မိတ်ဆွေတစ်ယောက်က ဂန္ဒီအထ္ထုပ္ပတ္တိ ရုပ်ရှင်ကားခွေကို ကျွန်တော့်ဆီလာငှားတယ်။ ကျွန်တော့်ဆီမှာ ဂန္ဒီခွေရှိတယ်ဆိုတာ ဘယ်လိုသိလဲလို့မေးတော့ "လွန်ခဲ့တဲ့ သုံးလေးနှစ်က ဗြူတီမဂ္ဂဇင်းမှာ ခင်ဗျားအကြိုက်ဆုံး ရုပ်ရှင်ကားဆိုပြီး ပြောခဲ့တဲ့ အင်တာဗျူးတစ်ခု ဖတ်ရတယ်လေ။ တစ်လောကမှ အဲဒီမဂ္ဂဇင်းအဟောင်း ပြန်ဖတ်မိလို့ သိတာ။ ဂန္ဒီဇာတ်ကားကို သေသေချာချာကြည့်မယ်ဆိုရင် နိုင်ငံရေးသင်တန်းတစ်ခု တက်ရသလို အကျိုးရှိနိုင်တယ်လို့ ခင်ဗျားပြောထားတာ သတိရတယ်။ အဲဒါကြောင့် ခင်ဗျား ဒီလောက်ညွှန်းထားတာ ဘယ်လောက်ကောင်းသလဲ သိချင်လို့ပါ။ လတ်တလောမှာ နိုင်ငံရေး စိတ်ဝင်စားဖို့ အနေအထားတွေလဲ ရှိနေတယ်မဟုတ်လား" လို့ သူက ပြောပါတယ်။
ကျွန်တော်က သူလိုချင်တဲ့ ဂန္ဒီခွေကို လက်တစ်ကမ်းမီနေရာက ချက်ချင်းပဲ ဆွဲယူထုတ်ပေးလိုက်ပါတယ်။ သူက မြန်လှချည်လားလို့ တအံ့တသြမေးတော့ ကျွန်တော်က "ခင်ဗျားလို လူတွေကိုငှားဖို့ ကျွန်တော်က စောင့်နေတာ။ ဂန္ဒီဇာတ်ကားကို အပျင်းပြေကြည့်ဖို့ဆိုတာ ဘယ်သူမှ စိတ်မကူးဘူး။ နိုင်ငံရေး စိတ်ထက်သန်သူမှ အစအဆုံး ကြည့်ဖြစ်မှာ။ ကျွန်တော်က နိုင်ငံရေးစိတ်ထက်သန်သူဆိုရင် လူကြီး၊ လူငယ်မရွေးကို ကြည်ညိုလေးစားတာပဲ။ ခုခေတ်မှာ လူတော်တော်များများဟာ ကိုယ့်အရေးကိုပဲ စိတ်ဝင်စားနေကြချိန်မှာ နိုင်ငံရေးလို့ခေါ်တဲ့ အများပြည်သူအရေး၊ တစ်နည်းအားဖြင့် တို့အရေးကို စိတ်ဝင်စားတယ်ဆိုတာနဲ့ပဲ ကျွန်တော်ကတော့ ကြည်ညိုနေပြီ။ ဒါကြောင့် ခင်ဗျားတို့လို လူတွေကို တတ်နိုင်သမျှ ဖြည်းဆည်းပေးဖို့ ကျွန်တော်ပြင်ဆင်ထားတာပါ" လို့ ပြောလိုက်ပါတယ်။
မြန်မာကားထဲမှာ တိုက်ပွဲခေါ်သံ
"ဒီလိုဆို လေးလေးစားစားကြည့်ပြီး လေ့လာပါ့မယ်ဗျာ။ ဒီလိုမျိုး မြန်မာရုပ်ရှင်ကားတွေထဲကကော ရှိဦးမလား။ ရှိရင် ကြည့်သင့်တာ ညွှန်းစမ်းပါဦး" လို့ မိတ်ဆွေက ပြောတယ်။
"ကျွန်တော့်ခေါင်းထဲကို ချက်ချင်းရောက်လောက်အောင် နီးစပ်တဲ့ နိုင်ငံရေးဇာတ်ကားကတော့ တိုက်ပွဲခေါ်သံပဲဗျ။ ဦးညွန့်ဝင်းတို့၊ သီဟတင်စိုးတို့၊ ကိုဇော်လင်းတို့ သိပ်ကောင်းတာပဲ။ အဲဒီတိုက်ပွဲခေါ်သံကိုလဲ ဂန္ဒီလို ဒီဗွီဒီရှိရင် ရှာကြည့်ဖို့ တိုက်တွန်းချင်တယ်ဗျာ။
ပြောလက်စနဲ့ မြန်မာ့နိုင်ငံရေးကို သီပေါမင်းပါတော်မူချိန်ကစပြီး လွတ်လပ်ရေးခေတ်အထိ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို မဏ္ဍိုင်ထားပြီး ဂန္ဒီပုံစံမျိုး ရိုက်စေချင်တယ်ဗျာ။ သခင်ကိုယ်တော်မှိုင်းဟာ မြန်မာပြည်ရဲ့ ဂန္ဒီပဲဗျ။ သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိကို ရုပ်ရှင်ရိုက်လိုက်ရင် မြန်မာ့နိုင်ငံရေးကို နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ဒီမိုကရေစီရေးဆိုတဲ့ ဒေါက်တိုင်ကြီးသုံးခုပေါ် တင်ကြည့်သလို မြင်ရနိုင်တယ်။ မြန်မာဒါရိုက်တာတွေထဲမှာ စွမ်းနိုင်သူတွေ ရှိပါတယ်ဗျာ။ လုပ်ကြစမ်းပါလို့ တိုက်တွန်းချင်တယ်" လို့ ပြောလိုက်ပါတယ်။
ကျွန်တော် အပိုပြောတာ မဟုတ်ပါဘူး။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ မြန်မာ့အမျိုးသားနိုင်ငံရေးရဲ့ သင်္ကေတကြီးလို့ ကျွန်တော်တို့က ယုံကြည်တယ်။ ကျွန်တော် လူငယ်ဘ၀က အဖြစ်အပျက်လေးတစ်ခု မှတ်မိသေးတယ်။
ရိုမန်းတစ်မဖြစ်ဘူးဆိုပဲ
သားသမီးတွေမမွေးခင်၊ အိမ်ထောင်မကျသေးခင် လွန်ခဲ့တဲ့နှစ် ၄၀ ကျော်က ကျွန်တော့်ဇနီးလောင်းကို ရန်ကုန်တက္ကသိုလ် သီရိဆောင်က သွားခေါ်ပြီး ရန်ကုန်မြို့ထဲ လျှောက်လည်၊ ဘုရားကျောင်းကန် သွားကြတဲ့အခါ ရွှေတိဂုံစေတီတော်ကို ဖူးမြော်တဲ့အခါတိုင်း တောင်ဘက်မုခ်နားက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကိုဝင်ပြီး ဂါရ၀ပြုလေ့ရှိပါတယ်။ ကျွန်တော့်ဇနီးလောင်းက ပဲခူး မင်းလမ်းမမှာ ကြီးပြင်းခဲ့သူပါ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း (၁၈၇၅-၁၉၆၄)ကို လူကိုယ်တိုင် တွေ့မြင်ဖူးပြီး ပဲခူးမှာ လာဟောတဲ့ ဆရာကြီးရဲ့ ငြိမ်းချမ်းရေးတရားတွေကို နာကြားဖူးပါတယ်။ ဒါကြောင့် ကောလိပ်ကျောင်းသူဘ၀မှာ ရွှေတိဂုံဘုရားဖူးရင်း ဆရာကြီးမှိုင်းဂူဗိမာန်ကို ၀င်ရောက်ဂါရ၀ပြုဖို့ ကျွန်တော်ခေါ်တာကို လိုလိုလားလား လိုက်ခဲ့တာပါ။ အဆောင်ပြန်ရောက်တော့ အဲဒီနေ့ သွားလာလည်ပတ်ခဲ့တဲ့ နေရာတွေအကြောင်း သူငယ်ချင်းတွေကို ပြန်ပြောတဲ့အခါ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကို သွားခဲ့တယ်ဆိုတာကို နားမလည်နိုင်အောင် အံ့သြနေကြသတဲ့။ "အဲဒီလို ဘာသွားလုပ်တာလဲ၊ ရိုမန်းတစ်မဖြစ်လိုက်တာကွာ"လို့ တစ်ယောက်က မှတ်ချက်ချတယ်လို့ ကျွန်တော့်အမျိုးသမီးက ပြန်ပြောဖူးတာ မှတ်မိသေးတယ်။
ဆရာကြီးကို တွဲခေါ်ခဲ့ဖူးတယ်
ကျွန်တော် ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀တုန်းက ဆရာကြီးနေထိုင်ရာ စမ်းချောင်း ချမ်းသာလမ်း အိမ်အမှတ်(၅)ကို ကျွန်တော်တို့ အုပ်စုလိုက်သွားပြီး ကန်တော့တတ်ကြတယ်။ ဆရာကြီးနားနေရာ ခေါင်းရင်းခန်းထဲကနေ ဧည့်ခန်းဆီကို ဆရာကြီးကို တွဲခေါ်ရတဲ့တာဝန်ကို ကျွန်တော်လုပ်ဆောင်ရဖူးတယ်။ တစ်ခါမှာ ကျွန်တော်နှင့်အတူ တစ်ဖက်တစ်ချက်က တွဲခေါ်သူက ကိုမိုးဟိန်း (သားဂျာနယ်ကျော်)ပါ။ ဆရာကြီးမှိုင်းကို ကိုမိုးဟိန်းနှင့်ကျွန်တော် တွဲလျက်ထွက်လာတဲ့ သတင်းဓာတ်ပုံကို ၁၉၆၃ ခုနှစ် အောက်တိုဘာလကတည်းက နေ့စဉ်ထုတ်သတင်းစာတွေမှာ အသားပေးဖော်ပြခဲ့ကြဖူးတယ်။ အဲဒီသတင်းစာဖြတ်ပိုင်းလေးတွေကို နောက် နှစ် ၂၀၊ ၂၅ နှစ်ကြာအောင် ကျွန်တော်သိမ်းထားခဲ့သေးတယ်။ သားသမီးတွေကို အဲဒီသတင်းဓာတ်ပုံပြပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ကြည်ညိုလေးစားတတ်အောင် သွန်သင်ခဲ့ရတယ်။ ကျွန်တော့် သားသမီးတွေကိုလဲ ဆရာကြီးမှိုင်းဂူဗိမာန်ကို ပို့တယ်။ ဗိသုကာဦးကျော်မင်း ပုံစံထုတ်ထားတဲ့ ကျောက်သားဖြူဖြူဂူကြီးနှင့် လေးထောင့်တိုင်ကြီးများ၊ ပြီးတော့ မျက်နှာစာမှာ ရုပ်လုံးဖော်ထားတဲ့ စာအုပ်၊ ဒေါင်းရုပ်၊ ချိုးဖြူ၊ တူတံစဉ် သင်္ကေတတွေကို ရှင်းပြရပါတယ်။
ယဉ်ကျေးမှုအစဉ်အလာကြီးခြင်းဆိုတဲ့ ဂုဏ်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ မြန်မာ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးဆိုတာကို နှောင်းလူတွေထဲက သိသူအတော်နည်းလာပြီ။ မဟတ္တမဂန္ဒီကြီးလို ရာဘင်ဒြာနတ်တဂိုးလို မိခင်တိုင်းပြည်က ဂုဏ်ယူအပ်တဲ့ပုဂ္ဂိုလ်မျိုး၊ နိုင်ငံတချို့မှာဆိုရင် ဒီလိုပုဂ္ဂိုလ်မျိုး မပေါ်ထွန်းခဲ့ဖူးလို့ ခေတ်ဟောင်း၊ ခေတ်သစ် သမိုင်းများထဲက လူမျိုးဂုဏ်ဆောင် ပုဂ္ဂိုလ်တစ်ယောက်တစ်လေကို မရအရ ရှာကြံဖော်ထုတ်ပြီးတော့တောင် ဂုဏ်တင်နေကြရတယ်။ စီးပွားရေးမြင့်မားတဲ့ နိုင်ငံဖြစ်လို့ ဂုဏ်ရှိတာက တစ်ပိုင်း၊ ယဉ်ကျေးမှုအစဉ်အလာကြီးလို့ ဂုဏ်ရှိတာကတစ်ပိုင်းပါ။ ဆရာကြီးမှိုင်းလို၊ ဗိုလ်ချုပ်အောင်ဆန်းလို၊ ဦးသန့်လို လူမျိုးတွေကို တိုင်းပြည်ဂုဏ်ဆောင်သူများလို့ ဆိုနိုင်ပါတယ်။
သူတို့လိုပုဂ္ဂိုလ်များကို အားကျတတ်မှ၊ တန်ဖိုးထားတတ်မှ သူတို့လိုလူတွေ မျိုးဆက်သစ်ထဲက ပေါ်ထွက်လာမှာပေါ့။
Friday, October 09, 2009
ဂန္ဒီနှင့်မှိုင်း - မောင်ဝံသ
( ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၃၉ အထူးအချပ်ပိုဖြစ်သည့် Political Times မှ ပြန်လည်ကူးယူဖော်ပြပါသည် )
Posted by Ko Nyan Posted Time 10:24 AM
Labels ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment