတဲ့ "ဂူအာနီကာ"အကြောင်း ဘာ့ကြောင့် စာဖွဲ့ပြီးပြောနေကြ၊ ရေးနေကြတာလဲ။ တော်တော်ရယ်စရာကောင်းတယ်။
တကယ်တော့ ဒါ "ကျွန်စိတ်"ပဲ။ သူများနောက်ကလိုက်တဲ့စိတ်ပဲ။ လူကြီးတွေမှာ ဒီစိတ်မျိုးတွေရှိနေသေးရင် လူငယ်တွေကို ဘယ်လိုလုပ်ပြီး မှန်မှန်ကန်ကန် လမ်းညွှန်နိုင်မှာလဲ။ အဲဒီစိတ်က "ခေတ်မီအောင်လုပ်ကြ" ဆိုတဲ့ ဆုံးမစကး ထွက်လာတာပဲဖြစ်တယ်။ "ခေတ်ရှေ့ကပြေးကြ"၊ "လမ်းဖောက်သူဖြစ်အောင်လုပ်ကြ"ဆိုတဲ့ လှုံ့ဆော်စကားတွေ များများကြားရဖို့ လိုနေပါပြီ။
Thursday, October 29, 2009
ခေတ်ရှေ့ကပြေးပါ - လူထုစိန်ဝင်း
Posted by Ko Nyan Posted Time 10:33 AM
Labels စာအုပ်မှတ်စုများ, ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment