ငါးထောင်ကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ လက်ရှိ တရားဝင်သုံးစွဲလျက်ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။ ယခုကဲ့သို့ ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးအရှိန်အဟုန်နှင့် လည်ပတ်သုံးစွဲလျက်ရှိသော ငွေကြေးစီးဆင်းမှု အတိုင်းအတာလိုအပ်ချက်အရသာ အာမခံချက်ဖြင့် ထုတ်ဝေခြင်းဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ကြောင်း သိရှိနိုင်ရန် ဘဏ်လုပ်ငန်းကျွမ်းကျင်ပညာရှင် ဦးဝင့်ကျော်နှင့် တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
ငွေကြေးနှင့်ဘဏ်လုပ်ငန်းကျွမ်းကျင်ပညာရှင် ဦးဝင့်ကျော်နှင့် တွေ့ဆုံခြင်း
(မေး)
ငါးထောင်တန်ငွေစက္ကူကို ဘာကြောင့် ထုတ်ဝေတယ်လို့ ယူဆပါသလဲ။
(ဖြေ)
နိုင်ငံတွင်းမှာ လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးပမာဏများလာတယ်။ ငွေစက္ကူကိုသာ ငွေအဖြစ် အသုံးများတယ်။ ချက်လက်မှတ်သုံးတာ အကန့်အသတ်ရှိနေတယ်။ ပုဂ္ဂလိကဘဏ်တွေကလည်း အပ်ငွေ အကန့်အသတ်မရှိ လက်ခံလို့မရဘူး။ ကုန်သွယ်မှုပမာဏ များလာတဲ့အတွက် ငွေအလွှဲအပြောင်း များလာတယ်။ တစ်ထောင်တန်ပဲ ဆက်သုံးမယ်ဆိုရင် ငွေ ပေးချေရတာ ခက်ခဲမှုရှိလာနိုင်တယ်။ အခုလို ငါးထောင်တန် ထုတ်ဝေလိုက်တဲ့အတွက် ငွေကြေးစီးဆင်းမှု လွယ်ကူလာနိုင်တယ်။
(မေး)
အခုလို ငွေကြေးအမျိုးအစားသစ် ထုတ်ဝေမှုကနေ ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာနိုင်လဲ။
(ဖြေ)
ငွေကြေးသဘောတရားအရ ဘာမှ ရိုက်ခတ်မှုမဖြစ်နိုင်ဘူး။ တစ်ထောင်တန် ငါးရွက်ကို ငါးထောင်တန်ခေါ်သည်လို့ပဲ ဆိုရပါမယ်။ လူထုက သတ္တိရှိရှိနဲ့ ဒီငွေကို စိတ်ချလက်ချ သုံးသွားရင် ပြဿနာမရှိနိုင်ဘူး။ ခုလတ်တလောမှာ ဘဏ်လောကမှာ e-Banking စနစ်တွေ လုပ်မယ်လို့ အသံကြားနေရတယ်။ Digital Money ဖွံ့ဖြိုးလာရင် ငွေစက္ကူထုတ်ဝေတာ သက်သာသွားမယ့်အပြင် ငွေကြေးစီးဆင်းမှုလည်း လျင်မြန်ချောမွေ့စေမှာပါ။
(မေး)
ငွေကြေးစီမံခန့်ခွဲမှုနဲ့ ငွေကြေးစီးဆင်းမှုမှာ ဘဏ်တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုစွမ်းရည်က အရေးပါတယ်ဆရာ။ ဒါပေမယ့် အခုလက်ရှိ ဘဏ်အပ်ငွေကို လက်ခံရာမှာ စာရင်းရှင်အပ်ငွေနဲ့ ငွေစုအပ်ငွေနှစ်မျိုးပဲ ရှိနေတယ်။ နိုင်ငံတကာမှာရော ဘယ်လိုရှိပါသလဲ။
(ဖြေ)
နိုင်ငံတကာမှာတော့ စာရင်းရှင်အပ်ငွေရိုးရိုး၊ ငွေစုစာရင်းအပ်ငွေ၊ ခုနစ်ရက်အပ်ငွေ၊ NOW (Negotiable order of withdraw) account တို့လို အတိုးနည်းနည်းပေးပြီး အထုတ်အသွင်းကန့်သတ်ချက် မထားဘဲ ခွင့်ပြုတဲ့စာရင်း အမျိုးမျိုးရှိတယ်။ မြန်မာပြည်က ပုဂ္ဂလိကဘဏ်တွေမှာ အရင်တုန်းက ရှိခဲ့တဲ့ call deposit ပုံစံမျိုးပေါ့။ Call deposit က အပ်တဲ့ဖောက်သည်အတွက်လည်း အတိုးထိုက်သင့်သလောက် ရတယ်။ အအပ်ခံတဲ့ ဘဏ်တွေမှာလည်း အကျိုးအမြတ် ထိုက်သင့်သလောက်ရှိပြီး ငွေလည်ပတ်မှု မြန်ဆန်စေတယ်။ နိုင်ငံအတိုင်းအတာအနေနဲ့လည်း money and circulation ကို သွယ်ဝိုက်ပြီး လျှော့ချစေနိုင်တဲ့အတွက် ငွေကြေးဖောင်းပွမှုရောဂါကို အတန်အသင့် ကုစားပြီးဖြစ်စေတယ်။
(မေး)
ဆရာ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
(ဖြေ)
ဒီကျပ်ငါးထောင်တန် ငွေစက္ကူထုတ်ဝေရုံနဲ့ ပြည်သူလူထု အထိတ်တလန့်ဖြစ်ပြီး ဟိုဝယ်ဒီဝယ် ၀ယ်ကြရင်တော့ ကုန်ဈေးနှုန်း တက်တဲ့ဒဏ်ကို ခံကြရမှာဖြစ်ပါတယ်။
စည်သူအောင်
Profile
အမည် | - | ဦးဝင့်ကျော် |
ကလောင်အမည် | - | န၀င်းကျော်၊ ဦးဝင့်ကျော်၊ အမောင် |
ပညာအရည်အချင်း | - | ၀ါဏိဇ္ဇဘွဲ့ (ဘဏ်၊ ဘဏ္ဍာရေး၊ အာမခံ) |
လုပ်ငန်းအတွေ့အကြုံ | - | မြန်မာယူနီဗာဆယ်ဘဏ်တွင် ဥက္ကဋ္ဌအကြံပေး၊ အမှုဆောင်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့၊ KMD တွင် အချိန်ပိုင်း ကထိကအဖြစ် စာရင်းပညာ၊ စီမံခန့်ခွဲရေးပညာများ ပို့ချလျက်ရှိ၊ AFXB(မြန်မာ)တွင် Finance coordinator အဖြစ် ဆောင်ရွက်လျက်ရှိ။ |
စာကြွင်း
ဒီအပေါ်ကစာကို ဂျာနယ်မှာ ဖတ်ပြီးကတည်းက ပို့စ်အဖြစ် တင်ပေးဖို့ပါ။ ဒါပေမယ့် ၅၀၀၀ ကျပ်တန် ထုတ်တာနဲ့ပတ်သက်ပြီး အခြားသောသူတွေကလည်း ထင်မြင်ချက်အမျိုးမျိုးတွေ ပေးလာကြမယ်လို့ ယုံကြည်တဲ့အတွက် ခဏစောင့်နေလိုက်ပါတယ်။ အခုတော့ အခြားဂျာနယ်တွေမှာလည်း ၅၀၀၀ ကျပ်တန်နဲ့ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးကနေ ပြောဆိုရေးသားလာတာတွေ တွေ့ရတဲ့အတွက် ကျွန်တော်ဖတ်မိသမျှ ဂျာနယ်တွေထဲကနေ ထပ်မံထုတ်နုတ်တင်ပေးထားပါကြောင်း….။
No comments:
Post a Comment