Monday, November 02, 2009

သရေခေတ္တရာခေတ်


ထိုအချိန်၌ ပျူတို့နေရာ သကျအင်းအရပ်တွင် ဘုရင်မရှိဘဲ မိဖုရားသာလျှင် အုပ်ချုပ်လျက်ရှိရာ မဟာသမ္ဘ၀သည် ဗိဿနိုး ပျူမိဖုရားနှင့် လက်ထပ်ကာ ထိုအရပ်၌ပင် ဆက်လက်စိုးစံအုပ်ချုပ်လေသည်။ ဗေဒါရီတွင် သန္ဓေသုံးလ ရှိသောအခါ မဟာသမ္ဘ၀မင်း နတ်ရွာစံသဖြင့် ညီတော် စူဠာသမ္ဘ၀သည် ဗေဒါရီကိုပင် မိဖုရားမြောက်ကာ ဆက်လက်၍ ထီးနန်းစံလေသည်။ သားတော်ကို ဒွတ္တပေါင်ဟူ၍ အမည်မှည့်လေသည်။

သာသနာတော်နှစ် ၁၀၁ ခုနှစ်တွင် စူဠာသမ္ဘ၀မင်း နတ်ရွာစံလျှင် ဒွတ္တပေါင်မင်းသားသည် ထီးနန်းဆက်ခံ၍ သရေခေတ္တရာမြို့တော်ကို တည်ထောင်လေသည်။ ဘုရားစေတီအများလည်း တည်လေသည်။

ဤသို့လျှင် သရေခေတ္တရာပြည်၌ မဟာသမ္ဘ၀မှစ၍ သာသနာနှစ် ၆၁၂ ခုနှစ်အထိ မင်း ၂၇ ပါး အုပ်စိုးစံခဲ့ကြလေသည်။ ၁၁ ဆက်မြောက် သီရိရာဇ်မင်းလက်ထက်တွင် မင်းမျိုးမဟုတ်သော အရည်အချင်းရှိသူတစ်ဦးအား အိမ်ရှေ့အရာပေးသဖြင့် ထိုမင်းလွန်သော် မင်းမျိုးမဟုတ်သူ မင်းဆက်ထူလေရာ ငတပါးမင်းဟူ၍ ခေါ်တွင်လေသည်။ သရေခေတ္တရာမြို့တွင် စိုးစံသော မင်း ၂၇ ဆက်မှာ အောက်ပါအတိုင်း ဖြစ်လေသည်-
၁။ မဟာသမ္ဘ၀ (သာသနာနှစ် ၆၀-၆၆)
၂။ ညီစူဠာသမ္ဘ၀ (သာသနာနှစ် ၆၆-၁၀၁)
၃။ သား ဒွတ္တပေါင် (သာသနာနှစ် ၁၀၁-၁၇၁)
၎။ သား ဒွတ္တရန် (သာသနာနှစ် ၁၇၁-၂၁၆)
၅။ သား ရန်ပေါင် (သာသနာနှစ် ၂၁၆-၂၆၁)
၆။ သား ရန်မန် (သာသနာနှစ် ၂၆၁-၃၀၈)
၇။ သား ရက္ခန် (သာသနာနှစ် ၃၀၈-၃၃၆)
၈။ သား ခန်းလောင်း (သာသနာနှစ် ၃၃၆-၃၆၉)
၉။ သား လက်ခိုင် (သာသနာနှစ် ၃၆၉-၃၉၉)
၁၀။ သား သီရိစန် (သာသနာနှစ် ၃၉၉-၄၂၇)
၁၁။ သား သီရိရာဇ် (သာသနာနှစ် ၄၂၇-၄၄၆)
၁၂။ ငတပါး (သာသနာနှစ် ၄၄၆-၄၉၇)
၁၃။ သား ပါပိရန် (သာသနာနှစ် ၄၉၇-၅၁၇)
၁၄။ သား ရန်မုက္ခ (သာသနာနှစ် ၅၁၇-၅၃၂)
၁၅။ သား ရန်သိင်္ခ (သာသနာနှစ် ၅၃၂-၅၃၅)
၁၆။ သား ရန်မုဉ္ဇလိန္ဒ (သာသနာနှစ် ၅၃၅-၅၅၀)
၁၇။ ညီ ဘေရိန္ဒ (သာသနာနှစ် ၅၅၀-၅၆၃)
၁၈။ သား ပုဉ္ဇလ (သာသနာနှစ် ၅၆၃-၅၇၈)
၁၉။ သား ပုဏ္ဏ (သာသနာနှစ်၅၇၈-၅၈၁)
၂၀။ ညီ သာခ (သာသနာနှစ် ၅၈၁-၅၈၄)
၂၁။ သား သာသီ (သာသနာနှစ် ၅၈၄-၅၉၁)
၂၂။ ညီ ကန္န (သာသနာနှစ် ၅၉၁-၅၉၃)
၂၃။ နောင်တော် ကန်တက် (သာသနာနှစ် ၅၉၃-၅၉၅)
၂၄။ နောင်တော် ဘိဇ္ဇ (သာသနာနှစ် ၅၉၅-၆၀၄)
၂၅။ သား သုမုန္ဒရီ (သာသနာနှစ် ၆၀၄-၆၂၉)
၂၆။ သား အတိတျာ (သာသနာနှစ် ၆၂၉-၆၁၂)
၂၇။ ညီ သုပညာနဂရဆိန္ဒ (သာသနာနှစ် ၆၁၂-၆၂၄)

သရေခေတ္တရာတွင် စိုးစံသော မင်းများအနက် သုပညာနဂရဆိန္ဒမင်းလက်ထက် ၆၂၄ ခုနှစ်တွင် သက္ကရာဇာ် ၆၂၂ နှစ်ကိုဖြို၍ သက္ကရာဇ်သစ် ၂ ခုနှစ်က စတင်ရေတွက်လေသည်။ ထိုမင်းသည် သက္ကရာဇ်သစ် ၂ ခုနှစ်တွင်ပင် နတ်ရွာစံလေသည်။ ထိုမင်းလက်ထက်တွင် ရခိုင်သို့စစ်ချီရာမှ ရွှေဆင်းတုတော်ကို မင်းကြီး ကြည်ညိုလှသဖြင့် မပြန်လိုဘဲရှိနေရာ အမတ်တို့က ဆင်းတုတော်ကို မီးတိုက်ပြီးမှ ရုပ်ပွားငယ် သွန်းထုဆက်သလေသည်။ ကျန်သောရွှေများကို စားသုံးကြ၍ လူတို့လုံ့လ အားထုတ်ခြင်း နည်းပါးလေရာ စားသောက်သီးနှံများ ဆွံ့ရှားကာ နောက်ဆုံးသက္ကရာဇ် ၁၆ ခုနှစ်တွင် ကောလာဟလသတင်းကြောင့် ဖရိုဖရဲ ထိတ်လန့်ထွက်ပြေးရာမှ သရေခေတ္တရာမြို့လည်း ပျက်စီးရလေတော့သည်။

စာကြွင်း
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ယခင်ပို့စ်အဟောင်းများ
၁။ မြန်မာနိုင်ငံရာဇ၀င်အကျဉ်း
၂။ ပထမ တကောင်းခေတ်
၃။ ဒုတိယ တကောင်းခေတ်

No comments:

Post a Comment

 
Web Statistics