Friday, October 09, 2009

မြန်မာနေရှင်နယ်လိဂ်အကြောင်း ရောက်တတ်ရာရာ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ကျွန်တော်ပြောခဲ့သလိုပဲ မြန်မာနေရှင်နယ်လိဂ်ဟာ အင်္ဂလန်ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီစီးရီးအေတို့ရဲ့ ပြန်လည်နိုးထသက်ဝင်လာမှုနဲ့အတူ ပထမအကြိမ်ထက်စာရင် ပရိသတ်စိတ်ဝင်စားမှု လျော့သွားခဲ့တာ အမှန်ပါပဲ။ အရင်တုန်းက အမြဲတမ်းပြည့်လုနီးပါး အားပေးခဲ့တဲ့ သုဝဏ္ဏအားကစားကွင်းမှာ အထူးတန်းလောက်ပဲ လူပြည့်သလောက်နီးပါး တွေ့ရတော့တယ်။ အဲဒီလိုပြည့်နေတာတွေကလည်း အသင်းတွေက မိမိအစီအစဉ်နဲ့မိမိ စီစဉ်ထားကြတာတွေလို့ ကျွန်တော်ယူဆတယ်။ အသင်းပိုင်ရှင်ရဲ့ ကုမ္ပဏီက ၀န်ထမ်းတွေ၊ နီးစပ်ရာဆွေမျိုးတွေ၊ လက်မှတ်နဲ့ ရှပ်အင်္ကျီအခမဲ့ပေးဝေထားလို့ လာကြည့်ကြတဲ့ ပရိသတ်တွေ ဘယ်လောက်ပါမယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ။ အဲဒီလိုဆိုတဲ့အတွက် မြန်မာနေရှင်နယ်လိဂ်ဟာ မအောင်မြင်ဘူးလို့ ကျွန်တော်ကဆိုလိုတယ်လို့ မယူဆစေချင်ဘူး။ ကျွန်တော်ပြောချင်တာက အခုမှစလုပ်တဲ့ စနစ်သစ်တစ်ခုအနေနဲ့ မြန်မာနေရှင်နယ်လိဂ်ဟာ အရမ်းကိုအောင်မြင်ပါတယ်။ အချိန်တိုအတွင်းမှာ လုပ်ကိုင်ဆောင်ရွက်နေကြတာတွေဟာ အားရစရာပါ။ ပိုပြီးတိုးတက်လာမယ့် အနေအထားတွေ အများကြီး မြင်နေရပါတယ်။ ဒါပေမယ့် ပထမအကြိမ်တုန်းက အောင်မြင်မှုကိုကြည့်ပြီး သုံးသပ်ခဲ့ကြတဲ့ ပညာရှင်အချို့ရဲ့ မစားရ၀ခမန်းသုံးသပ်ချက်တွေကို နည်းနည်းလေး အစာမကြေတာပါ။ အခုမှစလုပ်တဲ့ ပြိုင်ပွဲတစ်ခုကို ပရီးမီးယားလိဂ်ပုံစံမျိုး ဇွတ်အတင်းသွတ်သွင်းဖို့ ဆော်သြခဲ့ကြတဲ့ ကလောင်ရှင်တွေ အခုကျမှ ဘာမှမပြောဘဲ နှုတ်ဆိတ်နေတာကို ထူးဆန်းနေသလားလို့ပါ။ ဖြည်းဖြည်းမှန်မှန်နဲ့ ဆက်သွားပါလို့ပဲ ဆိုချင်ပါတယ်။

(၂)
မြန်မာနေရှင်နယ်လိဂ်လို့ ဆိုလိုက်တာနဲ့ အားလုံးပြေးမြင်ကြတာက ပွဲစဉ်တွေမှာ အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့တာတွေ၊ ဒိုင်လူကြီးတွေရဲ့ မမျှမတဆုံးဖြတ်ခဲ့မှုတွေ၊ အားပေးတဲ့ပရိသတ်အချင်းချင်း ဖြစ်ကြတဲ့ ပြဿနာတွေ ဒါတွေကိုပဲ ဖြစ်ပါတယ်။ လတ်တလော အဆိုးဆုံးအနေနဲ့ ဟိုးလေးတကျော်ကျော် ဖြစ်နေတာက ပရိသတ်တွေကြောင့် ဖြစ်ခဲ့ရတဲ့ ပြဿနာတွေပါ။ လက်ဖ၀ါးဖက်ကလူကလည်း လက်ဖ၀ါးဖြစ်ကြောင်း အခိုင်အမာဆိုနေသလို လက်ဖမိုးဖက်ကလည်း အလျှော့မပေးပါဘူး။ လက်ဖမိုးသာအမှန်ဖြစ်ကြောင်း ငြင်းဆန်လို့ ကောင်းနေကြတုန်းပါ။ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ပထမအကြိမ်ပြိုင်ပွဲမှာတုန်းက ရန်ကုန်ပရိသတ်တွေရဲ့ အားပေးမှုဟာ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာစေနိုင်ကြောင်း၊ အထူးသဖြင့် နောင်တစ်ချိန် သူ့ကွင်း၊ ကိုယ့်ကွင်း ကျင်းပတဲ့အချိန်ကျရင် အဲဒီဆိုးကျိုးတွေကို ခံစားကြရလိမ့်မယ်လို့ ပြောခဲ့တာပါ။ အခုအချိန်ကျမှ ရန်ကုန်ပရိသတ်တွေအားပေးမှုဟာ ပထမအကြိမ်ကထက် အများကြီး တိုးတက်လာတဲ့အကြောင်း၊ မန္တလေးပရိသတ်တွေဟာ ဒေသစွဲကြီးမားစွာနဲ့ အလွန်အကျူး အားပေးကြတာ၊ စည်းကမ်းမဲ့ပြုမူကြတာတွေဟာ မကောင်းကြောင်း ရေးနေတဲ့လူတွေကို ဘယ်လိုမှကို နားမလည်နိုင်တော့ပါဘူး။ မန္တလေးပရိသတ်အတွက် အခုပြိုင်ပွဲဟာ ပထမဆုံးအကြိမ် ကြုံရတာမဟုတ်ဘူးလား။ ပထမအကြိမ်တုန်းက ရန်ကုန်ပရိသတ်တွေကို နားလည်ပေးခဲ့သလို ဘာဖြစ်လို့ အခုမှ မန်းပရိသတ်တွေကို နားလည်မပေးနိုင်ရတာလဲ။ ပထမအကြိမ်ပြိုင်ပွဲတုန်းက တီဗီကြည့်တဲ့ပရိသတ်မှန်သမျှ ရန်ကုန်ပရိသတ်တွေ ပြစ်ပြစ်နှစ်နှစ်ဆဲတာကို မဆီမဆိုင် တီဗီကြည့်နေရင်း ခံနေခဲ့ရတုန်းက ဘာသံမှမကြားရဘဲ တိုက်ရိုက်ထုတ်လွှင့်မှုမရှိတဲ့ မန္တလေးပွဲစဉ်တွေကျမှ ဟိုဟာဖြစ်ပါတယ်၊ ဒီဟာဖြစ်ပါတယ်ဆိုပြီး ထောက်ပြနေတာဟာ နည်းနည်းများ တစ်ဖက်စွန်းရောက်နေသလားလို့ပါ။

(၃)
အခုယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲဟာ တိုင်းနဲ့ပြည်နယ် ဘောလုံးပြိုင်ပွဲမဟုတ်ဘူးဆိုတာကို ပရိသတ်တွေ နားလည်စေချင်ပါတယ်။ မန္တလေးကလူတွေက ရတနာပုံကိုပဲ အားပေးရမယ်၊ ရန်ကုန်သားမှန်ရင် ရန်ကုန်ယူနိုက်တက်ကိုပဲ အားပေးရမယ်လို့ ဘယ်သူကများ သတ်မှတ်ထားလို့လဲဗျာ။ အရင်တုန်းက ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲတွေတုန်းကတော့ မှန်တာပေါ့ဗျာ။ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းအသင်းကို အားပေးကြရမှာပေါ့။ ဒေသဆိုင်ရာတွေကို ကိုယ်စားပြုပြီးယှဉ်ပြိုင်ရတဲ့ အမြင့်ဆုံးပြိုင်ပွဲတွေကိုး။ အခုဟာက အဲဒီလိုမဟုတ်ဘူးဗျ။ ပရော်ဖက်ရှင်နယ်အသင်းတွေ။ နောင်တစ်ချိန်မှာ တစ်မြို့တည်းကနေ  နှစ်သင်း၊ သုံးသင်း ထွက်လာရင်၊ ဒေသတစ်ခုတည်းကနေ အသင်းတွေအများကြီးဖြစ်လာရင် ဘယ်နှယ့်လုပ်ကြမလဲ။ ဒီလိုတွေ ဖြစ်သွားရတာကလည်း ပထမအကြိမ်ပြိုင်ပွဲစတင်တော့ ကလပ်အသင်းတွေကို သုံးနှုန်းခေါ်ဝေါ်တာတွေအပေါ်မှာ အများကြီးမူတည်တယ်လို့ ကျွန်တော်ကမြင်တယ်။ မန္တလေးတိုင်းကိုယ်စားပြု ရတနာပုံအသင်းတို့၊ ရန်ကုန်တိုင်း ကိုယ်စားပြု ရန်ကုန်ယူနိုက်တက်အသင်းတို့၊ ရှမ်းပြည်နယ်ကိုယ်စားပြု ကမ္ဘောဇအသင်းတို့၊ ပဲခူးတိုင်းကိုယ်စားပြု ဥဿာယူနိုက်တက်အသင်းတို့ စတဲ့ အသုံးအနှုန်းတွေဟာ အများကြီးတာသွားပါတယ်။ အစကတော့ အားပေးတဲ့ ပရိသတ်တွေကို ပါလာအောင် စည်းရုံးချင်တဲ့အတွက် အဲဒီလိုသုံးနှုန်းခဲ့ကြတာ ဖြစ်ချင်ဖြစ်နိုင်ပေမယ့် အခုအချိန်မှာကျတော့ ဒေသစွဲတွေအလွန်အကျူးတွေ ဖြစ်ကုန်ကျတော့မှ ဘာလုပ်ရမှန်းမသိတော့တာ အတော်ကိုဆိုးဝါးပါတယ်။

(၄)
ရန်ကုန်ကလူက ရတနာပုံငါ့ရန်သူ၊ ကမ္ဘောဇက ငါ့ပြိုင်ဘက်၊ ဥဿာက ငါနဲ့ ဆန့်ကျင်ဘက် စသည်ဖြင့် ကိုယ့်ဒေသကအသင်းမဟုတ်ရင် အားမပေးဘဲ ရှုံ့ချမယ်ဆိုတဲ့စိတ်တွေပဲ ၀င်နေတော့တာဟာ တကယ့်ကို ဆိုးဝါးလှပါတယ်။ အမှန်ကတော့ ပရော်ဖက်ရှင်နယ်အသင်းတွေ ဖြစ်တဲ့အတွက် ပရိသတ်ဆိုတာ ကိုယ်ကြိုက်တဲ့အသင်းကို ကိုယ်အားပေးခွင့်ရှိပါတယ်။ ရန်ကုန်သားကလည်း ရတနာပုံအသင်းကို အားပေးနိုင်တာပဲ၊ မန်းသားတွေကလည်း မကွေးအသင်းကိုသော်လည်းကောင်း၊ ကမ္ဘောဇအသင်းကိုသော်လည်းကောင်း ကြိုက်ခွင့်ရှိ၊ အားပေးခွင့်ရှိပါတယ်။ ဘာဖြစ်လို့ ဒေသစွဲကြီးတွေနဲ့ အားပေးနေကြမှာလဲ။ ကိုယ့်ဒေသခံအသင်းကို အားမပေးရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ကြိုက်ရင် ကိုယ်အားပေးခွင့်ရှိပါတယ်။ အခုဟာက ကိုယ့်အသင်းကစားတာကို ကြိုက်နှစ်သက်လို့၊ ကိုယ့်အသင်းက ကစားသမားတွေကို ကြိုက်နှစ်သက်လို့ အားပေးကြတယ်ဆိုတာထက် ကိုယ့်ဒေသကိုကိုယ်စားပြုတဲ့ အသင်းပဲဆိုပြီး ပြည်နယ်နှင့်တိုင်း ဘောလုံးအသင်းတွေကို အားပေးတဲ့စိတ်ဓာတ်နဲ့ အားပေးနေကြတာကြောင့် အခုလို ပြဿနာတွေ ဖြစ်နေတာပါ။ အခုကိုယ့်အသင်းမှာ ကစားနေတဲ့ ဘောလုံးသမားတွေဟာ ကိုယ့်ဒေသက သီးသန့်နယ်ခံကစားသမားတွေ မဟုတ်ဘူးဆိုတာကို ပရိသတ်တွေ နားလည်စေချင်တယ်။ အရင်တုန်းက မန္တလေးအသင်းကို အားပေးတယ်ဆိုတာက အဲဒီအသင်းမှာ ကန်နေတဲ့ကစားသမားအားလုံးက မန္တလေးတိုင်းထဲမှာ နေထိုင်တဲ့ လူတွေလေ။ အခုဟာက နယ်စုံ၊ ဒေသစုံက ကစားသမားတွေကို ခေါ်ပြီးကန်နေတာ။ ရန်ကုန်အသင်းမှာ ဧရာဝတီသားလည်းပါမယ်၊ ပဲခူးသားလည်းပါမယ်၊ စစ်ကိုင်းသားလည်း ပါမယ်၊ အဲဒီလိုပဲ ကမ္ဘောဇအသင်းမှာ မန္တလေးသားလည်းပါမယ်၊ ရန်ကုန်သားလည်းပါမယ်၊ အခြားနယ်တွေကလည်း ပါမယ်လေ။

(၅)
အခုနောက်ဆုံး အားပေးမှုတွေမှာ တရားဥပဒေအရ အရေးယူရတဲ့ဖြစ်ရပ်တွေပါ ရှိလာပြီဆိုတာဟာ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။ အဖွင့်မှာကတည်းက နှောင်ဂျိန်ချနေရင် ဘယ်လိုလုပ်ပြီး ဇာတ်ကကောင်းပါ့မလဲ။ အားပေးတဲ့သူတွေအချင်းချင်း မတည့်တာ၊ ကြုံရင်ကြုံသလို ထေ့တာငေါ့တာ၊ တစ်ဖက်အသင်း မကောင်းကြောင်းပြောတာ၊ ဝေဖန်တာဟာ ဘောလုံးယဉ်ကျေးမှုဖြစ်ပါတယ်။ ဒါပေမယ့် အားပေးတဲ့လူအချင်းချင်း လက်ပါတဲ့အထိ ခိုက်ရန်ဖြစ်တယ်၊ နာကျင်အောင်လုပ်တယ်ဆိုတာတော့ ဘောလုံးနဲ့ပတ်သက်ပြီး ဖြစ်တာမဟုတ်တော့ပါဘူး။ အဲဒီလိုလုပ်တဲ့လူတွေမှာကိုက အကြမ်းဖက်ရန်လိုတဲ့စိတ်၊ တစ်နည်းပြောရရင် ပြဿာနာကို မီးမွှေးချင်တဲ့စိတ် ရှိနေလို့ပါ။ အဲဒီလိုလူတွေကိုလည်း ထိထိရောက်ရောက် အရေးယူပေးရပါမယ်။ သူတို့တွေကြောင့် အခြားသော အားပေးတဲ့ပရိသတ်တွေကိုပါ အရိပ်လွှမ်းမယ်ဆိုရင် မဖြစ်သင့်တဲ့ကိစ္စပါ။

(၆)
အသင်းကိုအားပေးတဲ့ ပရိသတ်က သိန်းနဲ့ချီ ရှိနိုင်ပါတယ်။ အဲဒီအထဲကမှ လက်ဆယ်ချောင်းမပြည့်တဲ့ လူအနည်းငယ်ကြောင့် ပရိသတ်တစ်ခုလုံးကို ခေါင်းစဉ်တပ်ပြီး ပြောလာကြမှာ၊ ကန့်ကွက်လာကြမှာ၊ ရှုံ့ချလာကြမှာကိုတော့ ပရိသတ်တွေကိုယ်တိုင်က ၀ိုင်းဝန်းထိန်းသိမ်းကြဖို့လိုနေပါပြီ။ အခြားလူလုပ်ချင်ရာလုပ် ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့စိတ် မထားကြဘဲ ကိုယ့်ဘေးမှာ အမြင်မတော်တာလုပ်နေတဲ့ လူတွေကိုတွေ့ရင် ဒီအတိုင်း ကြည့်မနေကြပါနဲ့။ ပထမ၀ိုင်းဝန်းတားမြစ်လိုက်ပါ၊ အဲဒါမှမရဘဲ ဆက်လုပ်နေမယ်ဆိုရင် သက်ဆိုင်ရာကိုအကြောင်းကြားပြီး အဆင့်ဆင့် ဆောင်ရွက်သွားကြမယ်ဆိုရင် စုန်းပြူးဆိုတဲ့လူတွေ ခေါင်းထောင်ရဲမှာ မဟုတ်တော့ပါဘူး။ သောင်းကျန်းတဲ့ပရိသတ်တွေကို ပြုပြင်ဖို့၊ ထိန်းသိမ်းဖို့ဆိုတာဟာ ကွင်းအတွင်းက အရေအတွက်အနည်းငယ်သော လုံခြုံရေးဝန်ထမ်းတွေ၊ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ ဘောလုံးအသင်းပိုင်ရှင်တွေ လုပ်နိုင်တာမဟုတ်ဘဲ ပရိသတ်ကိုယ်တိုင်ကပဲ လုပ်နိုင်တယ်ဆိုတာကို ပရိသတ်တွေ နားလည်အောင် ၀ိုင်းဝန်းကြိုးပမ်းသင့်ကြပါတယ်။ ဆင်ဖြူတွေကြားထဲမှာလာပြီး ဆင်မည်းတွေ ခေါင်းထောင်နေတယ်ဆိုတာဟာ ဆင်ဖြူတွေအသုံးမကျလို့ပါ။ အမှန်ဆိုရင် ဆင်မည်းဆိုတဲ့အမျိုးဟာ ဆင်ဖြူနားကို လာရဲစရာကို အကြောင်းမရှိပါဘူး။ ဆင်ဖြူတွေညီညွတ်ကြဖို့လိုပြီလို့ ဆိုချင်ပါတယ်။ "ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့" ဆိုတဲ့ စကားပုံစကားကို ရှက်ဖို့ကောင်းလှပါတယ်။

(၇)
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေအားလုံးကို တိုက်ရိုက်ထုတ်လွှင့်နိုင်ဖို့ စီစဉ်ပေးစေလိုပါတယ်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကိုပဲ အားကိုးမနေဘဲ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်သွားသင့်ပါတယ်။
ကန်ပြီးသားပွဲတွေကို ပြန်ပြတဲ့ ဘောလုံးပွဲတွေကိုကြည့်ရတာ ဘာအရသာမှကို မရှိဘူး။ နိုင်ငံခြားကလွှင့်တဲ့ highlight တွေလိုလည်း မဟုတ်ဘဲ ဘယ်လိုကြီးမှန်းကို မသိပါဘူး။
ဒိုင်လူကြီးတွေကလည်း အမှားတွေများလိုက်တာမှ လွန်ပါရော။ မမှားတဲ့လူ မရှိပေမယ့် သူတို့ဟာက မိနစ် ၉၀ လေး အတွင်းမှာ အဆုံးအဖြတ်ပေးတဲ့ပြိုင်ပွဲတစ်ခုကို အမှားပေါင်းသောင်းခြောက်ထောင် လုပ်နေကြတာဟာ ခံရတဲ့ အသင်းတွေအတွက် ဘယ်လောက်နစ်နာသလဲဆိုတာ တွေးကြစေချင်ပါတယ်။ ရလဒ်ဆိုတာထက် ပိုအရေးကြီးတဲ့ ငါတို့အသင်းကို ဒိုင်တွေက နှိပ်ကွပ်တယ် ဆိုတဲ့ စိတ်ဝင်သွားရင် အဲဒီအသင်းတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ မကောင်းပါဘူး။

(၈)
မြန်မာနေရှင်နယ်လိဂ်ကို အားပေးနေပါသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြုလေးစားပါသည်။
ကလပ်အသင်းများကို ဖွဲ့စည်းတည်ထောင်ထားကြသည့် လုပ်ငန်းရှင်ကြီးများကို အသိအမှတ်ပြုပါသည်။
ပရော်ဖက်ရှင်နယ်စနစ်တွင် မိမိကိုယ်မိမိ ပရော်ဖက်ရှင်နယ်ပီသအောင် ကြိုးစားရင်း ပရိသတ်အတွက် အစွမ်းကုန် ဖျော်ဖြေကစားနေကြသည့် ဘောလုံးသမားအားလုံးကိုလည်း အသိအမှတ်ပြု လေးစားဂုဏ်ယူပါသည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို အသည်းအသန် ရူးသွပ်အားပေးကြသည့် ပရိသတ်များကိုလည်း အသိအမှတ်ပြုပါသည်။ ထို့ထက်ပို၍ စည်းကမ်းရှိသော၊ သန့်ရှင်းစွာအားပေးတတ်သော၊ ဖေးမကူညီတတ်သော၊ ဘောလုံးကိုခုံမင်စွဲလမ်းသော၊ ယဉ်ကျေးသော ပရိသတ်များအဖြစ် ဂုဏ်ယူလေးစားချင်ပါကြောင်း ရေးသားအပ်ပါသည်။

မြန်မာ့ဘောလုံးရွှေခေတ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ပါစေဟု....။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၈ ရက်၊ ကြာသပတေးနေ့။
ညနေ ၅ နာရီ ၁၃ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics